လိုင်ဇာ ဌာနချုပ်ကို ဗုံးကြဲ၊ အရပ်သားများ ထွက်ပြေးနေရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ မတ်လ ၈ ရက်။

ရက်ပိုင်းအတွင်း စခန်းပေါင်း ၁၀ ခုထက်မနည်း ဆုံးရှုံးလိုက်ရသည့် စစ်ကောင်စီတပ်က ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်နေသည်။

လိုင်ဇာမြို့နှင့် အနီးဝန်းကျင်ကို စစ်တပ်က မတ်လ ၈ ရက်နေ့ (ယနေ့) နံနက်ပိုင်းမှစတင်၍ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

လိုင်ဇာမြို့ခံ အမျိုးသားတစ်ဦးက “လူထုနေတဲ့ နေရာတွေကိုပစ်တာပါ။ တရုတ်ဘက်ခြမ်းလည်းကျတယ်။ နယ် စပ်ဂိတ်နားတွေ ကျတယ်။ ကျနော်တို့ ပြည်သူတွေက မနေ့ကစပြီး ဘေးလွှတ်ရာကို ထွက်ပြေးနေကြပြီ။ ဒီနေ့ မနက်မှာတော့ အကုန်ပေါ့ ကျန်ခဲ့တဲ့လူတွေလည်း ထွက်ပြေးရတယ်။ လေယာဉ်က မနက်ကတည်းက လာလိုက် ပစ်လိုက်၊ ပြန်သွားလိုက် ပြန်လာဝဲလိုက် အဲ့လိုမျိုး ဖြစ်နေတာ” ဟု ပြောသည်။

လိုင်ဇာမြို့အနီးတဝိုက်တွင် မတ်လ ၇ ရက်နေ့ (ယမန်နေ့) ကစပြီး တိုက်ပွဲများ ပြင်းထန်နေခဲ့ပြီး စစ်တပ်ဘက်က မြို့ထဲကို လေကြောင်းသုံး ဗုံးကြဲမှုများ ဆက်တိုက်လုပ်နေသည်ဟု မြို့ခံများက ပြောသည်။

မတ်လ ၈ ရက်နေ့ နံနက်ပိုင်းတွင်လည်း လိုင်ဇာမြို့ထဲ လေကြောင်းနှင့် ဗုံးကြဲခဲ့ရာ တရုတ်နိုင်ငံဘက်ခြမ်း၌ပါ ကျရောက်ပေါက်ကွဲမှုများ ရှိခဲ့သည်။

“လေယာဉ်တွေကတော့ လာနေတာပဲ။ လေယာဉ်နဲ့လည်းပစ်တယ်။ လက်နက်ကြီးနဲ့ကတော့ သူတို့ဆီကလည်း ထုတယ်။ ကိုယ့်ဘက်ကလည်း ထုနေတာပဲ။ မနက် ၉ နာရီလောက်က လေယာဉ်နဲ့ လာချတာ။ လာချတော့ တရုတ်ဘက်ကမ်းနဲ့ လိုင်ဇာ အဝင်ဘက်နားလေ အဲ့နားမှာကျတယ်” ဟု ဒေသခံအမျိုးသမီး တစ်ဦးက ပြော သည်။

လက်ရှိ လိုင်ဇာမြို့၏ အခြေအနေနှင့်ပတ်သက်၍လည်း ဒေသခံအမျိုးသမီးကြီး တစ်ဦးက ယခုကဲ့သို့ ပြောသည်။

“ကျမတို့ မပြေးလို့မရတော့ဘူး။ အစပိုင်းတော့ သိပ်မစိုးရိမ်ရလောက်ပါဘူးဆိုပြီး မနေ့ကအထိ နေနေကြသေး တယ်။ ဒီနေ့မနက်ပိုင်းမှာတော့ မထွက်လို့မရတော့ဘူး။ အခုက ဘယ်နားလဲဆိုတော့ တောထဲပဲ ပြောရမယ်။ ဘေးလွှတ်နိုင်မယ့်နေရာပေါ့။ ကလေးတွေရော၊ လူကြီးတွေရော အကုန်လုံးပဲ။ ဘယ်သူဖြစ်ဖြစ် ကိုယ်ပြေး တတ်တဲ့နေရာ ကိုယ့်အစီအစဉ်နဲ့ကိုယ်ပြေးပဲ။ မြို့ကတော့ တိတ်ဆိတ်နေပြီ” ဟု ပြောသည်။

ယနေ့ မွန်းလွှဲပိုင်းအချိန်ထိ လေယာဉ်များ လိုင်ဇာအနီးဝန်းကျင်တွင် ပျံဝဲနေသေးသောကြောင့် မြို့ထဲက ပျက် စီးမှု၊ ထိခိုက်သေဆုံးမှု အခြေအနေ အသေးစိတ်ကို အတည်မပြုနိုင်သေးပေ။
မတ်လ ၇ ရက်နေ့ (ယမန်နေ့) ကလည်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့အနီးဝန်းကျင်ရှိ စစ်ကောင်စီ တပ်စခန်းကနေ မြို့ထဲကို လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့ရာ ဝေကျိုင်စစ်ရှောင်စခန်းအနီးနှင့် အခြားနေ ရာများတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၉ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အရပ်သား ၃ ဦး ထိမှန် သေဆုံးခဲ့သည်။

KIA နှင့် ပူးပေါင်းတပ်ဖွဲ့ မတ်လ ၇ ရက်နေ့ (ယမန်နေ့)တွင် မြစ်ကြီးနား – ဗန်းမော်လမ်းတစ်လျှောက်ရှိ စစ် ကောင်စီတပ် လက်အောက်ခံစခန်းများဖြစ်သည့် ဖွန်းပြန်တောင်၊ ဘွမ်ရယ်တောင်၊ ခယာတောင် စခန်းများအပြင် စခန်းပေါင်း ၁၀ ခုကျော်ကို သိမ်းပိုက်ခဲ့ပြီးနောက် စစ်တပ်က လေကြောင်းသုံး တိုက်ခိုက်လာခြင်း ဖြစ်သည်။

ဓါတ်ပုံ – မတ်လ ၇ ရက်နေ့ စစ်တပ်က ပစ်လိုက်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး အရပ်သား သေဆုံးမှု