လောင်းလုံးတွင် ကြည်းတပ် ရေတပ်ပူးပေါင်းတိုက်
သတင်းနှင့်မီဒီယာကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇန္နဝါရီလ ၃၁ ရက်။
လောင်းလုံးမြို့ပေါ်ရှိ စစ်ကောင်စီက တပ်စွဲထားသည့် ရဲစခန်း၊ စရဖရုံးနှင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး မှူးရုံးတို့ကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ၏ ကြည်းတပ်၊ ရေတပ် တို့က ပူးပေါင်း၍ ပြန်လည်တိုက်ခိုက်နေသည်ဟု မြို့ခံများက ပြောသည်။
ဇန္နဝါရီလ ၃၀ ရက်နေ့၊ နံနက် ၆ နာရီခွဲမှ စတင်တိုက်ခိုက်နေခြင်း ဖြစ်ပြီး တိုက်ပွဲများ ပြင်းထန်နေချိန် မြို့ အနောက်ဘက်ခြမ်း ပင်လယ်ထဲတွင်ရှိနေသည့် စစ်သင်္ဘောပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့သည်။
လောင်းလုံးမြို့နှင့် စမ်းလှမ်းကျေးရွာကြားကို နေ့လည် ၁၂ နာရီခန့်က စတင်ပြီး စစ်ကောင်စီ သင်္ဘောပေါ်မှ လက် နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟု ရွာသားများက ပြောသည်။
ရွာသားတစ်ဦးက “တဂျိမ်းဂျိမ်းနဲ့ ပစ်နေတာ။ ရွာကိုကျော်ပြီး စမ်းလှမ်း တောင်ပေါ်ဘက်ကို အဓိကကျနေ တယ်၊ အချက်ရေတော့ လေးငါးဆယ်တောင်မကဘူး” ဟု ပြောသည်။
လက်ရှိ ညနေပိုင်းအချိန်ထိ လက်နက်ကြီး လက်နက်ငယ်များဖြင့် နှစ်ဘက် အပြန်အလှန် ပစ်ခတ်နေခြင်းကြောင့် လောင်းလုံးမြို့ပေါ်နှင့် စမ်းလှမ်းရွာသားများမှာ နီးစပ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
စမ်းလှမ်းကျေးရွာဘက်သို့ ရေလမ်းမှ ဝင်လာနေသည့် စစ်သင်္ဘောမှာ ကျောက်ချရပ်နားပြီး ကုန်းကြောင်း လမ်း အတိုင်း စစ်ကြောင်းထိုးလာနိုင်သည်ဟု ရွာသား တစ်ဦးက ဆိုသည်။
တိုက်ပွဲဖြစ်ပွားနေတဲ့ လောင်းလုံးမြို့ တဝိုက်ကို ထားဝယ်မြို့ဘက်မှလည်း လက်နက်ကြီးများနှင့် ပစ်ခတ်နေ သည့်အပြင် လေကြောင်းပစ်ကူပေးဖို့ကိုလည်း စစ်ကောင်စီကို ထောက်ခံအားပေးနေသူများမှ လှုံ့ဆော် နေကြ သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လူနေအိမ်များကိုပါ လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ပစ်ခတ်နေခြင်း ကြောင့် ပြည်သူ့အချို့ ထိခိုက်ဒဏ်ရာရသူများ ရှိနေပြီး အရေးပေါ် ဆေးကုသမှုခံယူရန် အခက်အခဲ ရှိနေသည်ဟု ထားဝယ်ခရိုင် သပိတ်ကော်မတီမှ ဆိုသည်။
လောင်းလုံးမြို့ပေါ်နှင့် အနီးအနားကျေးရွာများမှ ပြည်သူများ အနေဖြင့် လက်နက်ကြီးအန္တရာယ် အချိန်မရွေး ကျရောက်လာနိုင်ခြင်းကြောင့် ခိုင်ခံ့သည့် အဆောက်အအုံများကို အကာအကွယ်ယူပြီး နေထိုင်ကြရန်လည်း သပိတ်ကော်မတီမှ အရေးပေါ် သတိပေးချက်ထုတ်ပြန်ထားသည်။