အရပ်သား ၇ ဦးအား ပစ်သတ်ရန် အမိန့်ပေးခဲ့ကြောင်း ဗိုလ်မှူးသိန်းထိုက်စိုး ဝန်ခံ
သတင်းနှင့်မီဒီယာကွန်ရက်။
၂၀၂၄ ခုနှစ်၊ မတ်လ ၇ ရက်နေ့။
သတင်းထောက် ကိုဖိုးသီဟ (ခေါ်) ကိုမြတ်သူထွန်း အပါအဝင် အရပ်သား ၇ ဦး အား ပစ်သတ်ရန် အမိန့်ပေးခဲ့ ကြောင်း ဗိုလ်မှူးသိန်းထိုက်စိုးက ဝန်ခံထွက်ဆိုလိုက်သည်။
ရခိုင်ပြည်နယ် မြောက်ဦးမြို့ အခြေစိုက် ခမရ (၃၇၈) တပ်ရင်းတွင် ဖမ်းဆီးခံထားရသည့် သတင်းထောက် ကိုဖိုး သီဟ (ခေါ်) ကိုမြတ်သူထွန်း အပါအဝင် ၇ ဦးကို သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်၌ အမိန့်ပေးခဲ့သော ဗိုလ်မှူး သိန်းထိုက် စိုးက ၎င်းကိုယ်တိုင် အမိန့်ပေးခဲ့ခြင်း ဖြစ်ကြောင်း ဝန်ခံထွက်ဆိုထားသည်။
ဗိုလ်မှူး သိန်းထိုက်စိုးက “မြောက်ဦးခရိုင် ရဲစခန်း တိုက်ပွဲဖြစ်ပွားတဲ့အတွက် ကျနော်တို့ ခမရ ၃၇၈ တပ်ရင်းကို ရောက်လာတဲ့အချိန် ဖိုးလပြည့်အပါအဝင် အချုပ်သား ၇ ဦးအား ကျနော်တို့ ခမရ ၃၇၈ ရဲ့ တပ်ရင်းမှာ ထိန်း သိမ်းထားရှိခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် ၁ လပိုင်း ၂၃ ရက်နေ့မှာ ကျနော်တို့ ခမရ ၃၇၇ ကျနော် ဆေးကုသမှု ခံယူနေ တဲ့ အချိန် ဒုတပ်ကြပ် သန်းအောင်နဲ့ အဖွဲ့အား တပ်ရေးဗိုလ်ကြီး အာကာမြင့်ထံသို့ သတင်းပို့၍ အချုပ်သား ၇ ဦးအား ရှင်းလင်းရန် ညွှန်ကြားချက် ပေးလိုက်ပါတယ်” ဟု ပြောသည်။
ထိုသို့ သတ်ဖြတ်ပြီးနောက်တွင် အရပ်သား ၇ ဦးမှာ ဗုံးစထိမှန်သေဆုံးသွားကြောင့် တပ်မမှူးထံ သတင်းပို့ခဲ့သည် ဟု ဗိုလ်မှူးသိန်းထိုက်စိုးက ဆက်ပြောသည်။
“နောက်တစ်နေ့မနက်တွင် ခရိုင်မှူး ရဲမှူးကြီးခင်မောင်စိုး ရောက်လာပြီးတော့ အချုပ်သား ၇ ဦးအား သတ်သည့် ကိစ္စကို ဆွေးနွေး၍ ကျနော်တို့နှစ်ယောက် တပ်မမှူး မင်းမင်းထွန်းထံသို့ သွားရောက်ခဲ့ပြီး အချုပ်သား ၇ ဦးမှာ ဗုံးစထိမှန်၍ သေဆုံးခဲ့သည်ဟု သတင်းပို့ တင်ပြခဲ့ပါတယ်။”
ကိုဖိုးသီဟ အပါအဝင် အရပ်သား ၇ ဦးအား အချုပ်ခန်းထဲမှ ခေါ်ထုတ်ပြီး သေနတ်နှင့် ပစ်သတ်ကာ မြေမြှုပ်ခဲ့ သည့် ဖြစ်စဉ်တွင် ပါဝင်ခဲ့သူ စစ်တပ် အရာရှိများကလည်း ၎င်းတို့လုပ်ခဲ့သည့် ပြစ်မှုနှင့် ပတ်သက်၍ ဝန်ခံပြော ဆိုထားသည်။
ဖြစ်စဉ်တွင် ပါဝင်ခဲ့သူ ဗိုလ်ကြီးအာကာမြင့်က “ဒုတပ်ကြပ်သန်းအောင်နဲ့ မောင်မောင်ဆီကနေတဆင့် ကျနော့်ဆီ ကို အမိန့်တစ်ခု ရောက်ရှိလာခဲ့ပါတယ်။ ခရိုင်ရဲတပ်ဖွဲ့ရုံးကနေပြီးတော့ ခမရ ၃၇၈ မှာ ပြောင်းရွှေ့ ချုပ်နှောင် ထားတဲ့ ဖိုးလပြည့်အပါအဝင် အချုပ်သား ၇ ဦးကို သတ်ပစ်လိုက်ပါဆိုတဲ့ အမိန့်ပဲ ဖြစ်ပါတယ်” ဟု ပြောသည်။
ခမရ (၃၇၈) တပ်ရင်း၏ ဌာနချုပ် တပ်ခွဲမှူး ဗိုလ်မှူးသိန်းထိုက်စိုးထံမှ သတ်ဖြတ်ပစ်ရန် အမိန့်ရလာခဲ့ခြင်း ဖြစ်ပြီး ဆေးခန်းထဲက ဗုံးခိုကျင်း၌ သတ်ဖြတ်မြေမြှုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဗိုလ်ကြီး အာကာမြင့် က ဆက်ပြောသည်။
“ဘယ်နေရာမှာ ဆောင်ရွက်မလဲ မေးတဲ့အချိန်မှာတော့ ဒုတပ်ကြပ်သန်းအောင်က ဆေးခန်းအောက်မှာ မိသားစုတွေ တူးထားတဲ့ ဗုံးခိုကျင်းတွေ ရှိတယ်။ အဲ့ဒီနေရာမှာပဲ ဆောင်ရွက်လိုက်မယ်ဆိုပြီး အကြံပြုလို့ ကျနော်လည်း အဲ့ဒီနေရာမှာပဲ ဆောင်ရွက်ဖို့ ခွင့်ပြုလိုက်ပါတယ်။ ပြီးတာနဲ့ သေနတ်နဲ့ပဲ ဆောင်ရွက်ဖို့နဲ့ ကောင်းကောင်းမွန်မွန် မြေမြှုပ်သင်္ဂြိုလ်ခဲ့ဖို့ မှာလိုက်ပါတယ်။”
ဇန်နဝါရီလက အချုပ်ခန်းထဲမှ ခေါ်ထုတ်ပြီး သေနတ်နှင့် ပစ်သတ်ကာ မြေမြှုပ်ခဲ့ကြောင်း ကိုယ်တိုင်ပါဝင်ခဲ့ကြ သော စစ်ကောင်စီတပ် အရာရှိများက ဝန်ခံထွက်ဆိုထားသည့် ဗီဒီယိုဖိုင်များကို ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်လိုက်သည်။
ဗိုလ်ကြီး အာကာမြင့် က “ဒုတပ်ကြပ်သန်းအောင် ဦးစီးတဲ့အဖွဲ့က အချုပ်ခန်းထဲက ဖိုးလပြည့်အပါအဝင် အချုပ်သား ၇ ဦးကို ထုတ်ပြီး မျက်လုံးကို ပုဝါနဲ့စည်းပြီး လက်ကို လက်ထိပ်ခတ်ပြီးတော့ ဆေးခန်းကုန်း အောက်ဆီကို ခေါ်ဆောင်သွားခဲ့ပါတယ်။ ဒုတပ်ကြပ်သန်းအောင် ခေါ်ဆောင်သွားပြီး ၁၅ မိနစ်လောက် အကြာ မှာတော့ သေနတ်သံ ၇ ချက်၊ ၈ ချက်လောက် ကြားရပါတယ်။ သေနတ်သံကြားပြီးတော့ နောက်ထပ် ၁၅ မိနစ် လောက်မှာပဲ ဒုတပ်ကြပ်သန်းအောင် ဦးစီးတဲ့ အဖွဲ့ ဗိုလ်ကင်းကို ပြန်ရောက်လာပြီး ကျနော့်ဆီကို ဆောင်ရွက် ပြီးစီးခဲ့ကြောင်း သတင်းပို့ပါတယ်” ဟု ပြောသည်။
သတင်းထောက် ဖိုးသီဟ အသတ်ခံလိုက်ရခြင်းက သတင်းမီဒီယာလောကအပြင် ရခိုင်ပြည်အတွက်ပါ ဆုံးရှုံးမှု တစ်ခုဖြစ်ကြောင်း ၎င်း၏ လုပ်ဖော်ကိုင်ဖက် သတင်းသမားများက ပြောသည်။
စုံစမ်းထောက်လှမ်း သတင်းရေးသားဖော်ထုတ်ရသည်ကို စိတ်ဝင်စားသူ၊ ရခိုင်ပြည်တွင်းက လူ့အခွင့်အရေး ချိုး ဖောက်ခံရမှုများကို ဦးစားပေးဖော်ထုတ်ရေးသားခဲ့သူ ဖြစ်သည့် သတင်းထောက် ကိုဖိုးသီဟမှာ DVB၊ 7 Day၊ The Voice၊ DMG စသည့် သတင်းဌာနများနှင့် အခြားသတင်းဌာနများတွင် လုပ်ကိုင်ခဲ့သူ ဖြစ်သည်။
၎င်း အဖမ်းဆီးခံရချိန်တွင်မူ စစ်တွေမြို့အခြေစိုက် Western News သတင်းဌာန၌ ကူညီလုပ်ကိုင်ပေးနေခြင်း ဖြစ်သည်ဟု နီးစပ်သူများက ပြောသည်။
ကိုဖိုးသီဟကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့ မြောက်ဦးမြို့ရှိ ၎င်း၏နေအိမ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ က ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ကိုဖိုးသီဟကို ပုဒ်မ ၅၀၅ – က တပ်ကာ တရားစွဲဆိုခဲ့ကြပြီး မြောက်ဦးမြို့မ ရဲစခန်းတွင် ထိန်းသိမ်းထားခဲ့ကြခြင်း ဖြစ်သည်။
သတင်းထောက်ဖိုးသီဟနဲ့ ကိုဖိုးလပြည့် (ခေါ်) ကိုကျော်ဇံဝေတို့ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်းမှာ ဖမ်းဆီးထားတာဖြစ်ပြီး ကျန်တဲ့အရပ်သား ငါးယောက်ကိုလည်း ရက္ခိုင့်တပ်တော် (AA) နဲ့ ဆက်စပ်တယ်ဆိုပြီး မြောက်ဦး ခရိုင်ရဲတပ်ဖွဲ့ရုံး အချုပ်ထောင်မှာ ထိန်းသိမ်းထားခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီနောက် ကိုဖိုးသီဟဟာ မြောက်ဦးအခြေစိုက် ခမရ (၃၇၈) တပ်ရင်းထဲကို ပြောင်းရွှေ့ခံခဲ့ရပြီးနောက် အသတ် ခံခဲ့ရတာပါ။ သူတို့ကို ဇန်နဝါရီလ ၂၃ ရက်နေ့က အချုပ်ခန်းထဲကနေ ခေါ်ထုတ်ပစ်သတ်ပြီး မြေမြှပ် အလောင်း ဖျောက်ခဲ့တယ်လို့ စစ်တပ်အရာရှိတွေ ဝန်ခံထားတဲ့ ဗီဒီယိုဖိုင်တွေကို ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ထား ပါတယ်။