စစ်တပ်နှင့် PNA အဖွဲ့က ပအိုဝ်းအမျိုးသားဝတ်စုံ ဝတ်ပြီး ရှေ့တန်းထွက်နေဟုဆို
သတင်းနှင့်မီဒီယာကွန်ရက်။
၂၀၂၄ ခုနှစ်။ မတ်လ ၁၀ ရက်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်ထဲ စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့တို့က ပအိုဝ်း အမျိုးသား ဝတ်စုံများ ဝတ်ပြီး ရှေ့တန်းထွက်နေသည်ဟု မျက်မြင်တွေ့ရှိသူ ဒေသခံအချို့က ပြောသည်။
ဟိုပုံးမြို့ပေါ်က ပြည်သူပိုင် ကား ၈ စီးကို ချောဆွဲခဲ့ပြီးနောက် မတ်လ ၇ ရက်နေ့၊ နံနက် ၈ နာရီအချိန်ခန့်တွင် စစ်သားများနှင့် PNA တပ်ဖွဲ့ဝင်များက လက်နက်အပြည့်အစုံနှင့် လွယ်ဝိုးတောင်ကျေးရွာဘက်ကို တက်သွား သည်ဟု ကျေးရွာနေ ပြည်သူများက ပြောသည်။
ပအိုဝ်းဝတ်စုံတွေ ဝတ်ပြီး တက်သွားကြခြင်းဖြစ်သည်ဟု ဟိုပုံးမြို့ခံ အမျိုးသား တစ်ဦးက ပြောသည်။
“အရင်ကတော့ ဒီလိုမျိုးတွေ မရှိပါဘူး။ အခုက တစ်မျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ ဝတ်စုံကို ဒီလိုမျိုး စစ်မြေပြင် မှာ အသုံးပြုပြီးတော့ လက်နက်လွယ်ပြီးတော့ တိုက်ခိုက်တယ် ဆိုတာက ပထမဆုံး အနေနဲ့ လူမျိုးစု တစ်ခုလုံး ကို စော်ကားတာ ဖြစ်တယ်။ ဒုတိယ အနေနဲ့ အမျိုးသား ဝတ်စုံကို ဒီလို ဝတ်တာဟာ အောက်တန်းကျ ယုတ်မာ တဲ့ လုပ်ရပ်တွေ ဖြစ်တယ်ပေါ့နော်။”
အိမ်စီးကားများထဲ၌ လက်နက်ခဲယမ်း အပြည့်အစုံ သယ်ဆောင်လာပြီး စစ်ကောင်စီတပ်သားများနှင့် PNA အဖွဲ့ က တပ်ဖွဲ့ဝင်များ အားလုံးသည် စစ်ဝတ်စုံကို တစ်ဦးတစ်ယောက်မှ မဝတ်ဘဲ ပအိုဝ်းအမျိုးသား ဝတ်စုံများကို ဝတ်ဆင်ထားသည့်အပြင် သေနတ်များလည်း လွယ်ထားသည်ဟု ဆိုကြသည်။
ထို့အပြင် စစ်ကောင်စီတပ်နှင့် PNA ပူးပေါင်းတပ်ဖွဲ့တို့က ဟိုပုံးမြို့နေ ပြည်သူများကို ခြိမ်းခြောက် ငွေညှစ်ခြင်း၊ အော်ဟစ်ဆဲဆိုခြင်းများ လုပ်ခဲ့ပြီး လာမည့် ရက်သတ္တတစ်ပတ်အတွင်း စစ်မှုထမ်း ခေါ်ဖို့ လုပ်နေကြောင်းပါ ပြောဆိုသွားသေးသည်ဟု မြို့ခံများက ပြောသည်။
စစ်ကောင်စီတပ်နှင့် PNA ပူးပေါင်းတပ်ဖွဲ့တို့၏ ယခုလုပ်ရပ်မှာ ၎င်းတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုကို ထိခိုက်စေ သည့်အပြင် အောက်တန်းကျ ယုတ်မသည့် လုပ်ရပ်သာ ဖြစ်သည်ဟု ပအိုဝ်းအမျိုးသားအရေး တက်ကြွ လှုပ်ရှား သူ တစ်ဦးက ပြောသည်။
“ဒီကမ္ဘာမှာ ဘယ်စစ်တပ်ကမှ အမျိုးသားဝတ်စုံ ဝတ်ဆင်ပြီးတော့ စစ်မတိုက်ဘူးပေါ့လေ။ အခုက ပအိုဝ်းအမျိုး သားဝတ်စုံ ဝတ်ပြီးတော့ ဒီပအိုဝ်းဒေသကို ပြန်လည် ဖျက်ဆီးတဲ့ အကြမ်းဖက်လုပ်ရပ်တွေ လုပ်တယ်ဆိုတာ ဒါ စစ်ရာဇဝတ်မှု ကျူးလွန်တာ ဖြစ်တယ်ပေါ့။ ပြီးတော့ လူမျိုးတစ်မျိုးရဲ့ ကိုယ်ပိုင် ယဉ်ကျေးမှု ကိုယ်ပိုင်အင်္ဂါ လက္ခဏာကို ဖျက်ဆီးနေတာ ဖြစ်တယ်ပေါ့လေ။ ဒါဟာ အင်မတန်မှ ရက်စက်ယုတ်မာ အောက်တန်းကျတဲ့ လုပ်ရပ်တွေ ဖြစ်တယ်လို့ ပြောချင်တယ်။”
ပအိုဝ်းဝတ်စုံ ဝတ်ပြီး ရှေ့တန်းထွက်ခြင်းသည် စစ်ကောင်စီက လူမျိုးရေး ပဋိပက္ခဖြစ်အောင် လှုံ့ဆော်နေခြင်းမျိုး ဖြစ်သည့်အပြင် တော်လှန်ရေး အင်အားစုများက အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်နေသည့် ပုံစံမျိုး နိုင်ငံတကာစာမျက်နှာ၌ ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့်နေခြင်းမျိုး ဖြစ်သည်ဟု ပအိုဝ်းလူငယ်အချို့က ပြောသည်။
ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကစပြီး ဟိုပုံးနှင့် မိုင်းပွန်မြို့ကြားရှိ နေရာများတွင် စစ်ကောင်စီတပ်၊ PNA ပူးပေါင်း တပ်နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA)တို့အကြား တိုက်ပွဲများ ပြင်းထန်နေပြီး လွယ် ဝိုးတောင်ကျေးရွာ အပါအဝင် ရွာပေါင်း ၁၀ ရွာကျော်က ပြည်သူများ ဘေးလွှတ်ရာကို ထွက်ပြေး တိမ်းရှောင်နေ ကြရသည်။