စစ်တပ်က ဆီဆိုင်မြို့ထဲ ဓါတုအဆိပ်ငွေ့ဗုံးကြဲခဲ့ဟု PNLA စွပ်စွဲ

သတင်းနှင့်မီဒီယာကွန်ရက်။
၂၀၂၄ ခုနှစ်။ မတ်လ ၁၀ ရက်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဆီဆိုင်မြို့တွင် စစ်ကောင်စီတပ်က လေယာဉ်နှင့် ဒရုံးများသုံးပြီး ဓါတုအဆိပ်ငွေ့ဗုံး နှင့် ဗုံးကြဲ တိုက်ခိုက်မှုများ လုပ်နေသည်ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) က စွပ်စွဲပြောဆိုလိုက်သည်။

ဆီဆိုင်မြို့၏ နေရာအနှံ့အပြားကို မတ်လ ၆ ရက်နေ့က တစ်နေ့ကုန်နီးပါး ဗုံးကြဲချ တိုက်ခိုက်ခဲ့ရာ PNLA တပ်ဖွဲ့ ဝင်များ ပြင်းထန်စွာ ထိခိုက်မှုများ ရှိခဲ့သည်ဟု PNLA စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။

“အဲ့ဒီ ဓါတ်ငွေ့ဗုံးနဲ့ တိုက်ခိုက်တာပေါ့နော်။ အဲဒီမှာ ရှူမိတဲ့ ရဲဘော်တွေ ထိခိုက်တဲ့ ရဲဘော်တွေ ခံစားရတဲ့ ဝေဒ နာတွေက ပုံစံတူတွေ ဖြစ်တယ်ပေါ့နော်။ ပြီးတော့ မူးဝေတာ၊ အရေပြားတွေယားတာ ပြီးတော့ စိတ်အတက် အကျ မြန်တာ၊ အောက်ဆီဂျင်ကျတာ အဲ့လိုမျိုးတွေ ပုံစံတူ ခံစားရတာပေါ့လေ။ အဲ့ဒါကို ကျနော်တို့ အခုထိ ဆေးဝါး ကုသပေးနေရဆဲ ဖြစ်တယ်ပေါ့နော်။ ဘယ်လိုအဆိပ်လဲ ဆိုတာကတော့ ကျနော်တို့ စစ်ဆေးနေတုန်း ဖြစ်တယ် ပေါ့လေ။”

လတ်တလောတွင် PNLA တပ်ဖွဲ့ဝင်များ၏ ကျန်းမာရေး အခြေအနေကို စောင့်ကြည့်နေရဆဲ ဖြစ်ပြီး အသက်ရှူ ကြပ်ခြင်းများ ဖြစ်နေသည့်အတွက် စိုးရိမ်နေရသည်ဟု ဆက်ပြောသည်။

PNLA စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ က “ဆီဆိုင်ကို သူတို့ အဆိပ်ငွေ့ကြဲတာ တိုက်ပွဲဖြစ်ပွားမှု မရှိဘူး။ သူတို့က တမင်သက်သက် အဲ့ဒီ အဆိပ်ငွေ့ဗုံးနဲ့ လာပြီးတော့ တိုက်ခိုက်တာ ဖြစ်တယ်။ ဒါက အလုံးစုံ ဖျက်ဆီး ရေးဆိုတဲ့ ပုံစံအတိုင်း စစ်ကောင်စီက လုပ်နေ တာကို တွေ့နေရတဲ့ လုပ်ရပ်တွေ ဖြစ်တယ်” ဟု ဆက် ပြော သည်။

ဓါတုအဆိပ်ငွေ့ဗုံးကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ PNLA တပ်ဖွဲ့ဝင် ၈ ဦး၊ ပြည်သူများအပါအဝင် စုစုပေါင်း ၁၅ ဦးခန့် ရှိနေသည်။ လက်ရှိတွင် အဆိပ်ငွေ့ဗုံးကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူများအတွက် ဆေးဝါးမလုံလောက်မှု အခက်အခဲများ ဖြစ်နေသည်။

မတ်လ ၆ ရက်နေ့တွင် စစ်ကောင်စီက ဆီဆိုင်မြို့ထဲ လေယာဉ်အပြင် ဒရုန်းသုံး၍ ဓာတု အဆိပ်ငွေ့ဗုံးနှင့် တိုက် ခိုက်ခဲ့သည့်အတွက် အဆိပ်ငွေ့ရှူမိသော PNLA ရဲဘော်နှင့် ပြည်သူများမှာ အရေပြားယားယံခြင်း၊ မူးဝေခြင်း၊ အသက်ရှူ မြန်ဆန်ခြင်း၊ မောပန်းပြီး အောက်စီဂျင်ကျခြင်း အစရှိသည့် လက္ခာများ ခံစားခဲ့ရသည်ဟု PNLA က ထုတ်ပြန်ထားသည်။

မတ် ၇ ရက်နေ့နှင့် ၈ ရက်နေ့တုန်းကလည်း ဆီဆိုင်မြို့ထဲရှိ နေရာအနှံ့အပြားကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ လူနေအိမ်များ မီးလောင်ပြာကျ ပျက်စီးခဲ့ပြီး အရပ်သားအချို့ ထိခိုက်မှုများ ရှိခဲ့သည်ဟု မြို့နေ ပြည်သူများက ပြောသည်။