မိုးမိတ်တိုက်ပွဲထဲ စစ်တပ်က ဒေသခံအမျိုးသမီး ၃ ဦးအား အုပ်စု မုဒိမ်းကျင့်ခဲ့ဟု SHRF ဆို

သတင်းနှင့်မီဒီယာကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၉ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မိုးမိတ်တိုက်ပွဲအတွင်း ဒေသခံအမျိုးသမီးများအား စစ်ကောင်စီတပ်သားများမှ အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုများ ရှိခဲ့သည်ဟု ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင် (SHRF) က ပြောသည်။

စစ်ကောင်စီတပ်သားများမှ မိုးမိတ်ဒေသခံ အမျိုးသမီးများအား ဇန္နဝါရီ ၁၉ ရက်နေ့မှ ဇန္နဝါရီလ ၂၆ ရက်နေ့ အတွင်း အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင် က ထုတ်ပြန်ထားသည်။

ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင် ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်က “ကျမတို့ အခု အချက်အလက်တွေက ကာယ ကံရှင်တွေ၊ ထွက်ပြေးတိမ်းရှောင်လာတဲ့ အိမ်နီးချင်းတွေရယ်၊ ဆွေမျိုးတွေကို မေးထားတာပါ” ဟု ပြောသည်။

စစ်ကောင်စီ လက်အောက်ခံ တပ်မ ၉၉ မှ တပ်သား ၃ ဦးသည် ဇန္နဝါရီလ ၁၉ ရက်နေ့၊ နံနက် ၄ နာရီအချိန်တွင် မိုးမိတ်မြို့၊ ရွာတော်လေးရပ်တွင်ရှိသော အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို နေအိမ်အတွင်း၌ အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့သည်ဟု ဆိုသည်။

ထို့နောက် ဇန္နဝါရီလ ၂၀ ရက်နေ့တွင်လည်း မိုးမိတ်မြို့နယ် အုန်းကြောကျေးရွာသစ်တွင် ကျွဲနွားများကို အစာ ကျွေးရန် ပြန်လာသည့် လင်မယားနှစ်ဦးကိုတွေ့ပြီး အမျိုးသားကို ပစ်သတ်ကာ အသက် ၃၀ အရွယ် ရှိသော အမျိုးသမီးကို အဓမ္မပြုကျင့်ကာ ပစ်သတ်သွားသည်ဟု SHRF ၏ ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

ထို့အပြင် ဇန္နဝါရီလ ၂၆ ရက်နေ့တွင်လည်း တပ်မ ၉၉ မှ တပ်သား ၅ ဦးသည် ရွှေဇာလီကျေးရွာအနီး တော အတွင်း၌ ပုန်းအောင်းနေသည့် အသက် ၃၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးကိုလည်း အုပ်စုဖွဲ့ အဓမ္မ ပြုကျင့်ခဲ့ သည်ဟု SHRF က ထုတ်ပြန်ထားသည်။

ထိုသို့ ကျူးလွန်ခဲ့သော တပ်မ ၉၉ တပ်သားများမှာ ဇန္နဝါရီလ ၂ ရက်နေ့တွင် မန္တလေးဘက်မှ စစ်ကားသုံးစီး လာသည့် အင်အား ၂၀၀ ခန့်ပါသော စစ်ကြောင်းမှ တပ်ဖွဲ့ဝင်များ ဖြစ်သည်။

မိုးမိတ်ဒေသခံ အမျိုးသမီးများ အုပ်စုဖွဲ့ အဓမ္မ ပြုကျင့်ခံခဲ့ရသည့် အခြေအနေနှင့် ပတ်သက်၍ ဒေသခံများက သတင်းများ ထွက်ပေါ်နေသည်မှာ မှန်ကန်ကြောင်း ယခုကဲ့သို့ ပြောသည်။

မိုးမိတ်ဒေသခံ တစ်ဦးက “အဲ့ဒါကတော့ ကျနော်တို့လည်း စစ်ဘေးရှောင်နေရတော့ ကြားတာတော့ ကြားတယ်။ မုဒိမ်းကျင့်ခဲ့ရတယ်ပေါ့။ ခက်တာက ကိုယ်တွေလည်း စစ်ရှောင်နေရတော့ မြင်တာမျိုးမဟုတ်ဘူးပေါ့နော်။ ဒီကလူတွေက အချင်းချင်း လာပြောပြကြတာမျိုးပေါ့” ဟု ပြောသည်။

ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်၏ ထုတ်ပြန်ပြောဆိုချက်အရ မိုးမိတ်ဒေသခံအမျိုးသမီး ၃ ဦးအား စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အုပ်စုဖွဲ့ အဓမ္မပြုကျင့်ပြီးနောက် တစ်ဦးကို သတ်သွားသည်ဟု သိရသည်။

လက်ရှိတွင် မိုးမိတ်မြို့၌ အင်တာနက်လိုင်းများ ပြတ်တောက်နေသည့်အပြင် အချို့နေရာများတွင် ဖုန်းလိုင်းများပါ ပြတ်တောက်နေသောကြောင့် စစ်ကောင်စီတပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများမှာ လက်လှမ်းမမှီနိုင်သည့် နေရာများလည်း ရှိနိုင်သေးသည်ဟု ဆိုသည်။

၂ဝ၂၄ ခုနှစ်၊ ဇန္နဝါရီလ ၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၂ ရက်နေ့အထိ မိုးမိတ်မြို့နယ်အတွင်း စစ်ကောင်စီတပ်၏ သတ်ဖြတ်မှုကြောင့် ဒေသခံ ၂၇ ဦးသေဆုံးပြီး၊ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည် ဟု ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင် က ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်၊ မိုးမိတ်မြို့ကို ဇန္နဝါရီလတွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ က ဝင်ရောက် သိမ်းပိုက် ရန် ကြိုးစားခဲ့ပြီး မအောင်မြင်ခဲ့ဘဲ ဇန္နဝါရီလ ၂၇ ရက်နေ့တွင် စစ်ကောင်စီတပ်မှ မိုးမိတ်မြို့အား ပြန်လည် ထိန်း ချုပ်ထားလိုက်သည်။