အမျိုးသား တစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်။

တနင်္သာရီတိုင်း ရေဖြူမြို့နယ်အတွင်း အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားသည်ဟု ရွာသားများက ပြောသည်။

ဇာဒီကျေးရွာတံတားအနီးတွင် ‌ပစ်သတ်ခံရသူသည် ဇာဒီရွာဇာတိ မဟုတ်ဘဲ နဘုလယ်ကျေးရွာမှ အမျိုးသမီးတစ်ဦးနှင့် အိမ်ထောင်ကျပြီး နောက် ဇာဒီကျေးရွာတွင် လာရောက်နေထိုင်သည့် အသက် ၄၀ နှစ်အရွယ် ကိုဂန် ဆိုသူဖြစ်ကြောင်း ရွာသားများ က ပြောသည်။

အသက် ၃၅ ခန့်အရွယ်အမျိုးသမီးတစ်ဦးက “သူ့မိန်းမက ခရီးလွန်နေလို့ ခရီးက ပြန်ရောက်တဲ့အချိန် ညနေ ၅ နာရီလောက်မှာ အလောင်းကောက်ပြီး လူနာတင်ကားနဲ့ ရေတပ်ဆေးရုံကို သယ်သွားတယ်” ဟု ပြောသည်။

ဦးခေါင်းတွင် ကျည်ထိမှန်ဒဏ်ရာဖြင့် လမ်းမအလယ်၌ သေဆုံးနေသည့် ရုပ်အလောင်းကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မွန်းတည့်ပိုင်းက မြင်တွေ့ခဲ့ရသည်ဟု ရွာသားတစ်ဦးက ဆိုသည်။

ပစ်ခတ်မှု မဖြစ်မီ ဇာဒီကျေးရွာအတွင်း ပြောက်ကျားဝတ်စုံ ဝတ်ဆင်ထားသည့် လူ ၆ ဦးက ဆိုင်ကယ် ၃ စီးဖြင့် ရွာထဲဝင်လာသည်ကို တွေ့ရကြောင်း ရွာသားများက ဆိုသည်။

သို့သော် ယခု ကိုဂန်း ပစ်ခတ်ခံရမှုနှင့် ပတ်သက်၍ မည်သူမည်ဝါ မည်သည့်အဖွဲ့အစည်းက မည်သို့သော အကြောင်းအရင်းကြောင့် လုပ်ခဲ့ကြသည်ကိုမူ ယနေ့အချိန်ထိ မသိရသေးပေ။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ ရက်နေ့ကလည်း ဇာဒီကျေးရွာမှ ပျူစောထီးခေါင်းဆောင် ဦးလားလားကို ထားဝယ် ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၁) မှ ပစ်သတ်ခဲ့ပြီး သေနတ်တစ်လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။