ပအိုဝ်းပြည်သူ့စစ်က တော်လှန်ရေးအဖွဲ့အစည်းများ၏ အမည် အလွှဲသုံးစားလုပ်ကာ လူသစ်စုဆောင်းနေ

သတင်းနှင့်မီဒီယာကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇန္နဝါရီလ ၃၁ ရက်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ကျောက်တစ်လုံးကြီး မြို့နယ်ခွဲတွင် ပအိုဝ်းပြည်သူ့စစ် (PNA) က ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA)၏ အမည်အလွဲသုံးစား လုပ်ပြီး လူသစ်စုဆောင်းနေ သည်ဟု ဒေသခံများက ပြောသည်။

ကျောက်တစ်လုံးကြီးမြို့ပေါ်တွင် ဇန္နဝါရီလ ၂၆ ရက်နေ့မှစ၍ ယနေ့အချိန်ထိ PNA တပ်များ လူသစ်စုဆောင်းနေ ပြီး အသက် ၁၈ မှ ၄၀ နှစ် အတွင်း အမျိုးသားများအနေဖြင့် အိမ်ထောင်စု တစ်စုလျှင် တစ်ဦး ပါဝင်ရသည်ဟု ဆိုသည်။

ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) ၏ စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက “ကျနော်တို့ မဟုတ်ပါဘူးခင်ဗျာ။ ကျနော်တို့ PNLA က အဲဒီ ကျောက်တစ်လုံးဘက်မှာ တပ်သားသစ် စုဆောင်း တာကို မရှိပါဘူး။ ပြည်သူ့စစ်တွေက စစ်ကောင်စီဘက်ကို ကူညီဖို့ လုပ်တာပဲ ရှိပါတယ်။ ကျနော်တို့မှာ တပ် သား အလုံအလောက် တပ်ရင်း အင်အား ရာနဲ့ချီပြီး ရှိပါတယ်။ တပ်သားသစ် စုဆောင်းဖို့ မလိုပါဘူး ခင်ဗျာ” ဟု ပြောသည်။

တပ်သားသစ် စုဆောင်းရာတွင် အမျိုးသားတစ်ဦးနှင့်အတူ စစ်အသုံးစရိတ် ကျပ် ၁၀၀,၀၀၀ လည်း ထည့်ဝင်ရ မည်ဖြစ်ပြီး လူမလိုက်နိုင်သည့် အိမ်များနှင့် အမျိုးသား မရှိသည့် အိမ်များက ကျပ်သိန်း ၂၀ ပေးဆောင်ရသည်ဟု ဆိုသည်။

ထို့အပြင် ကျောက်တစ်လုံးကြီးမြို့နယ်ခွဲရှိ ဖက်ကွန်ကျေးရွာတွင်လည်း PNA တပ်များက PNLA အဖွဲ့၏ ဗိုလ်မှူး ကြီး ခွန်သူရိန် စေခိုင်းသည်ဟု ဆိုကာ စစ်အသုံးစရိတ်အဖြစ် တစ်အိမ်လျှင် ကျပ် ၂၀၀,၀၀၀ ကောက်ခံနေသည် ဟု ဆိုသည်။

PNA အနေဖြင့် ၎င်းတို့အမည် အလွဲသုံးစားလုပ်၍ လူသစ်စုဆောင်းနေသည်မှာ ယခင်ကတည်းက ဖြစ်သည်ဟု PNLA စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဆက်ပြောသည်။

“ပြည်သူ့စစ်တွေ အဲ့လိုမျိုး ပုံဖော်တာ၊ ပုံဖျက်တာ ကျနော်တို့ ဒီတစ်ခေါက်ပဲ ကြားရတာ မဟုတ်ပါဘူး။ ဟိုပုံး မြို့ နယ် မဲနယ်တောင်၊ စငေါကျေးရွာ အုပ်စုဘက်မှာလည်း ကျနော်တို့အဖွဲ့ကပါ ဆိုပြီးတော့ လူသစ်စုဆောင်း နေတာ ကြားရတယ်ပေါ့နော်။ အဲ့ဒါက PNA ပြည်သူ့စစ်က လုပ်တာပါ။ ကျနော်တို့ ကြားရတာတော့ ပြည်သူ့ စစ်က လူစုဆောင်းတဲ့အခါမှာ လူထုတွေက မပါဘူးပေါ့နော်။ အဲတာနဲ့ သူတို့က PNLA ခွန်သူရိန်တို့အဖွဲ့က စုတာပါ ဆိုပြီး တော့ ပုံမှားရိုက်သွားတယ်ပေါ့။ အဲဒါနဲ့ဆို ကြားရတာ ၂ ခေါက် ရှိပါပြီ။ ကိုယ့်လုပ်ရပ်က မှန်ကန် တယ် လိပ်ပြာလုံ တယ်ဆိုရင် ကိုယ့်အဖွဲ့နာမည်နဲ့ပဲ ကိုယ်လုပ်ပါလို့ စစ်ကောင်စီဘက် ရပ်တည်သူတွေကို ပြော ချင်ပါတယ်။”

လတ်တလောတွင် ကျေးရွာနေ အမျိုးသားများမှာ ထွက်ပြေးရန်ပင် အချိန်မမီသည့်အတွက် ပါဝင်နေကြရပြီး ဒေသခံများမှာလည်း ငွေတိုးယူ၍ ဆက်ကြေးပေးနေရသည်ဟု ဆိုကြသည်။

PNA တပ်များမှာ လူသစ်စုဆောင်းပြီးနောက် ယမန်နေ့ (ဇန္နဝါရီ ၃၀)မှ စတင်၍ စစ်ရေး လေ့ကျင့်နေပြီး ပင်လောင်းမြို့နယ်ရှိ ပြည်သူ့စစ်များကဲသို့ လက်နက်တပ်ဆင် ပေးသွားမည်ဟု ဒေသခံများက ပြောသည်။