အရပ်သားများအား ဖမ်းပြီး သေနတ်ဟောင်းများဖြင့် ရှေ့တန်းပို့

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ မတ်လ ၁၄ ရက်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် အရပ်သားများအား ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA)က ရှေ့တန်း စစ်မြေပြင်သို့ ပို့ဆောင်နေသည်ဟု ပအိုဝ်းဒေသတွင်း သတင်းအရင်း အမြစ်များက ပြောသည်။

ပင်လောင်းမြို့နယ်၊ နန်းဖာမူနှင့် ဗန်းမောက် ကျေးရွာတို့တွင် မတ်လ ၁၁ ရက်နေ့က စတင်ပြီး စစ်သင်တန်း မတက်ဖူးသေးသည့် အရပ်သားများအား PNA က အဓမ္မပေါ်တာဆွဲ ခေါ်ယူနေခြင်း ဖြစ်သည်။

နန်းဖာမူ ကျေးရွာနေ အသက် ၄၂ နှစ်အရွယ် အမျိုးသမီး တစ်ဦးက “သူက ကြိုတင် ကြေညာထားတာ မဟုတ် ဘူး။ မနေ့ကမှ ရုတ်တရက် တစ်အိမ် တက်ဆင်း လိုက်ခေါ်တာဆိုတော့ ဘယ်လိုမှ ရှောင်ဖို့ မမီဘူး။ ပြေးတဲ့လူ လည်း တချို့ ရှိတာပေါ့နော်။ အများစုကတော့ ပါသွားကြတာပဲ” ဟု ပြောသည်။

လတ်တလောတွင် အသက် ၁၈ မှ ၃၅ နှစ်အတွင်း အမျိုးသား အယောက် ၃၀ ခန့်အား ခေါ်ယူထားပြီး ဖြစ်ရာ အိမ်ထောင်စု အစဉ်လိုက် ရွာလုံးကျွတ် ခေါ်ယူသွားမည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ယခု အဓမ္မ ပေါ်တာဆွဲ ခေါ်ယူခံထားရသည့် အမျိုးသားများမှာ သေနတ် မပစ်တတ်သည့်အပြင် ပေးအပ်ထား သည့် လက်နက်များမှာလည်း မီးကျိုး၊ မောင်းပျက်များ ဖြစ်သောကြောင့် ၎င်းတို့၏ လုံခြုံရေးအတွက် စိုးရိမ် ပူပန်နေရသည်ဟု မိသားစုဝင်များက ဆိုသည်။

ဗန်းမောက် ကျေးရွာနေ ပအိုဝ်းအမျိုးသားရေး တက်ကြွလှုပ်ရှားသူ တစ်ဦးက “သွားရင် သေမယ်ဆိုတာတော့ သိ ကြတယ်။ ဒါပေမယ့် မသွားရင် ချက်ချင်း ဒီနေရာမှာတင် ပစ်သတ်ခံရမယ်။ သွားရင်တော့ နောက်မှ သေမယ်။ ကံကောင်းရင် လက်နက်ချလို့ ရမယ်။ အဲ့လို တွေးကြတာပေါ့လေ” ဟု ပြောသည်။

ပင်လောင်းမြို့နယ်၊ ဖယ်ခုံ – ပင်လောင်းနယ်စပ်ရှိ နန်းဖာမူ၊ ဗန်းမောက်၊ ကုန်းပေါ၊ နောင်ဝိုး စသည့် ကျေးရွာများ တွင် စစ်ကောင်စီတပ်၊ PNA ပူးပေါင်းတပ်များနှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) တို့ အကြား ပြင်းထန်စွာ တိုက်ပွဲ ဖြစ်ပွားနေပြီး ဖုန်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားသည်။

ထို့အပြင် ယင်းကျေးရွာများရှိ အရပ်သားများမှာ နီးစပ်ရာ အခြားသော မြို့နယ်များနှင့် တောတောင်နေရာများထဲ သို့ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ အကူအညီများလည်း လိုအပ်နေသည်ဟု စစ်ဘေးရှောင် အရေး ကူညီပေးနေသည့် အဖွဲ့အစည်း တာဝန်ရှိသူများက ပြောသည်။