ဟိုပုံးတွင် စစ်ကောင်စီ၏ ပေါင် ၅၀၀ ဗုံးဖြင့် လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား တစ်ဦး သေဆုံး

သတင်းနှင့်မီဒီယာကွန်ရက်။
၂၀၂၄ ခုနှစ်၊ မတ်လ ၁၁ ရက်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ ကျောက္ကချားကျေးရွာတွင် စစ်ကောင်စီက တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ ပေါင် ၅၀၀ အလေးချိန်ရှိသည့် ဗုံးဖြင့် လေကြောင်းမှ တိုက်ခိုက်ခဲ့သည်ဟု ကျေးရွာနေ ပြည်သူများက ပြော သည်။

မတ်လ ၈ ရက်နေ့၊ နံနက် ၁၁ နာရီအချိန်ခန့်တွင် လေကြောင်းဖြင့် ၂ ကြိမ်တိတိ တိုက်ခိုက်ခဲ့ရာ လူနေအိမ် ၆ လုံး မီးလောင်ပြာကျ ပျက်စီးခဲ့ပြီး အရပ်သား တစ်ဦးမှာလည်း ပွဲချင်းပြီး သေဆုံးခဲ့သည်။

သေဆုံးသူနှင့် နီးစပ်သူ တစ်ဦးက “လက်နက်ကြီး ကျတော့ အကုန်ပြေးကြတာ။ သူက အသက်ကြီးပြီဆိုတော့ ပြေးဖို့ မမီလိုက်ဘူး။ အိမ်ပေါ်တည့်တည့်ကျတော့ ပွဲချင်ပြီးသွားတာ။ အလောင်းက သစ်သားပုံနဲ့ ပိနေတာ။ မနည်း ဆွဲထုတ်ရတယ်” ဟု ပြောသည်။

သေဆုံးသူမှာ ကျောက္ကချားကျေးရွာနေ အသက် ၅၀ အရွယ် ဦးခွန်ထွန်း ဖြစ်ပြီး ပအိုဝ်းပြည်သူ့စစ် (PNA) လော် ဘီများက လူမှုကွန်ယက် စာမျက်နှာ (Facebook)တွင် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) ဘက်က ဒရုန်းဖြင့် ဗုံးကြဲချခဲ့သည်ဟု ဝါဒဖြန့်ထားသည်။

ကျောက္ကချားကျေးရွာတွင် PNLA ဘက်က တပ်စွဲထားခြင်း မရှိသည့် အပြင် စစ်ရေးလှုပ်ရှားသည့် နယ်မြေထဲ တွင်လည်း မပါဝင်ဘဲ စစ်ကောင်စီဘက်မှ ရည်ရွယ်ချက်ရှိရှိ အရပ်သားများအား ပစ်မှတ်ထား တိုက်ခိုက်ခြင်း ဖြစ်သည်ဟု PNLA စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။

“ဘာဖြစ်လို့ ပစ်တာ ဖြစ်နိုင်သလဲ ဆိုတော့ ဒါက သူတို့လုပ်နေကြ ပုံစံအတိုင်းပဲပေါ့နော်။ ဒီဒေသမှာ တော်လှန် ရေးသမား ရှိနိုင်တယ်လို့ ယူဆရင် ဒီဒေသ တစ်ခုလုံးကို အလုံးစုံ ဖျက်ဆီးရေးဆိုတဲ့ အမူအကျင့်အတိုင်းပဲ စစ်ကောင်စီက တမင်သက်သက် လက်နက်ကြီးတွေ ပစ်တယ်။ ပြည်သူလူထုနဲ့ တော်လှန်ရေးသမားကြားမှာ သွေးကွဲအောင် သွေးခွဲတာမျိုး အဲလိုမျိုး ရည်ရွယ်ချက်တွေနဲ့ လုပ်တာ ဖြစ်နိုင်တယ်လို့ သုံးသပ်တယ်။”

လတ်တလောတွင် ကျောက္ကချားကျေးရွာနေ ပြည်သူများမှာ ထိတ်လန့်ကြောက်ရွံ့နေကြပြီး နီးစပ်ရာ တော တောင်များထဲ စစ်ဘေးရှောင်နေရသည်။ အဆိုပါ စစ်ရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာ အခက်အခဲများ ရှိနေသည်။

ကျောက္ကချားကျေးရွာနေ အသက် ၃၅ နှစ်အရွယ် အမျိုးသား တစ်ဦးက “အရင်ကလည်း ဗုံးကြဲဖူးတယ်။ အဲ့တုန်း ကလည်း လူသေတာပဲ။ ဒါပေမယ့် နောက်ပိုင်း ငြိမ်သွားတော့ ကိုယ့်ရွာကိုယ်ပဲ ပြန်နေကြတယ်။ စစ်ရှောင်တယ် ဆိုတာလည်း သိတဲ့အတိုင်း ရေရှည် ဖြစ်လာရင် ပိုက်ဆံက လိုတယ်လေ။ အကြာကြီး ရှောင်လို့မှ အဆင်မပြေ တာ” ဟု ပြောသည်။

စစ်ကောင်စီတပ်များသည် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကလည်း ကျောက္ကချားကျေးရွာကို လေကြောင်းမှ တိုက် ခိုက်ခဲ့ပြီး အရပ်သားတစ်ဦး သေဆုံး၊ ၃ ဦးမှာ ပြင်းထန်ဒဏ်ရာများ ရခဲ့ဖူးသည်။

ဇန္နဝါရီလ အစောပိုင်းကတည်းက ဟိုပုံးမြို့နယ်တွင် PNA တပ်များ အဓမ္မစစ်မှုထမ်း ခေါ်ယူနေသည်ဖြစ်ရာ ဒေသခံ အမျိုးသားများမှာ နီးစပ်ရာမြို့နယ်များနှင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။