စစ်ကိုင်း-ကချင် အစပ်တွင် စစ်ကောင်စီ စစ်ကြောင်းထိုး၊ နေအိမ်များမီးရှို့၊ ရွာသားအချို့ သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ မတ်လ ၄ ရက်။
စစ်ကိုင်း – ကချင်အစပ်က ထီးချိုင့်အပြင် ကောလင်းနှင့် ကသာမြို့နယ်များထဲ စစ်ကောင်စီတပ်က စစ်ကြောင်း ထိုးဝင်ရောက်လာပြီး ကျေးရွာများထဲရှိ အရပ်သားနေအိမ်များကို မွှေနှောက်မီးရှို့ ဖျက်ဆီးခဲ့သည့် အပြင် ရွာသား အချို့ကိုလည်း သတ်သွားသည်ဟု ဒေသခံများက ပြောသည်။
ကသာမြို့နယ်ထဲက ငအိုးနှင့် ပျဉ်ထောင်လေးကျေးရွာထဲ မတ်လ ၁ ရက်နေ့က စတင်၍ ပစ်ခတ်မှုများ ဖြစ်ပွားနေ သည်ဟု ဒေသခံများက ပြောသည်။
ဒေသခံအမျိုးသားတစ်ဦးက “တစ်ရက်နေ့ ညတုန်းက ၈ နာရီနဲ့ ၁၀ နာရီကြားမှာ ငအိုးနဲ့ ပျဉ်ထောင်လေးမှာ ဟို ဘက်ဒီဘက် လှမ်းထုနေကြတာ။ ထိတွေ့တိုက်ပွဲတော့မဟုတ်ဘူး။ ဟိုဘက်ဒီဘက် လှမ်းပြီးထုတဲ့ ပုံစံမျိုး” ဟု ပြောသည်။
ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်းမဟုတ်ဘဲ တဖက်နှင့်တဖက် အပြန်အလှန် လှမ်းပစ်နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသခံရွာသားများလည်း ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဆိုသည်။
ထို့အပြင် ပျဉ်ထောင်လေးကျေးရွာထဲတွင်မူ စစ်ကောင်စီ တပ်ဖွဲ့ဝင်အယောက် ၁၀၀ နီးပါးခန့် ဝင်ရောက် နေရာ ယူထားပြီး လူသူမရှိသော နေအိမ်များထဲ၌ ဝင်ရောက် နေနေကြသည်ဟု မြေပြင် သတင်းအရင်းအမြစ်က ပြော သည်။
အထက်ပါ ဒေသခံ အမျိုးသားက “ပျဉ်ထောင်လေးမှာ အယောက် ၁၀၀ လောက်ရှိနေတယ်။ လူမရှိတဲ့ အိမ်တွေ ကို တက်နေတာ။ ရွာသားတွေကတော့ ဟိုဘက်ဒီဘက် တောတွေထဲမှာ ရှောင်ပြီး နေနေကြတယ်။ အဲ့ဒီပျဉ် ထောင်လေးက ရွာသားတွေကလေ” ဟု ဆက်ပြောသည်။
အလား မတ်လ ၂ ရက်နေ့၊ နံနက် ၉ နာရီခွဲ အချိန်ခန့်က ငအိုးကျေးရွာ တဖက်ကမ်း၌ ရှိသည့် အဆိုပါ ပျဉ်ထောင် လေးကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ်နှင့် လာရောက် ဗုံးကြဲခဲ့သေးသည်ဟု ဆိုကြသည်။
ထို့အပြင် ကောလင်းမြို့နယ်ထဲက ကျောက်ပြင်သာကျေးရွာမှ ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ကလည်း သဲချောင်း၊ ကချင်ချောင်း၊ ငါးကြီးအိုင် အစရှိသည့် ကျေးရွာများထဲရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု မြေပြင် သတင်းအရင်းအမြစ်က ပြောသည်။
အဆိုပါ ကျေးရွာများက နေအိမ်များကို မီးရှို့ခဲ့သည့်အပြင် လမ်းပြအဖြစ်ဖမ်းခေါ်လာခဲ့သော အရပ်သား ၃ ဦး ကိုလည်း ရက်ရက်စက်စက် လည်လှီးသတ်ဖြတ်ခဲ့သေးသည်ဟု မြေပြင်သတင်းအရင်းအမြစ်များနှင့် တော်လှန် ရေးတပ်ဖွဲ့ တာဝန်ရှိသူများက ပြောသည်။
မြေပြင် သတင်းအရင်းအမြစ်က “ကျောက်ပြင်သာနေ ပြန်ထွက်လာတဲ့ စစ်ကြောင်းက သဲချောင်းတို့ ကချင် ကုန်းတို့ ငါးကြီးအိုင်တို့ကို ဝင်လာတဲ့။ အဲ့ဒီမှာတွေ မီးပြန်ရှို့တယ်။ ငါးကြီးအိုင်မှာ မီးရှို့ပြီးတော့ သူတို့ဘက်က ဓါးစာခံခေါ်လာခဲ့တဲ့ အရပ်သား ၃ ယောက်ကို လည်ပင်းလှီးပြီး သတ်လိုက်တယ်ဗျ” ဟု ပြောသည်။
အသတ်ခုံလိုက်ရသော အရပ်သား ၃ ဦးကို မည်သည့်ရွာ ဖမ်းဆီးခေါ်လာခဲ့ခြင်းကို မသိရသေးသည့်အပြင် စစ် ကောင်စီစစ်ကြောင်းကလည်း ငါးကြီးအိုင်ကျေးရွာအနီးဝန်းကျင်တွင် ရှိနေသေးသောကြောင့် အခြေအနေ အသေးစိတ်ကို ယနေ့အချိန်ထိ အတည်ပြုနိုင်ခြင်း မရှိသေးပေ။
အလားတူ မတ်လ ၁ ရက်နေ့နှင့် ၂ ရက်နေ့တွင်လည်း ကောလင်း အနောက်ဘက်ခြမ်းက ကျေးရွာတစ်ရွာကိုပါ စစ်ကောင်စီ တပ်ဖွဲ့က မီးရှို့ခဲ့သည်ဟု မြေပြင်ရှိ တော်လှန်အင်အားစု ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြော သည်။
“ကောလင်း အနောက်ခြမ်းပေါ့နော် အဲ့က သံတံတားအကျော် ရမားဆိုတဲ့ရွာကို သူတို့က စစ်ကြောင်းထိုးပြီး မီးရှို့နေတယ်လို့ ပြောတယ်ခင်ဗျ။ ရမားဆိုတဲ့ရွာကိုပေါ့ မီးရှို့နေတာဗျ။”
စစ်ကိုင်းနှင့် ကချင်အစပ် ထီးချိုင့်မြို့နယ်ထဲ၌လည်း စစ်ရေးအခြေအနေက ငြိမ်သက်သွားခြင်းမျိုးမဟုတ်မရှိဘဲ မတ်လ ၃ ရက်နေ့ အချိန်ထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။
ဖေဖော်ဝါရီလ ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့၌လည်း စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ထီးချိုင့်နှင့် တည် တောကြားနေရာကို ၃ ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု Tigyaing Revolution -TR အဖွဲ့က ထုတ်ပြန် ထားသည်။
ဓါတ်ပုံ – Kawlin People Defense Force – KLPDF (ငါးကြီးအိုင်ရွာမှ မီးခိုးများ)