ရခိုင်က တိုက်ပွဲကြောင့် ဧရာဝတီ၌ စစ်ရေးပြင်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ မတ်လ ၃ ရက်။
ဧရာဝတီတိုင်း အတွင်းရှိ ပုသိမ်၊ ရေကြည်၊ မြန်အောင်နှင့် ကြံခင်းမြို့နယ်တို့၌ စစ်ကောင်စီတပ်က စစ်ရေး ပြင်ဆင်မှုများ လုပ်နေသည်ဟု ဒေသခံများက ပြောသည်။
အထူးသဖြင့် ပုသိမ်မြို့နယ်ထဲက မကျည်းစင်ကျေးရွာ၊ ရေကြည်မြို့နယ်ထဲက ကုန်းပြင်ကျေးရွာနှင့် ရေနံ့သာကျေးရွာ၊ မြန်အောင်နှင့် ကြံခင်းမြို့နယ်ဘက်တွင်မူ ကွင်းကောက်ကျေးရွာ စသည့် နေရာများ၌ စစ်ရေးပြင်ဆင်မှုများ အဓိထားလုပ်နေကြခြင်း ဖြစ်သည်။
အလားတူ ဧရာဝတီတိုင်းအတွင်းက ပင်လယ်ကမ်းစပ်မြို့အချို့၌လည်း လက်နက်ကြီး စမ်းသပ် ပစ်ခတ်မှုများ မကြာခဏလုပ်နေကြသည်ဟု ဒေသခံများက ဆိုသည်။
အဘယ့်ကြောင့်နည်း…..?
ယခု ဧရာဝတီတိုင်းအတွင်း စစ်ရေးပြင်ဆင်မှုများ လုပ်နေသည့် နေရာများမှာ ရခိုင်ပြည် ဂွမြို့နှင့် မိုင် ၃၀ ခန့်သာ ကွာဝေးသည့် နေရာဖြစ်သည်။
ရခိုင်ပြည်နယ်ဘက်မှ ရက္ခိုင့်တပ်တော် ULA/AA အပါအဝင် ပူးပေါင်း တပ်ဖွဲ့များ ဝင်လာ၍ မရအောင် စစ်တပ်က ပြင်ဆင်နေခြင်း ဖြစ်သည်ဟု ဒေသခံအချို့က ခန့်မှန်း ပြောဆိုကြသည်။
ရေကြည် ဒေသခံတစ်ဦးက “အတိအကျ ပြောဖို့တော့ ခက်တယ်၊ သေချာကတော့ ရခိုင်ဘက်မှာ တိုက်ပွဲတွေ ဖြစ်တယ်။ အဲ့တိုက်ပွဲတွေမှာလည်း စစ်တပ်က အရေးနိမ့်တာတွေ များလာတယ်၊ အဲ့တော့ တဖက်မှာလည်း AA က ဧရာဝတီတိုင်းထဲ ဝင်လာတော့မယ်ဆိုတာမျိုး သတင်းတွေ ထွက်နေတော့ ကြိုပြင်နေတာမျိုး နေမှာ” ဟု ပြောသည်။
စစ်ရေးပြင်းထန်နေသည့် ရခိုင်ပြည်နယ်နှင့် ထိစပ်နေသော ဧရာဝတီတိုင်းအတွင်း၌ စစ်ရေးပြင်ဆင်မှုများကို စစ်ကောင်စီနှင့် ၎င်း၏ လက်အောက်ခံ ပျူစောထီးများက လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ဆိုကြသည်။
ဧရာဝတီတိုင်းထဲက ရခိုင်နှင့် ဆက်နေသည့် မြို့များတွင် စစ်ကြောင်းထိုးခြင်းများ စတင်နေပြီဟု ဆိုကြသည်။
ထို့အပြင် ဧရာဝတီတိုင်းအတွင်း လုံခြုံရေးကိုလည်း အင်ဂျင်နီယာတပ်၊ ဆက်သွယ်ရေးတပ်၊ ထောက်ပို့ တပ်၊ စစ်လက်နက် ထုတ်လုပ်ရေးတပ် အစရှိသည့် လက်ရုံးတပ်က အင်အားများကို အသုံးပြုနေသည်ဟု ဒေသခံများက ပြောသည်။
ဧရာဝတီတိုင်းဘက်က နဂိုရှိနေသည့် ခြေလျင်တပ်ရင်း ၃၆၊ ၃၈၊ ၂၇၁ တို့မှာမူ ရခိုင်ဘက်သို့ စစ်ကူနေရသော ကြောင့် လက်ရုံးတပ်များကို ဒေသတွင်း အဓိက အသုံးပြုကာ လုံခြုံရေးနှင့် စစ်ကြောင်းထိုးခြင်းတို့ကို လုပ်နေ ခြင်း ဖြစ်သည်။
ရခိုင်ပြည်အတွင်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် ULA/AA တို့ကြား တကျော့ပြန်တိုက်ပွဲများ ပြင်းထန်လျှက်ရှိသည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ စတင်၍ ယနေ့ ၂၀၂၄ ခုနှစ်၊ မတ်လ လဆန်းပိုင်းအထိ တိုက်ပွဲများ ခပ်စိပ်စိပ် ပြင်းပြင်း ထန်ထန် ဖြစ်ပွားနေသည်။
အဆိုပါ တိုက်ပွဲများ၏ အရှိန်ကြောင့် စစ်ကောင်စီက ဧရာဝတီတိုင်းက ရခိုင်ဘက်ကို တင်ပို့ရသည့် စားနပ်ရိက္ခာ များကို ပို့ခွင့်မပြုတော့ဘဲ ပိတ်ပင်လိုက်သည်။
စစ်ကောင်စီက ဧရာဝတီတိုင်း အတွင်းမှ ရခိုင်ပြည်နယ်ဘက်သို့ စက်သုံးဆီ၊ ဆန် နှင့် စားနပ်ရိက္ခာ ကုန်စည်များ ပို့ဆောင်ခွင့်ကို ခွင့်မပြုတော့ဘူးဟု ပုသိမ် အခြေစိုက် ကုန်စည် ပို့ဆောင်ရေး လုပ်ငန်း လုပ်ကိုင်သူများက ပြော သည်။
စက်သုံးဆီ၊ ဆန်၊ စားသုံးဆီ၊ ကြက်သွန်၊ အာလူး၊ ငရုတ် နှင့် မီးဖိုချောင်သုံး စားသောက်ကုန်များ၊ ခေါက်ဆွဲ ခြောက်၊ ကြာဆံ သာမက ဂေါ်ဖီ၊ ဖရဲသီး၊ ကန်ဇွန်းဥ၊ ပြောင်းဖူး၊ သစ်သီးမျိုးစုံစသည့် စားနပ်ရိက္ခာ ကုန်ပစ္စည်း များကိုပါ သယ်ယူ ပို့ဆောင်ခွင့် မပြုခြင်း ဖြစ်သည်။
သာပေါင်းမြို့နယ်က တဆင့် ရခိုင်ပြည်နယ် အတွင်းသို့ ကုန်စည်ပို့ဆောင်သည့် လုပ်ငန်းရှင်တစ်ဦး က “ကုန်တွေ မပို့ရဘူး ဆိုတာ အကျယ်တဝင့် အသိမပေးဘူး။ စစ်ဆေးရေး ဂိတ်ရောက်တော့မှ မသယ်ရဘူး ပြောတယ်။ ရခိုင်ဘက်ကို ပို့ဖို့မပြောနဲ့ ပုသိမ်ကနေ သာပေါင်းမြို့နယ်ထဲတောင် သယ်လို့မရဘူး။ အချိန်ကုန် ငွေကုန် လူပန်း ကုန် တွေ ပျက်ဆီးတာတွေ ဖြစ်ကုန်တယ်“ ဟု ပြောသည်။
ဖေဖေါ်ဝါရီလ တတိယပတ်က စတင်၍ ယနေ့အချိန်ထိ ရခိုင်ပြည်နယ်ထဲသို့ ကုန်စည်ပို့ဆောင်ခွင့်ကို ပိတ်ထား သည်ဟု လုပ်ငန်းရှင်များက ပြောသည်။
ကုန်စည်များကို ရခိုင်ပြည်နယ် အတွင်း၌မက ရခိုင်ပြည်နယ် နှင့် နယ်မြေ ထိစပ်နေသော မြို့နယ်များ အတွင်း ကိုပါ သယ်ယူခွင့် မပြုခြင်းဖြစ်ပြီး၊ စက်သုံးဆီ၊ ဆန် နှင့် စားသုံးဆီ၊ ငရုတ်၊ အာလူး၊ ကြက်သွန် စသည့် ကုန်စည် များမှာ ပြန်သယ်ယူ၍ ရသော်လည်း အသီးအရွက်များက ပျက်ဆီးဆုံးရှုံးကုန်သည်ဟု လုပ်ငန်းရှင်များက ပြောသည်။
စစ်ကောင်စီက ရခိုင်ပြည်နယ်နှင့် တဆက်စပ်တည်း ရှိပြီး ရေလမ်း၊ ကုန်လမ်းခရီး တိုက်ရိုက်ရောက်သည့် ပုသိမ်၊ လပွတ္တာ၊ ငပုတော၊ သာပေါင်း၊ ငရုတ်ကောင်း၊ ချောင်းသာ၊ ငွေဆောင်၊ ရွှေသောင်ယံ၊ ဘိုကလေး၊ ဒေးဒရဲ၊ ဖျာပုံ ဒေသတို့တွင်လည်း ကုန်စည်နှင့် လူအဝင်အထွက်များကို တင်းကြပ် စစ်ဆေးနေသည်ဟု ဒေသခံများက ပြော သည်။
ထို့အပြင် ရခိုင်ပြည်နယ်ကို ကုန်လမ်းခရီး တိုက်ရိုက် ရောက်သော ကြံခင်း၊ ဘက်ရဲ၊ လေးမျက်နှာ၊ ရေကြည်၊ ငသိုင်းချောင်း၊ သာပေါင်း၊ ချောင်းသာဒေသတွင်လည်း ရခိုင်ရိုးမ အတွင်းကို မကြာခဏ စစ်ကြောင်းထိုးကာ ပင်လယ်ပြင် စိုးမိုးရေးအတွက် ဟိုင်းကြီးကျွန်း၊ အုန်းကျွန်း၊ လိပ်ကျွန်း၊ ထိပ်စွန်း တပင်မော် (ရွှေသောင်ယံ) ၌ အမြောက်တပ်များ ထားရှိကာ လုံခြုံရေးကိုပါ တိုးမြင့်ထားသည်ဟု ဆိုကြသည်။
အသက် ၆၀ ကျော်အရွယ်ရှိ ပုသိမ်မြို့က စစ်မှုထမ်းဟောင်း ဦးသိန်းဝင်း ဆိုသူက “အဓိက ကတော့ မင်းအောင် လှိုင် နဲ့ စစ်ကောင်စီ ဝန်ကြီးတွေ ခဏခဏ ပုသိမ်လာတယ်။ ဧရာဝတီတိုင်းကို အခိုင်အမာ တည်ဆောက်နေ တာ။ ဒါပေမယ့် တကယ် မြေပြင်မှာ အဖြတ်ခံနေတာက စစ်ကောင်စီတပ်တွေဗျ“ ဟု ပြောသည်။
ဧရာဝတီတိုင်း စစ်ကောင်စီ၏ လက်ရှိ အခြေအနေမှာ အနောက်တောင်တိုင်း စစ်ဌာနချုပ်က တိုင်းအတွင်း၌ တပ်သားသစ်များကို နည်းမျိုးစုံဖြင့် စုဆောင်းကာ တိုင်းအတွင်းရှိ မြို့အသီးသီးက အခြေစိုက် တပ်ရင်းများ၊ သက်ကြီး စစ်သားများနှင့် မွန်းမံသင်တန်း တက်ပြီးဖြစ်သော သက်ကြီး စစ်မှုထမ်းဟောင်းများက ရက်တို စစ်သင်တန်းများ ပေးရန်လုပ်နေကြသည်ဟု စစ်တပ်နှင့်နီးစပ်သူများက ပြောသည်။
ဖေဖေါ်ဝါရီလ ၃ ရက်နေ့ကလည်း ရခိုင်ပြည်နယ်ထဲက တိုက်ပွဲ အခြေအနေများကြောင့် အမှတ် ၃ အထူးစစ်ဆင် ရေးအဖွဲ့ (ကစထ-၃) က ဒုတိယ ဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) တိုင်းမှူး ဗိုလ်ချုပ်ဝေလင်း၊ ဗိုလ်ချုပ်ထင်လတ်ဦး၊ ဗိုလ်ချုပ်ဇော်ဟိန်း နှင့် ဗိုလ်မှူးချုပ် ကြည်သိုက်တို့ တွေ့ဆုံခဲ့ကြသေး သည်။
အလားတူ ရခိုင်ပြည်နယ်နှင့် ထိစပ်နေသော ဧရာဝတီတိုင်းအနီး ပင်လယ်ပြင်၌ ရေယာဉ်များ၊ လှေနှင့် စက်လှေ များ သွားလာမှုကိုလည်း စစ်ကောင်စီက ရက်အကန့်အသတ်မရှိ ပိတ်ထားသည်ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီသည့် ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့က စတင်ပြီး ဧရာဝတီတိုင်း ပင်လယ်ကမ်းရိုးတန်း တလျှောက်မှာ စစ်ရေးလေ့ကျင့်မှုရှိသည်ဟု ဆိုကာ ဒေသန္တရအမိန့်ထုတ်ပြီး ပင်လယ်ပြင် အတွင်း သွားလာမှုကို ပိတ်ထားသောကြောင့် ဒေသခံအများစုမှာ အခက်အခဲတွေ့နေကြသည်။
ငရုတ်ကောင်း ကမ်းခြေမြို့ခံ လုပ်ငန်းရှင်တစ်ဦးက “ပင်လယ် မထွက်ရဘူး။ တားထားတာ ၄ ရက်ရှိနေပြီ။ တနေ့ လုပ် တနေ့စား အလုပ်သမားတွေ အတွက် နေ့စဉ် ဝမ်းရေးအတွက် အခက်အခဲ ရှိသလို ပင်လယ်ပြင် ငါးဖမ်း ရာသီချိန်မှာ ရက်အကန့်အသတ် မရှိ ပိတ်တယ်ဆိုတော့ လုပ်ငန်းရှင်တွေလည်း နစ်နာတယ်” ဟု ပြောသည်။
ဒေသခံ အများစုမှာ ပင်လယ်ပြင်ကို အမှီပြု၍ ကမ်းနီး ကမ်းဝေး ငါးဖမ်းလုပ်ငန်းများဖြင့် ဝမ်းစာ ရှာဖွေရသူများ နှင့် ပင်လယ် ရေကြောင်းလမ်းကို အသုံးပြု၍ ခရီးသည်နှင့် ကုန်စည် ပို့ဆောင်ရေး လုပ်ငန်းများကို လုပ်ကိုင်ကြ သူများ ဖြစ်သည်။
ဧရာဝတီတိုင်း ပင်လယ်ကမ်းရိုးတန်း ဒေသများဖြစ်သော သာပေါင်း၊ ရွှေသောင်ယံ၊ ချောင်းသာ၊ ငွေဆောင်၊ ငပု တော၊ ငရုတ်ကောင်း၊ မော်တင်၊ ဟိုင်းကြီးကျွန်း၊ လပွတ္တာ၊ ဒေးဒရဲ၊ ဖျာပုံ၊ အမာ စသော ဒေသများတွင် ယခု အချိန်ကာလတွင် ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ကြသည့် အချိန် ဖြစ်သည်။
စစ်ကောင်စီ၏ ရွှေသောင်ယံမြို့ အုပ်ချုပ်ရေး အဖွဲ့ဝင် တစ်ဦးက ”လက်နက်ကြီးတွေ စမ်းသပ် ပစ်ခတ်ဖို့ ရှိနေလို့ အန္တရာယ် မရှိအောင် အထက်က ပိတ်ခိုင်းထားတယ်။ ဘယ်နေ့ဘယ်အချိန် ပစ်မလဲဆိုတာ မသိဘူး။ တား ထား တဲ့က ထွက်ကြလို့ ထိခိုက်ရင် ထွက်သူအပြစ်ပဲ” ဟု ပြောသည်။
ယခုကဲ့သို့ ပိတ်ပင်ခဲ့ပြီးနောက်ပိုင်း ဧရာဝတီတိုင်းအနီး ပင်လယ်ပြင်ရှိ ဟိုင်းကြီးကျွန်းမြို့ ပတ်ဝန်းကျင်တွင် ဖေ ဖေါ်ဝါရီလ ၂၆ ရက်နေ့က အမြောက် ပစ်ခတ်သံများ ကြားရသော်လည်း ပင်လယ်ပြင် သွားလာခွင့် ပိတ်ထား သည့် အခြား အခြားဒေသများတွင်မူ ပစ်ခတ်မှုများ မရှိဘူးဟု ဧရာဝတီတိုင်း ပင်လယ် ကမ်းရိုးတန်းအနီး နေထိုင် သူ အချို့က ပြောသည်။
စစ်ကောင်စီတပ်များ ပင်လယ်ပပြင်၌ စစ်ရေးလေ့ကျင့်နှင့် ပတ်သက်၍ ဧရာဝတီတိုင်း ကမ်းရိုးတန်း တလျှောက် ရှိ အမြောက်စခန်းများက စမ်းသပ်ပစ်ခတ်ခြင်း၊ ကြည်း ရေ လေ ပူးပေါင်းစစ်ဆင်ရေး ကမ်းတက် တိုက်ပွဲ အတွက် လေ့ကျင့်ခြင်း၊ ဟိုင်းကြီးကျွန်းရှိ ပမ္မဝတီ ရေတပ်စခန်းဌာနချုပ်ရှိ စစ်သင်္ဘောများ စမ်းသပ်ပစ်ခတ်ခြင်း များ ဖြစ်နိုင်သည်ဟု ရေတပ် တပ်ကြပ်ကြီးဟောင်း တစ်ဦး က ပြောသည်။
ထို့အပြင် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ၌ အထိနာနေသော စစ်ကောင်စီ အနေဖြင့် ရခိုင်ပြည်နယ်အား ရေလမ်း၊ ကုန်းလမ်း၊ လေကြောင်းလမ်းများပါ ပိတ်နေပြီး ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်တို့ ထိစပ်နေသော ရေကြောင်း၊ ကုန်းကြောင်းကိုပါ ပိတ်ဆို့ပြီး နယ်မြေစိုးမိုးမှု လုပ်နေခြင်းဖြစ်သည်ဟု နိုင်ငံရေး စစ်ရေး အတွေ့ အကြုံရှိသူ အသက် ၇၀ ခန့်အရွယ် ဗိုလ်ကြီးဟောင်း ကြည်ဝင်းက ဆိုသည်။
စစ်ကောင်စီသည် ဧရာဝတီတိုင်း၏ ကမ်းရိုးတန်း တလျှောက် စိုးမိုးရေး အတွက် ရွှေသောင်ယံ၊ ထိတ်စွန်း၊ အုန်း ကျွန်း၊ လိပ်ကျွန်း နှင့် ဟိုင်းကြီးကျွန်း တို့တွင် အမြေက်တပ်များ ထားရှိသည့်အပြင် ကမ်းရီုးတန်းဒေသ စိုးမိုးရေး အတွက် ခလရ ၂၇၁ နှင့် အခြားခြေလျှင် တပပ်ဖွဲ့များ စုဖွဲ့ထားပြီး ဧရာဝတီတိုင်း ပင်လယ်ပြင် စိုးမိုးရေး အတွက် ပမ္မဝတီ ရေတပ်စခန်း ဌာနချုပ်၊ ပုသိမ်ရေတပ် ရေယာဉ်စု တပ်ဖွဲ့ နှင့် ကဒုံကနိ ရေတပ် ရေ ယာဉ်စု တပ်ဖွဲ့များ ထားရှိသည်။
ဧရာဝတီတိုင်း ပင်လယ်ကမ်းရိုးတန်း ဒေသသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ရေလမ်းနယ်နိမိတ် ဆက်စပ်နေပြီး ရက္ခိုင့်တပ်တော် AA ထိုးစစ်ကြောင့် စစ်ကောင်စီ၏ စိုးမိုးနယ်မြေ အများအပြား လက်လွှတ်နေရသည့် ရခိုင် ပြည်နယ်နှင့်လည်း ရေလမ်း၊ ကုန်းလမ်း တဆက်စပ်တည်း ရှိနေသည်။
လက်ရှိ အနေအထားများအရ ထူးခြားမှုတစ်ခုမှာ ဧရာဝတီတိုင်းအတွင်း လက်ရုံးအင်အားများနှင့် တိုင်း၏ လုံခြုံရေးကို ဆောင်ရွက်နေကြသည့်အပြင် စစ်သားလိုအပ်ချက်ကြောင့် ဧရာဝတီတိုင်းထဲတွင် ပြည်သူ့စစ်အဖွဲ့ စုဆောင်းဖွဲ့စည်းခြင်းတို့ကိုပါ တပြိုင်တည်း လုပ်နေကြသည်။
ဧရာဝတီတိုင်းဒေသကြီးထဲ တည်ရှိနေသည့် ကျေးရွာအုပ်စု အရေအတွက်ပေါ် မူတည်၍ မြို့နယ်တစ်ခုတွင် ပြည်သူ့စစ်အဖွဲ့ဝင် ၃၀၀ ခန့်ကို တိုင်းမှူးများက တောင်းယူနေသည်ဟု ဗိုလ်ကြီးဟောင်း ကြည်ဝင်းက ဆိုသည်။
အဆိုပါ ပြည်သူ့စစ်အဖွဲ့ဝင်များကိုမူ ပုသိမ်မြို့ရှိ အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ တပ်မတော် လေ့ကျင့်ရေး သင်တန်းကျောင်းနှင့် ခြေမြန်တပ်ရင်း ၂၇၁ တို့၌ အသုတ်လိုက်ခွဲ၍ အခြေခံ စစ်သင်တန်းများ ပေးနေသည်ဟု ဆိုသည်။
စစ်ကောင်စီတပ်က ဧရာဝတီတိုင်းကို အခိုင်အမာ ခြေကုပ်ယူ ပြင်ဆင်ထားမှသာ ရခိုင်ပြည်တွင်း ဖြစ်နေသည့် စစ်ရေး အခြေအနေများအတွက် တစ်စုံတစ်ရာ ပြင်ဆင်ရန်သော်လည်းကောင်း၊ စစ်ရေးစစ်ရာအရ ထောက်ပံ့ပိုင်းသော်၎င်း လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ထားသည်ဟု ဗိုလ်ကြီးဟောင်း ကြည်ဝင်းက ဆိုသည်။