တောင်ကြီးတွင် ဧည့်စာရင်း စစ်ဆေးမှု တင်းကြပ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်။

ရှမ်းပြည်နယ်၏ မြို့တော်၊ တောင်ကြီးမြို့တွင် စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူးများမှ ရပ်ကွက် အသီးသီးတွင် ဧည့်စာရင်းများ တင်းကြပ်စစ်ဆေးနေသည်ဟု မြို့နေပြည်သူများက ပြောသည်။

စစ်ကောင်စီ မှ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စစ်မှုမထမ်းမနေရ ဥပဒေ ထုတ်ပြန်ပြီးနောက်ပိုင်းမှစ၍ ဧည့် စာရင်းတိုင်ရာတွင် သန်းခေါင်စာရင်း၊ မှတ်ပုံတင် မိတ္တူများ သာမက တစ်ကိုယ်လုံး အလှဓါတ်ပုံလည်း ပူးတွဲ တင်ပြရသည်ဟု ဆိုသည်။

ကျောင်းကြီးစုရပ်ကွက်နေ ဘော်ဒါဆောင် ပိုင်ရှင်တစ်ဦးက “အရင်ကဆို စစ်ရှောင်တွေ၊ အပြင်လာအိပ်တဲ့ သူ တွေပဲ တိုင်ရတယ်လေ။ အခုက ကျောင်းသားပါ ပါလာပြီဆိုတော့ သဘာဝမကျတော့ဘူး။ ကျောင်းသားတွေထဲ ကောင်စီ) အရင်ကြောက်ပြနေတာ” ဟု ပြောသည်။

လတ်တလောတွင် ဖုန်းဖြင့် ရိုက်ကူးထားသည့် အလှဓါတ်ပုံများအား မိတ္တူဆိုင်များတွင် ဓါတ်ပုံပြန်ထုတ်နေရ ခြင်းကြောင့် များစွာ အချိန်နှောင့်နှေး ကြန့်ကြာနေသည့်အပြင် ရာအိမ်မှူးထံမှ တစ်ဆင့်လည်း ဧည့်စာရင်း တိုင်ခွင့် မပြုသောကြောင့် ရပ်ကွက်ရုံးတွင် တန်းစီစောင့်ဆိုင်းရသည့် ဒုက္ခများ ကြုံနေရသည်ဟု မြို့ခံအချို့က ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ် နှင့် ၎င်းတို့ လက်အောက်ခံ ရဲတပ်ဖွဲ့က ကြိုတင် အကြောင်းကြားခြင်း မရှိဘဲ ရှောင် တခင် ဧည့်စာရင်း စစ်ဆေး၍ ငွေညှစ်ခဲ့သည့် ဖြစ်စဉ်များလည်း ရှိနေသည်ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် လွိုင် ကော်မှ စစ်ဘေးရှောင် အမျိုးသမီး တစ်ဦးက ပြောသည်။

“သူတို့ လာချင်တဲ့အချိန် လာတယ်။ ဘယ်ရက်လာမလဲ မသိတော့ မပြင်ထားရဘူး။ ကိုယ်ကလည်း ဆိုင်ကယ် မစီးတတ်၊ သားသမီးတွေကလည်း အလုပ်သွားကြတော့ ရပ်ကွက်ရုံး မသွားနိုင်ဘူးလေ။ သားသမီးတွေနဲ့ လူကြုံ ထည့်ဖို့ကလည်း သူတို့သွားတဲ့ အချိန်က ရုံးမဖွင့်သေးဘူး။ ခြင်ထောင်တွေ လှန်စစ်၊ ကုတင်အောက်တွေပါ ဝင်ရှာတာ။ ၃ သောင်း ပေးလိုက်ရတယ်။”

စစ်မှုမထမ်းမနေရ ဥပဒေပြဌာန်းသည့် ရက်သတ္တတစ်ပတ်အတွင်း တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ ဂနိုင်ရွေး စစ်ဆေးရေးဂိတ်တွင် လူငယ် ၈ ဦး၊ ရွှေတောင်ရပ်ကွက်တွင် လူငယ် ၂ ဦး ပေါ်တာဆွဲ ခံထားရပြီး ယနေ့အထိ အဆက်သွယ်မရသေးဘူးဟု နီးစပ်သူများက ပြောသည်။

ထို့အပြင် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ (ချစ်သူများနေ့) ညကလည်း အဆိုတော် ဇော်ဝင်းထွဋ် ပိုင်ဆိုင်သည့် ၁၉၆၄ ဘားတွင် လူငယ် ၈ ဦး ဖမ်းဆီးခံခဲ့ရပြီး တစ်ဦးလျှင် ကျပ်သိန်း ၂၀ ဖြင့် မိသားစုဝင်များက ပြန်ရွေးခဲ့ရသည်ဟု နီးစပ်သူများက ပြောသည်။