မြို့ထဲ ရိက္ခာပြန်ယူသူများကို စစ်ကောင်စီတပ်က ပစ်ခတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်? ဖေဖော်ဝါရီလ ၄ ရက်။

ရှမ်းမြောက်၊ မိုးမိတ်မြို့နယ်ထဲ စားနပ်ရိက္ခာပြန်ယူသည့် မြို့ခံစစ်‌ဘေးရှောင်များကို စစ်တပ်က သေနတ်နှင့် ပစ်ခတ်ခြင်း၊ ဖမ်းဆီးစစ်ဆေးခြင်းများ လုပ်နေသည်။

စစ်ကောင်စီတပ်က မိုးမိတ်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီဟု ဇန္နဝါရီလ ၂၇ ရက်နေ့မှာ စစ်ကောင်စီ လက် အောက်ခံ မီဒီယာများမှ ဖော်ပြပြီးနောက်ပိုင်း မြို့ထဲ စားနပ်ရိက္ခာပြန်ယူသော စစ်ဘေးရှောင်များကို ဖမ်းဆီး စစ် ဆေးခြင်း၊ ပစ်ခတ်ခြင်းများ လုပ်ခဲ့သည်ဟု မိုးမိတ်မြို့ခံတစ်ဦးက ပြောသည်။

“၂၇ ရက်နောက်ပိုင်းဗျ ပြန်သွားတဲ့သူတွေကို ဖမ်းတာပစ်တာက ပြီးခဲ့တဲ့ရက်ကပဲ ရွှေခေတ်ရေခဲမုန့်ဆိုင်က သား အမိနှစ်ယောက် အသတ်ခံရတယ်ပြောတယ်။ အဲ့ဒါလည်း စုံစမ်းနေတုန်းပဲ သေချာတော့ မသိရသေးဘူးဗျ။ ဒီကြားထဲနှစ်ရက်မှာလည်း ရွာတော်လေးထဲက တစ်ယောက်ပြန်သွားတာ သူတောင်းပန်တာလည်း မရဘူး။ ပေါင်ကနေ ပစ်လိုက်တာ အဲ့ဒါလည်း ၁၀ သိန်းလား မသိဘူး ပြန်ရွေးရတယ် ကြားတယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်ကနေ မြို့တွင်းရှိ အရပ်သားပြည်သူများ၏ နေအိမ်များအတွင်းရှိသည့် ပစ္စည်းများကို ဖောက် ယူခြင်းတို့ကိုလည်း လုပ်နေကြသည်ဟု မြို့ခံပြည်သူအချို့က ပြောသည်။

မိုးမိတ်မြို့ရှိ ဆိုင်ကယ်အရောင်းဆိုင်များ၊ ကုန်ဆိုင်များ၊ စျေးဆိုင်ခန်းများမှ ပစ္စည်းများအား စစ်ကောင်စီ တပ် သားများအပြင် သူခိုးများက ခိုးယူနေကြခြင်း ဖြစ်သည်။

မြို့ခံတစ်ဦးက “၂၇ရက်နေ့တုန်းက သူတို့ (စစ်ကောင်စီ) ပြန်ထိမ်းချုပ်နိုင်ပြီဆိုပြီး တပ်ကလည်း အကုန်မတာ ရှိတဲ့ဟာတွေ အောင်ဇော်နိုင် ဆိုင်ကယ်ဆိုင်ကဆို ဆိုင်ကယ်အစီး ၈၀ လောက်ရှိတယ်။ သူတို့မသွားတာ အဲ့ဒါ ပြန်သွား တောင်းတာ မပေးဘူးတဲ့။ သူခိုးတွေကလည်း အိမ်တွေထဲဝင်ခိုးပြီး အိမ်တွေ မီးရှို့တာတွေလည်း လုပ်တယ်။ ကျနော်တို့ မြို့ကတော့ ကုန်ပါပြီဗျာ” ဟု ပြောသည်။

မိုးမိတ်မြို့အား စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်၍ မြို့တွင်း ပြန်လာကြရန် ပြည်သူများအနေဖြင့် ဇန္နဝါရီလ ၂ ရက်နေ့တွင် မြို့ထဲသို့ ပြန်လာကြရန် ပြောဆိုသည့်သတင်းများ ထွက်လာခဲ့သည်။

သို့သော်လည်း ပြည်သူများက ပြန်မဝင်ရဲကြသေးဘဲ အခြေအနေအား စောင့်ကြည့်နေကြသည်ဟု မိုးမိတ်မြို့ခံ များက ပြောသည်။

မိုးမိတ်မြို့ကို ဇန်နဝါရီ ၂၄ ရက်နေ့တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ပူးပေါင်းတပ်အဖွဲ့တို့က ထိန်း ချုပ်ထားနိုင်ခဲ့သော်လည်း ဇန္နဝါရီလ ၂၇ ရက်နေ့တွင် မြို့မှ ပြန်ဆုတ်သွားခဲ့ကြသည်။

ထို့နောက် စစ်တပ်က မြို့အား ပြန်လည် ထိန်းချုပ်ထားလိုက်ပြီးနောက် မြို့တွင်း ဝင်ထွက်သွားလာခွင့်အား ပိတ် ပင်တားစစ်ဆေးမှုများ လုပ်နေသည်ဟု ဆိုကြသည်။