တနင်္သာရီနှင့် ကျွန်းစုတို့ကို စစ်ကောင်စီလေတပ်မှ ရဟတ်ယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်။

သတင်းနှင့်မီဒီယာကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်။

စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားနေသည့် တနင်္သာရီမြို့နယ် ဘန် လောကျေးရွာကို စစ်ကောင်စီ ကြည်းတပ်အပြင် လေတပ်ကနေပါ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု ရွာသားများက ပြောသည်။

ဖေဖေါ်ဝါရီလ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က မြိတ်မြို့ဘက်မှလာသည့် Mi – 2 အမျိုးအစား ရဟတ်ယာဉ်ဖြင့် ဘန်လောအရှေ့ကျေးရွာတွင် ဗုံးကြဲချ တိုက်ခိုက်ခဲ့ပြီး အပြန်လမ်းတွင် ကျွန်းစုမြို့နယ် မင်းဂုတ်ကျေးရွာကိုလည်း ဗုံးကြဲတိုက်ခိုက်သွားကြောင်း မြိတ်ခရိုင် တပ်ရင်း (၂) ပြန်ကြားရေး တာဝန်ရှိသူက ဆိုသည်။

တိုက်ပွဲများ စတင် ဖြစ်ပွားချိန်ကတည်းက ရွာသားများ နီးစပ်ရာဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသ
ဖြင့် ဗုံးလာကြဲချိန်တွင် ထိခိုက်မှုမရှိခြင်းဖြစ်ကြောင်း သိရသည်။

တောင်ပိုင်း ညီနောင်များ တပ်ပေါင်းစု – SBA စစ်ကြောင်း ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက “ဘန်လောရွာမှာ ၉ လုံး၊ မင်းဂုတ်မှာက ၆ လုံး ကြဲချသွားတယ်၊ ဥယျာဥ်တွေ ထဲကျတယ်။ လူတွေထိခိုက်တာတော့ မကြားရဘူး” ဟု ပြောသည်။

ဇန္နဝါရီလ ၃၁ ရက်နေ့မှ စတင်ကာ ဘန်လောကျေးရွာနှင့် ခမရ – ၅၆၁ အကြားတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၁) တို့ ၃ ရက်ဆက်တိုက် တိုက်ပွဲများ ပြင်းထန်လျက် ရှိနေသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ၁၀ ဦးခန့် သေဆုံးပြီး ပူးပေါင်းတပ်ဖွဲ့များဘက်က ထိခိုက်ဒဏ်ရာ (မစိုး
ရိမ်ရ) ရရှိထားသူများရှိနေသည်ဟု ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၁)တွင် မြိတ်ခရိုင်တပ်ရင်း (၂) တပ်ခွဲ (၁)၊ ဘက်မလိုက်ပြောက်ကျား
အဖွဲ့၊ တောင်ပိုင်းသူရဲကောင်းအဖွဲ့ – SWDF နှင့် မြိတ်မြို့နယ် (ပကဖ) တို့ပါဝင်သည်။

ဘန်လောကျေးရွာနှင့် အချိန်မကွာဘဲ ဗုံးကြဲခံခဲ့ရသည့် မင်းဂုတ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိခဲ့ပေ။

တနင်္သာရီတိုင်းတွင် ယခုရက်ပိုင်းများအတွင်း စစ်ကောင်စီ၏ ကြည်းတပ်မှ ရေတပ်၊ လေတပ်များနှင့် ပူးတွဲ တိုက်ခိုက်မူများ ပြုလုပ်လျက် ရှိလာနေသည်။

ပြီးခဲ့သည့် ဇန္နဝါရီလ ၃၀ ရက်နေ့ကလည်း ပုလောမြို့နယ်၊ မီးလောင်ချောင်း တိုက်ပွဲတွင် စစ်ကောင်စီမှ လေ ကြောင်းသုံး တိုက်ခိုက်ခဲ့သေးသည်။