စစ်မှုထမ်းဥပဒေကြောင့် ညပိုင်း ဈေးသည်များ အခက်ကြုံ

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၄ ခုနှစ်၊ မတ်လ ၆ ရက်။

ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးတွင် စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက်ပိုင်း ညဘက်ပိုင်း ဖွင့်လှစ်ကြ သည့် ညဈေးဆိုင်များ ရပ်တည်ရ ခက်ခဲလာသည်ဟု ဒေသခံများက ပြောသည်။

ယခင်က ည ၉ နာရီအထိ ဖွင့်လှစ်ခဲ့ကြသည့် ဈေးဆိုင်များမှာ ဝယ်ယူစားသုံးသူ လျော့နည်းလာသောကြောင့် ည ၇ နာရီဝန်းကျင်ခန့်တွင် ပိတ်သိမ်းနေရပြီး ဆိုင်အချို့မှာလည်း အရှုံးပေါ်လာ၍ လုံးဝပင် ပိတ်သိမ်းလိုက်ရပြီဟု ဆိုင်ပိုင်ရှင်အချို့က ပြောသည်။

ပြည်တော်သာရပ်ကွက်တွင် အကင်ဆိုင်ဖွင့်ထားသည့် ဆိုင်ရှင် တစ်ဦးက “မနက်စာ ခေါက်ဆွဲနဲ့ ညဘက် အကင် ရောင်းတာပေါ့။ အရင်က တစ်ရက်ကို အနည်းဆုံး ၁၂ သိန်း ရောင်းရတယ်။ စစ်မှုထမ်း ပေါ်လာပြီးတော့ အများ ဆုံးမှ ၃ သိန်းပဲ ရတော့တာ။ နောက်ပိုင်းကျတော့ ဘယ်သူမှ မလာတော့လို့ အကင်ကို ရပ်ထားရတယ်။ မနက်စာ ပဲ ရောင်းနေရတယ်။ အကင်က ပြန်ဖွင့်ဖို့ မသေချာတော့ဘူး” ဟု ပြောသည်။

တောင်ကြီးမြို့ရှိ မြို့မဈေးအနီး ညဈေးတန်းနှင့် ဘောလုံးကွင်းအနီးက ညဈေးတန်းတို့မှာ ယခင်က ပြည်တွင်း ခရီးသွား အများအပြား လာရောက်ကြသော်လည်း လတ်တလောတွင် မြို့ခံများပင် လာရောက်သူ လျော့နည်း သွားသည်ဟု ဈေးသည်များက ပြောသည်။

ပိတ်သိမ်းလိုက်သည့် ဆိုင်အများစုမှာ လူငယ်များ ဖွင့်လှစ်ရောင်းချကြသည့် ဆိုင်များဖြစ်ပြီး လက်ရှိတွင် အဆိုပါ လူငယ်များမှာ ထိုင်းနိုင်ငံနှင့် လွတ်မြောက်နယ်မြေများသို့ တိမ်းရှောင်သွားကြပြီဟု မြို့ခံအချို့က ပြောသည်။

စစ်မှုထမ်း ဥပဒေတွင် အကျုံးဝင်သည့် လူငယ်တစ်ဦးက “ဆိုင်ဖွင့်ဖို့ ၆ လစာချုပ် ချုပ်ပြီးသွားပြီ။ အကုန်ပြင် ဆင် ပြီးပြီ။ စစ်မှုထမ်း ကိစ္စပေါ်လာတော့ စားပွဲတွေ ကုလားထိုင်တွေ တစ်ဝက်ဈေးနဲ့ ပြန်သွင်း လိုက်ရတယ်။ ကိုယ် တိုင်လည်း အခု လွတ်မြောက်နယ်မြေမှာပဲ။ ဆိုင်ဖွင့်ရင်လည်း ဝယ်သူမရှိတာနဲ့ ရှုံးမှာပဲဆိုပြီး မဖွင့် ဖြစ် တော့တာ” ဟု ပြောသည်။

တောင်ကြီးမြို့တွင် ညဘက် ဖွင့်လှစ်ရောင်းချနေကြသည့် ဆိုင်ပေါင်း ၅၀ နီးပါးခန့် ပိတ်သိမ်းလိုက်ရပြီဖြစ်ပြီး အချို့မှာ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများသို့ ပြောင်းရွှေ့သွားကြသည်ဟု နီးစပ်သူများက ပြောသည်။

စစ်ကောင်စီမှ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ စစ်မှုထမ်းဥပဒေ ပြဌာန်းပြီးသည့် နောက်ပိုင်းမှစ၍ တောင်ကြီးမြို့ရှိ လူငယ်များမှာ စိုးရိမ်ပူပန်နေကြသည်ဖြစ်ရာ ညဘက် အပြင်ထွက်သူ လူဦးရေကလည်း ယခင်ထက် ၃ ပုံ ၂ ပုံခန့် အထိ လျော့နည်းသွားပြီဟု မြို့နေ ပြည်သူများက ပြောသည်။