မြိတ်နည်းပညာတက္ကသိုလ်တွင် သင်္ကြန်ပြုလုပ်ရန် ပြင်ဆင်နေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ မတ်လ ၉ ရက်။
မြိတ်နည်းပညာတက္ကသိုလ်တွင် မဖြစ်မနေကျောင်းသင်္ကြန် ကျင်းပရန်အတွက် ကျောင်းတာဝန်ရှိသူများက ဖိအားပေးခြင်းများ ရှိနေသည်ဟု ကျောင်းသူ/သားများက ပြောသည်။
ထားဝယ်နည်းပညာတက္ကသိုလ်မှ ဆရာ၊ ဆရာမအချို့ဖမ်းဆီးခံရသည့်နေ့ ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့က မှာပင် မြိတ်နည်းပညာ တက္ကသိုလ်ကို စစ်ကောင်စီတပ်က လုံခြုံရေးအနေဖြင့် ဝင်ရောက်လာပြီး တပ်စွဲနေထိုင်ခဲ့ခြင်းဖြစ်သည်။
မတ်လ ၄ ရက်နေ့တွင် ပြုလုပ်ဖို့လျာထားသည့် ကျောင်းသင်္ကြန်ကို စစ်ကောင်စီတပ်ရှိနေခြင်းကြောင့် မကျင်းပဖို့ ကျောင်းသားများမှဆန္ဒရှိခဲ့ကြပေသော်လည်း ကျောင်း၏ တာဝန်ရှိသူက လက်မခံခဲ့ဘူးဟု ကျောင်းသူ/သားများ က ပြောသည်။
လက်ရှိတွင် ကျောင်းသင်္ကြန် ကျင်းပမည့်ရက်ကို မတ်လ ၁၂ ရက်နေ့သို့ ရွှေ့ထားပြီး ပွဲအတွက် ပိုက်ဆံကောက်ခံ ခြင်းနှင့် အကတိုက်ခြင်းများ ပြင်ဆင်နေခဲ့ကြသည်။
မြိတ်နည်းပညာတက္ကသိုလ်မှ ကျောင်းသားတစ်ဦးက “ကျောင်းသားတွေက လွတ်လွတ်လပ်လပ် လုပ်ကိုင်လို့ရ မှာ မဟုတ်လို့ မလုပ်ချင်ဘူးဆိုပြီး ပြောကြတော့ ဦးဆောင်ပေးနေတဲ့ ကျောင်းသားကြီးတွေက ကျောင်းအုပ်ကို သွား ပြောပေးကြတယ်၊ အဲ့ဒီမှာ ကျောင်းက မလုပ်လို့တော့မရဘူး၊ ရက်ပဲရွှေ့ပေးမယ်ဆိုပြီး ပြောတာကြောင့် ရက်ကိုပဲ နောက်ကိုဆုတ်သွားတယ်” ဟု ပြောသည်။
မြိတ်နည်းပညာ တက္ကသိုလ်ထဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦးခန့် တပ်စွဲထားဆဲဖြစ်ပြီး ကျောင်းဂိတ်ပေါက်
အဝတွင် ယူနီဖောင်းအပြည့်အစုံနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးကလည်း နေ့စဉ် ဂိတ်စောင့်နေကြောင်း
ကျောင်းသူ/သားများက ပြောသည်။
ကျောင်းသားများကို လုံခြုံရေး မစိုးရိမ်ကြဖို့နှင့် ကျောင်းသား ကျောင်းသူများ၏ လုံခြုံရေးအတွက် ကျောင်းက တာဝန်ယူပေးမှာ ဖြစ်သည်ဟု မြိတ်နည်းပညာတက္ကသိုလ်ကျောင်းအုပ်ကြီးက ပြောကြောင်း ကျောင်းသားတစ်ဦး က ပြောသည်။
မြိတ်နည်းပညာ တက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းသင်္ကြန် ကျင်းပရန်အတွက် တစ်ဦးလျှင် တစ်သောင်းကျပ်စီ မထည့်မနေရ ပေးရကြောင်း ကျောင်းသူ/သားများ က ဆိုသည်။
မြိတ်တက္ကသိုလ် နှင့် မြိတ်ကွန်ပျူတာ တက္ကသိုလ်တွင်မူ ကျောင်းသင်္ကြန်ပြုလုပ်ရန်အတွက် အတင်းအကြပ် ဖိအားပေးခံရခြင်းမျိုး မရှိသေးကြောင်း အဆိုပါ ကျောင်းများတွင် တက်ရောက်နေသည့် ကျောင်းသူ/သားများ က ပြောသည်။
မြိတ်နည်းပညာ တက္ကသိုလ်တွင် ၂၀၂၃-၂၄ ပညာသင်နှစ် အတွင်း ဆရာ၊ ဆရာမ အရေအတွက် အယောက် ၃၀ ဝန်းကျင်ရှိပြီး ကျောင်းသား၊ ကျောင်းသူအရေအတွက် ၄၀၀ ဝန်းကျင်ခန့်ရှိသည် ဟု ကျောင်းသူ/သားများ၏ ပြောပြချက်အရ သိရသည်။