တောင်ကြီးရောက် ကရင်နီ စစ်ရှောင်များ စစ်မှု ထမ်းရမည်ကို စိုးရိမ်နေကြ
သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်။
စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ အမိန့်စာကြောင့် တောင်ကြီးရောက် ကရင်နီစစ်ဘေးရှောင် အချို့ စိုးရိမ်နေကြ သည်။
တောင်ကြီးမြို့ပေါ်သို့ ပြောင်းရွှေ့ စစ်ရှောင်နေကြသော ကရင်နီပြည်သူအချို့သည် ယခုနောက်ပိုင်း စစ်ကောင်စီ ၏ အမျိုးမျိုးသော ထုတ်ပြန်ချက်ကြောင့် စိုးရိမ်ပူပန်နေကြသည်။
စစ်မှုမထမ်းမနေရဆိုသည့် ကိစ္စနှင့်ပတ်သက်၍ ယခု နောက်ပိုင်း သတင်းအမျိုးစုံ ထွက်ပေါ်နေသည့်အတွက် မိခင်၏ကျန်းမာရေးကြောင့် တောင်ကြီး၌ တစ်နှစ်နီးပါး စစ်ရှောင်နေသော ကရင်နီ လူငယ်တစ်ဦးက မည်သို့ ရှေ့ဆက် လုပ်ဆောင်ရမည်ကိုမသိဘဲ စိုးရိမ်ပူပန်သည်။
“သတင်းတွေအစုံ ကြားရတော့ လူလည်း စိုးရိမ်စိတ် ဖြစ်လာတယ်။ စစ်ရှောင်တာကြာပြီ ဆိုပေမယ့် ကိုယ့်က ဒီဖက်ဒေသခံ မဟုတ်တော့ စိတ်မလုံခြုံမှုတွေ ခံစားရတယ်။ တစ်နေနေရာရာကို ထပ်ရှောင်ဖို့ဆိုလည်း ကျန်းမာ ရေး မကောင်းတဲ့အမေက တစ်ဖက်နဲ့မို့ အခက်ခဲတွေရှိတယ်” ဟု ကရင်နီစစ်ရှောင်လူငယ်က ပြောသည်။
ယခု ဖေဖော်ဝါရီလ ပထမပတ်အတွင်း၌လည်း တောင်ကြီမြို့ပေါ် လာရောက်တိမ်းရှောင်ကြသော စစ်ရှောင်များ အား ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ယာယီနေထိုင်ခွင့်ကို ထုတ်ပေးခဲ့ကြောင့် ထိုလူငယ်က ဆက်ပြောသည်။
“ဒီလထဲလည်း ယာယီ နေထိုင်ခွင့်ကတ် ဆိုပြီး ထုတ်ပေးသေးတယ်။ အစတော့ ထုတ်ပေးတော့လည်း ယူထား လိုက်တာပေါ့။ အခုတော့ စစ်မှု မထမ်းမနေရ ဥပဒေတွေကော ဧည့်စာရင်း စစ်မယ်ဆိုတဲ့ သတင်းတွေကော ကြားရတော့ စစ်ရလွယ်အောင် ယာယီနေထိုင်ခွင့်ကတ် ထုတ်ပေးတာလားလို့ တွေးမိတယ်” ဟု ပြောသည်။
တောင်ကြီးမြို့တွင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ စစ်မှုမထမ်းမနေရ ဥပဒေ ထုတ်ပြန်ပြီးနောက်ပိုင်းမှစ၍ ဧည့် စာရင်းတိုင်ရာတွင်လည်း သန်းခေါင်စာရင်း၊ မှတ်ပုံတင် မိတ္တူများ သာမက တစ်ကိုယ်လုံး အလှဓါတ်ပုံလည်း ပူးတွဲ တင်ပြရန် အသိပေးထားသည်ဟု မြို့ခံများက ပြောသည်။
အခြေအနေများ ပိုမိုတင်းကြပ်လာသောကြောင့် “ကိုယ်က ယောက်ကျားလေးဆိုတော့ ဒီနောက်ပိုင်း သွားရ လာ ရတာ ပိုပြီးသတိထားရတယ်။ နေ့ခင်းဆို နည်းနည်း သက်သာပေမယ့် ညဆို စိတ်ချလက်ချ မအိပ်ရဘူး။ ဧည့် စာ ရင်းများ လာစစ်မလား တစ်ခုများ ဖြစ်မလားဆိုပြီး စိုးရိမ်နေရတယ်” ဟု ကရင်နီစစ်ရှောင်တစ်ဦးက ပြောသည်။
နယ်မြေ အနည်းငယ် အေးချမ်းမှုရှိသည့် နေရပ်သို့ပြန်လည် နေထိုင်ရန် စဉ်းစားသော်လည်း လမ်းခရီး၌
အစစ်အဆေး အလွန်းများပြားကြောင့် နေရပ်ပြန်ရေးကိစ္စကလည်း မဖြစ်နိုင်သေးဘူးဟု တောင်ကြီးနှင့် ရှမ်း-ကရင်နီအစပ် ဒေသများတွင် စစ်ရှောင်နေကြရသည့် ကရင်နီစစ်ရှောင်များက ပြောသည်။
စစ်ရှောင်တစ်ဦးက “တောင်ကြီးကနေ နေရပ်ကို ပြန်မယ်ဆိုရင်လည်း လမ်းမှာရှိတဲ့ စစ်ကောင်စီဂိတ်ကို ကိုယ် က ကရင်နီပြည်နယ်ရဲ့ ဘယ်နေရာ ဘယ်ဒေသမှာ အမှန်တစ်ကယ် နေထိုင်ပါတယ် ဆိုတဲ့ ကျေးရွာ ရပ်ကွက် အုပ်ချုပ်ရေးမှူး လက်မှတ်ပါတဲ့ ထောက်ခံစာကိုပြဖို့ လိုတယ်။ ဒီအခြေနေမျိုးမှာ ထောက်ခံစာ ဘယ်လိုယူရ မလဲ မလွယ်ဘူးလေ။ ဘဝကပြန်ရလဲ ခက် နေရလဲ ခက် ဖြစ်နေတယ်” ဟု ပြောသည်။
သို့သော် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး၊ စစ်ရေးအခြေအနေများအပြင် စစ်မှုမထမ်းမနေရ ဥပဒေတို့ကြောင့် အရဲစွန့်ပြီး တောင်ကြီးမှ ကရင်နီဘက်သို့ ရရာလမ်းကြောင်း ပြန်လာသည့် စစ်ရှောင်များလည်း ရှိနေသည်။
ကရင်နီသို့ ပြန်ရောက်လာသည့် စစ်ရှောင်တစ်ဦးက “လမ်းမှာ ရှိတဲ့ စစ်ဆေးရေးဂိတ်က တအား စစ်တယ်။ ကရင်နီက ဆိုပြီးတော့ ပိုဆဲ ပိုစစ်တယ်။ သေနတ်နဲ့ ရွယ်ပြီး မရိုက်စစ်ရုံ တမယ် စစ်တာ” ဟု ပြောသည်။
ယခုလက်ရှိ တောင်ကြီးသို့ စစ်ရှောင်နေကြသော ကရင်နီစစ်ရှောင် အများစုသည် နေရပ်သို့ ပြန်ရန် လည် မလွယ် ကူသေးသလို တောင်ကြီး၌ ဆက်လက်နေထိုင်ရန်အတွက်လည်း စိုးရိမ်းပူပန်နေကြသည်။
ကရင်နီပြည်နယ်ထဲက စစ်ရှောင်ပြည်သူများသည် ရှမ်း-ကရင်နီအစပ်ဒေသများ၊ ဆီဆိုင်၊ ညောင်ရွှေ၊ ပင်လောင်း၊ တောင်ကြီး စသည့်မြို့များထိ စစ်ရှောင်နေကြရသည်။
ဓါတ်ပုံ – ရှမ်းတောင်ရောက် ကရင်နီစစ်ရှောင်များအား ထုတ်ပေးသည့် ယာယီနေထိုင်ခွင့်ကတ်