ခလရ ၁၄၂ အလံဖြူထောင် အညံ့ခံ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ မတ်လ ၈ ရက်။
ကချင်ပြည်၊ ဗန်းမော်မြို့နယ်၊ ဒေါ့ဖုန်းယန်အနီး ခန်းကိုင်တောင်ရှိ စစ်ကောင်စီတပ် လက်အောက်ခံ ခလရ (၁၄၂) တပ်စခန်း အလံဖြူထောင် လက်နက်ချခဲ့သည်ဟု မြေပြင်သတင်းအရင်းအမြစ်က ပြောသည်။
ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ပူးပေါင်းတပ်ဖွဲ့တို့က မတ်လ ၇ ရက်နေ့ (ယမန်နေ့)က စတင်၍ အဆိုပါ ခလရ ၁၄၂ တပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ပိတ်ဆို့ထားခဲ့ရာ ယနေ့တွင် ယခုကဲ့သို့ စစ်ကောင်စီ တပ်စခန်းဘက်က အလံဖြူထောင်အညံ့ခံလိုက်ခြင်း ဖြစ်သည်ဟု ပြောသည်။
မြေပြင် သတင်းအရင်းအမြစ်က “အလံဖြူထောင်တယ်ဆိုတာ ဟုတ်ပါတယ်။ မနေ့ကတည်းက ပိတ်ထားတော့ ဒီနေ့ အလံဖြူထောင်လာတယ် သူတို့ဘက်က။ အခုကတော့ စခန်းထဲ တချို့တဲတွေလည်း မီးလောင်ကုန်တယ်။ အခု အလံဖြူထောင်တဲ့ ဒီစခန်းက စခန်းကြီးပါပဲ။ အလံဖြူမထောင်ခင်အထိတော့ ပစ်နေကြတာပေါ့။ အခု တော့ ရပ်လိုက်ပြီ။ မပစ်တော့ဘူး” ဟု ပြောသည်။
မတ်လ ၈ ရက်နေ့ (ယနေ့) နံနက်ပိုင်းအချိန်ထိ ဒေါ့ဖုန်းယန်အနီးက ခန်းကိုင်တောင်တွင် အခြေချတပ်စွဲထားသည့် ခလရ ၁၄၂ တပ်စခန်းနှင့် ဗန်းမော် – မြစ်ကြီးနား လမ်းတလျှောက်က စစ်ကောင်စီတပ်စခန်းများကို KIA နှင့် ပူးပေါင်းအဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်နေခြင်း ဖြစ်ပြီး တိုက်ပွဲကလည်း ပြင်းပြင်း ထန်ထန်ဖြစ်ပွားနေသည်။
ယနေ့ နံနက် ၁၁ နာရီအချိန်ခန့်စပြီး ခန်းကိုင်တောင်က ခလရ ၁၄၂ တပ်စခန်းမှ အလံဖြူထောင်လာခြင်း ဖြစ် သည်။
“စစ်သုံးပန့်တွေကိုတော့ သွားခေါ်နေကြပြီ။ လက်နက်တွေလည်း များတယ်။ တပ်ထဲမှာ တပ်မိသားစုတွေလည်း ရှိတယ်လို့ ပြောတယ်။ အသေးစိတ်ကိုတော့ မသိသေးဘူး” ဟု အဆိုပါ မြေပြင် သတင်းအရင်းအမြစ်က ပြော သည်။
စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများကို KIA နှင့် ပူးပေါင်းအဖွဲ့က သိမ်းဆည်းရမိခဲ့ကြသည်။ ထို့အပြင် စခန်းထဲ တပ်မိသားစုများလည်း ရှိနေကြောင်း ပြောဆိုနေကြသော်လည်း အဆိုပါ အခြေအနေနှင့် ပတ်သက်၍ အသေး စိတ်အခြေအနေနှင့် နောက်ဆက်တွဲ အခြေအနေကို မသိရသေးပေ။
ယမန်နေ့ တိုက်ပွဲများ စတင်ဖြစ်ပွားချိန်ကစ၍ ဒေါ့ဖုန်းယန်နားတဝိုက်က ပြည်သူများမှာ ဘေးလွှတ်ရာကို ထွက် ပြေးတိမ်းရှောင် ကုန်ပြီ ဖြစ်သည်။
KIA နှင့် ပူးပေါင်းတပ်ဖွဲ့ မတ်လ ၇ ရက်နေ့ (ယမန်နေ့)ကလည်း မြစ်ကြီးနား – ဗန်း မော်လမ်းတစ်လျှောက်ရှိ စစ် ကောင်စီတပ် လက်အောက်ခံစခန်းများဖြစ်သည့် ဖွန်းပြန်တောင်၊ ဘွမ်ရယ်တောင်၊ ခယာတောင် စခန်းများအပြင် စခန်းပေါင်း ၁၀ ခုခန့်ကို (Hpum Pyen Bum) တပ်စခန်းအပါအဝင် စခန်း ၁၀ ခုထက်မနည်းကို သိမ်းပိုက်ရရှိခဲ့ ကြောင်း KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက သတင်းမီဒီယာများကို အတည်ပြု ပြောဆို ထားသည်။
ဓါတ်ပုံ – Crd (မတ်လ ၇ ရက်နေ့ တိုက်ပွဲပုံ)