NUG အစိုးရအဖွဲ့ဝင် တိုင်းရင်းသားများ တနိုင်ငံလုံးအရေးကို လုပ်ကြရန် ယာယီသမ္မတ ပြော
သတင်းနှင့်မီဒီယာကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၉ ရက်။
အမျိုးသား ညီညွတ်ရေး အစိုးရ NUG ၌ ပါဝင်သည့် တိုင်းရင်းသား လူမျိုးများအနေဖြင့် မိမိတို့၏ လူမျိုးရေးကိုပဲ ဦးတည် ရှေ့ရှု လုပ်ဆောင်ခြင်းမျိုး မဟုတ်ဘဲ အားလုံးကို လွှမ်းခြုံသည့် တစ်နိုင်ငံလုံးအရေးကို လုပ်ဆောင်ရန် အထူးလိုအပ်သည်ဟု NUG ယာယီ သမ္မတ ဒူဝါလရှီးလ က ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ပြုလုပ်ခဲ့သည့် ၈/၂၀၂၄ အစိုးရအဖွဲ့ အစည်း အဝေးမှာ NUG ယာယီသမ္မတ ဒူဝါလရှီးလ က ထည့်သွင်းပြောကြားသွားသည်။
“ကျနော်တို့ အမျိုးသား ညီညွတ်ရေးအစိုးရ အဖွဲ့ဝင်တွေထဲမှာ လူမျိုးပါင်းစုံ ပါဝင်ပါတယ်။ ဒါ့ကြောင့် ကျနော် တို့ အစိုးရအဖွဲ့ဝင် တစ်ယောက်ချင်းစီတိုင်းက မိမိတို့ရဲ့ လူမျိုးရေးကိုပဲ ရှေးရှု့ လုပ်ဆောင်တာမျိုး မဟုတ်ဘဲနဲ့ အား လုံး လွှမ်းခြုံပြီး တစ်နိုင်ငံလုံး အရေးကို ခြုံကြည့်ပြီး လုပ်ဆောင်ဖို့ အထူးလိုအပ်ပါတယ်။ အဲဒီလို လုပ် ဆောင်မှသာ ကျနော်တို့ရဲ့ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းစဉ်မှာ ခိုင်မာကျစ်လစ် တဲ့ အမျိုးသား ညီညွတ်ရေးအင်အားနဲ့ ရှေ့ဆက်နိုင်မှာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်။”
လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့ဝင်များထဲ၌ ကရင်၊ ကချင်၊ ကရင်နီ၊ မွန်၊ ဗမာ၊ ရှမ်း၊ တအာင်း၊ ချင်း အစရှိသည့် တိုင်းရင်းသား လူမျိုးများ ပါဝင်သည်။
အမျိုးသား ညီညွတ်ရေး အစိုးရ၏ ရည်မှန်းချက်က စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး တစ်ခုတည်း မဟုတ်ဘဲ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံသစ် တည်ဆောက်ရန် ဖြစ်သည့်အတွက် ခိုင်မာကျစ်လစ်သော အမျိုးသား ညီညွတ်ရေးကို လုပ်ကြရမှာ ဖြစ်သည်ဟု NUG ယာယီ သမ္မတက ပြောသည်။
ထို့အပြင် NUG အနေဖြင့် မြေပြင်ရှိ တော်လှန်ရေး အင်အားစုများနှင့် နိုင်ငံရေးအရ ပိုမို အစေးကပ်အောင်လည်း ဆက်လက်ကြိုးစားရန် လိုနေသည်ဟု ဆိုသည်။
အရေးပေါ် အချိန်ကာလများ၌ ပြည်သူလူထုထဲက စစ်ဘေးဒုက္ခသည်များအား ကူညီကယ်ဆယ်ရေး လုပ်ငန်း များကို လုပ်သည့်အခါ မြေပြင်ရှိ အင်အားစုများနှင့် နားလည်မှု ကျယ်ကျယ်ပြန့်ပြန့် ရရှိထားပါက လူထုအရေး ကိစ္စများကို ပိုပြီး ထိထိရောက်ရောက်လုပ်နိုင်မှာ ဖြစ်သည်ဟု NUG ယာယီ သမ္မတ က ပြောသည်။
လက်ရှိတွင် တော်လှန်ရေးအင်အားစု အချင်းချင်း ပေါင်းစည်းမှု မလုပ်နိုင်သေး၍ လူထုကို ကူညီထောက်ပံ့သော လုပ်ငန်းများမှာ ကြန့်ကြာခြင်း/နှောင့်နှေးခြင်းများ ရှိနေသည်ကို မ သတိမူမိဖို့ လိုသည်ဟုလည်း ဒူဝါလရှီးလက ပြောသည်။
“တော်လှန်ရေးအင်အားစု အချင်းချင်းအကြား နိုင်ငံရေးအရ ပိုပြီး ကပ်အားကောင်းအောင် ကြိုးစားလုပ် ဆောင်ကြဖို့ လိုပါတယ်။ ဒါကို နိုင်ငံရေးအရ တော်လှန်ရေးအင်အားစု အချင်းချင်းအကြား Political Capital ကို တည်ဆောက်ခြင်းဖြစ်တယ်လို့ ပြောလို့ ရပါတယ်။ Political Capital အရ ခိုင်မာအားကောင်းမှသာ လူထု ရဲ့ အရေးကိစ္စတွေကို ထိထိရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်မယ်လို့ ပြောချင်ပါတယ်။”
ခုခံတော်လှန်စစ် ရလဒ်များကို လက်တွေ့မြေပြင်၌ ထင်ထင်ရှားရှား ပြသနိုင်ပါက လူထု၏ ဘေးဒုက္ခများမှ အမြန်ကင်းလွတ်မှာ ဖြစ်သလို ခုခံတော်လှန်စစ်ရလဒ်များ အောင်မြင်ရန် နှောင့်နှေးပါက လူထု၏ ဘေးဒုက္ခများ ရှည်ကြာလေ ဖြစ်မှာကိုလည်း သတိချပ်ဖို့ လိုသည်ဟု ထောက်ပြထားသည်။
ထို့အပြင် တိုင်းပြည်နှင့် ပတ်သက်သည့် အရေးကိစ္စများကို စီမံကွပ်ကဲကြသည့်အခါ မှန်ကန်အောင် လုပ်ရမှာ ဖြစ်သလို လျင်မြန်အောင်လည်း လုပ်ရမှာ ဖြစ်ပြီး နွေဦးတော်လှန်ရေးကို ဦးဆောင်နေကြသည့် အစိုးရတစ်ရပ် က လေးကန် နှေးကွေးနေ၍ မရဘူးဟု NUG ယာယီ သမ္မတက ပြောသည်။