တိုက်ပွဲများ ပြင်းထန်နေသည့် ရခိုင်နှင့် ရှမ်းမြောက်တွင် စစ်တပ်က မုဒိမ်းမှုများကျူးလွန်

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၁၁ ရက်။

စစ်ကောင်စီတပ်သည် ရခိုင်ပြည်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း၌ ဖြစ်ပွားနေသော တိုင်ပွဲများအတွင်း အရပ်သား ပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု အမျိုးမျိုးကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လျှက် ရှိသည်။

စစ်ကောင်စီတပ်သားများက ရခိုင်ပြည် မင်းပြားမြို့နယ်ထဲက အမျိုးသမီးတစ်ဦးကို အဖွဲ့လိုက် မုဒိမ်းကျင့်ခဲ့ကြ သည်ဟု ထိုဖြစ်စဉ်တွင် ပါဝင်ခဲ့သူ စစ်သားတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်သည်။

စစ်ကောင်စီ၏ တပ်မ ၂၂ လက်အောက်ခံ ခမရ (၂၀၅) တပ်ရင်းက တပ်ဖွဲ့ဝင်များက မင်းပြားမြို့နယ်၊ ငတန်ပျင်း ကျေးရွာသူ တစ်ဦးကို အုပ်စုလိုက် မုဒိမ်းကျင့်ပြီးနောက် သတ်ဖြတ်ခဲ့သည်ဟု မုဒိမ်းကျင့်ရာ၌ ပါဝင်ပြီး စစ်သုံ့ပန်း အဖြစ် ဖမ်းဆီးခံရသူ စစ်ကောင်စီတပ်သား တစ်ဦးက ဝန်ခံပြော ဆိုလိုက်သည်။

စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံလိုက်ရတဲ့ တပ်သား ကိုကိုအောင်က “အန်တီကြီး တစ်ယောက်နဲ့ ကောင်မလေး တစ် ယောက်ကို တွေ့ပါတယ်။ တွေ့တဲ့အချိန်မှာ ပြီးသွားတဲ့အချိန်မှာ ဗိုလ်ကြီး နေလင်းကျော်ကနေပြီးတော့ ခေါ် ပါ တယ်။ ခေါ်ပြီးတော့ ကောင်မလေးကို အန်တီကြီးနဲ့ ဒူးထောက် ပြီးတော့ထားပါတယ်။ ကောင်မလေးက ငိုယို ပြီးတော့ ပြီးတော့ ပြောဆိုပါတယ်။ ကျမကို မလုပ်ပါနဲ့ မလုပ်ပါနဲ့ ငိုယိုပြီးပြောပြီးတော့ ကောင်မလေးကို ပဝါ စည်း ပြီးတော့ အထဲ ထဲကို ခေါ်သွားပါတယ်။ အိမ်အောက်ကို ခေါ်သွားပါတယ်။ ခေါ်သွားပြီးတော့ ဆရာကျော် မျိုးဦးကနေ ပြီးတော့ စပြီးတော့ မုဒိမ်းစကျင့်ပါတယ်” ဟု ပြောသည်။

ထို့နောက် “ကျင့်ပြီးတော့ ဒု – တပ်ကြပ် သူရနိုင် ကျင့်ပါတယ်။ ဒု-တပ်ကြပ် ကျင့်ပြီးတော့ တပ်သားသစ် ချစ် လင်းဦး ကနေကျင့်ပါတယ်။ ကျင့်ပြီးတော့ တပ်သားသစ် မျိုးအောင် ကနေ ကျင့်ပါတယ်။ ကျင့်ပြီးတော့ တပ် သားသစ် ကျနော် ကိုကိုအောင်ကနေ နောက်ဆုံးကနေ ကျင့်ပါတယ်” ဟု တပ်သားကိုကိုအောင်က ဆက် ပြော သည်။

မင်းပြားမြို့နယ် ငတန်ပျင်းကျးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဇန္နဝါရီလ ၁၆ ရက်နေ့၌ ရောက်ရှိလာပြီးနောက် ဇန္နဝါရီလ ၁၇ ရက်နေ့တွင် အဖွဲ့လိုက် မုဒိမ်းပြုကျင့်မှုကို ကျူးလွန်ခဲ့ကြခြင်း ဖြစ်သည်ဟု စစ်သုံ့ပန်းအဖြစ် ဖမ်း ဆီးခံထားရသူ တပ်သား ကိုကိုအောင်က ပြောသည်။

စစ်ကောင်စီတပ်သား ကိုကိုအောင်၏ ဝန်ခံပြောဆိုမှုကို ရက္ခိုင့်တပ်တော် AA က မတ်လ ၄ ရက်နေ့တွင် ရုပ်သံ နှင့် အတူ ထုတ်ပြန်ထားခြင်း ဖြစ်သည်။

ထိုအမျိုးသမီးကို အုပ်စုလိုက် မုဒိမ်းပြုကျင့်ပြီးနောက် သတ်လိုက်သည်ဟု တပ်သား ကိုကိုအောင်က ဆက် ပြော သည်။

“ကျင့်ပြီးတော့ ကောင်မလေးကို ဆွဲထုတ်ပြီးတော့ ဘေးဖက်ကို ထားတဲ့အချိန်မှာ ဆရာကြီး ကျော်မျိုးဦး ကနေ ပြီးတော့ အဲဒီ အန်တီကြီးကို ကျည် ၂ ချက် နဖူးကို ပစ်လိုက်ပါတယ်။ တပည့်ကိုကိုအောင်တော့ အဲဒီ ကောင်မ လေးကို ရင်ဘတ်တည့်တည်ကို သေနတ်နဲ့ပစ်လိုက်ပါတယ်။ မသေပဲနဲ့ ဆရာသူရနိုင်ကနေပြီးတော့ ခြောက် လက်မ ဓားနဲ့ကို လည်ပင်းကို လှီးလိုက်ပါတယ်။ လှီးလိုက်တဲ့အချိန်မှာ သူတို့ ၂ ယောက် သေသွားတဲ့ အချိန်မှာ ဆရာကြီး ကျော်မျိုးဦး ကနေပြီးတော့ သတင်းပို့ ပြီးတော့ သူတို့ကို အမိန့်ပေးပါတယ်။ သူတို့ ၂ ယောက်ကို ဒီအတိုင်းထားခဲ့ပြီးတော့ ပြောဆိုပါတယ်။”

အသတ်ခံရတဲ့အထဲ မုဒိမ်းပြုကျင့်ခံရသူ အမျိုးသမီးနှင့်အတူ သူမ၏ မိခင်ဖြစ်သူလည်း ပါသည်ဟု AA က ထုတ်ပြန်သည်။

မုဒိမ်းကျင့် သတ်ဖြတ်ပြီးနောက် အလောင်းများကို ထားခဲ့ပြီး ခရီးဆက်ခဲ့ကြပေသော်လည်း စစ်ကောင်စီ တပ်ဖွဲ့ ဝင်များမှာ လမ်း၌ပင် ရက္ခိုင့်တပ်တော် AA ၏ လက်ချက်နှင့် သေဆုံးသွားခဲ့သည်ဟု တပ်သား ကိုကိုအောင်က ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် ရခိုင်ပြည်၌လည်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာခဲ့သည်။

အဆိုပါ တိုက်ပွဲများကြားက ပြည်သူလူထုကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခြင်း၊ လူသားဒိုင်းလုပ်ခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ မုဒိမ်းကျင့်ခြင်း စသည့် စစ်ရာဇဝတ်မှုများကို ကျူးလွန်နေသည်ဟု လူ့အခွင့် အရေး လှုပ်ရှားသူများနှင့် AA က ဆိုသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မိုးမိတ်တိုက်ပွဲအတွင်း ဒေသခံအမျိုးသမီးများအား စစ်ကောင်စီတပ်သားများမှ အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုများ ရှိခဲ့သည်ဟု ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင် (SHRF) က ပြောသည်။

စစ်ကောင်စီတပ်သားများမှ မိုးမိတ်ဒေသခံ အမျိုးသမီးများအား ဇန္နဝါရီ ၁၉ ရက်နေ့မှ ဇန္နဝါရီလ ၂၆ ရက်နေ့ အတွင်း အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင် က ထုတ်ပြန်ထားသည်။

ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင် ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်က “ကျမတို့ အခု အချက်အလက်တွေက ကာယ ကံရှင်တွေ၊ ထွက်ပြေးတိမ်းရှောင်လာတဲ့ အိမ်နီးချင်းတွေရယ်၊ ဆွေမျိုးတွေကို မေးထားတာပါ” ဟု ပြောသည်။

စစ်ကောင်စီ လက်အောက်ခံ တပ်မ ၉၉ မှ တပ်သား ၃ ဦးသည် ဇန္နဝါရီလ ၁၉ ရက်နေ့၊ နံနက် ၄ နာရီအချိန်တွင် မိုးမိတ်မြို့၊ ရွာတော်လေးရပ်တွင်ရှိသော အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို နေအိမ်အတွင်း၌ အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့သည်ဟု ဆိုသည်။

ထို့နောက် ဇန္နဝါရီလ ၂၀ ရက်နေ့တွင်လည်း မိုးမိတ်မြို့နယ် အုန်းကြောကျေးရွာသစ်တွင် ကျွဲနွားများကို အစာ ကျွေးရန် ပြန်လာသည့် လင်မယားနှစ်ဦးကိုတွေ့ပြီး အမျိုးသားကို ပစ်သတ်ကာ အသက် ၃၀ အရွယ် ရှိသော အမျိုးသမီးကို အဓမ္မပြုကျင့်ကာ ပစ်သတ်သွားသည်ဟု SHRF ၏ ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

ထို့အပြင် ဇန္နဝါရီလ ၂၆ ရက်နေ့တွင်လည်း တပ်မ ၉၉ မှ တပ်သား ၅ ဦးသည် ရွှေဇာလီကျေးရွာအနီး တော အတွင်း၌ ပုန်းအောင်းနေသည့် အသက် ၃၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးကိုလည်း အုပ်စုဖွဲ့ အဓမ္မ ပြုကျင့်ခဲ့ သည်ဟု SHRF က ထုတ်ပြန်ထားသည်။

ထိုသို့ ကျူးလွန်ခဲ့သော တပ်မ ၉၉ တပ်သားများမှာ ဇန္နဝါရီလ ၂ ရက်နေ့တွင် မန္တလေးဘက်မှ စစ်ကားသုံးစီး လာသည့် အင်အား ၂၀၀ ခန့်ပါသော စစ်ကြောင်းမှ တပ်ဖွဲ့ဝင်များ ဖြစ်သည်။

မိုးမိတ်ဒေသခံ အမျိုးသမီးများ အုပ်စုဖွဲ့ အဓမ္မ ပြုကျင့်ခံခဲ့ရသည့် အခြေအနေနှင့် ပတ်သက်၍ ဒေသခံများက သတင်းများ ထွက်ပေါ်နေသည်မှာ မှန်ကန်ကြောင်း ယခုကဲ့သို့ ပြောသည်။

မိုးမိတ်ဒေသခံ တစ်ဦးက “အဲ့ဒါကတော့ ကျနော်တို့လည်း စစ်ဘေးရှောင်နေရတော့ ကြားတာတော့ ကြားတယ်။ မုဒိမ်းကျင့်ခဲ့ရတယ်ပေါ့။ ခက်တာက ကိုယ်တွေလည်း စစ်ရှောင်နေရတော့ မြင်တာမျိုးမဟုတ်ဘူးပေါ့နော်။ ဒီကလူတွေက အချင်းချင်း လာပြောပြကြတာမျိုးပေါ့” ဟု ပြောသည်။

ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်၏ ထုတ်ပြန်ပြောဆိုချက်အရ မိုးမိတ်ဒေသခံအမျိုးသမီး ၃ ဦးအား စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အုပ်စုဖွဲ့ အဓမ္မပြုကျင့်ပြီးနောက် တစ်ဦးကို သတ်သွားသည်ဟု ဆိုသည်။

လက်ရှိတွင် မိုးမိတ်မြို့၌ အင်တာနက်လိုင်းများ ပြတ်တောက်နေသည့်အပြင် အချို့နေရာများတွင် ဖုန်းလိုင်းများပါ ပြတ်တောက်နေသောကြောင့် စစ်ကောင်စီတပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများမှာ လက်လှမ်းမမှီနိုင်သည့် နေရာများလည်း ရှိနိုင်သေးသည်ဟု ဆိုသည်။

၂ဝ၂၄ ခုနှစ်၊ ဇန္နဝါရီလ ၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၂ ရက်နေ့အထိ မိုးမိတ်မြို့နယ်အတွင်း စစ်ကောင်စီတပ်၏ သတ်ဖြတ်မှုကြောင့် ဒေသခံ ၂၇ ဦးသေဆုံးပြီး၊ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည် ဟု ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင် က ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်၊ မိုးမိတ်မြို့ကို ဇန္နဝါရီလတွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ က ဝင်ရောက် သိမ်းပိုက် ရန် ကြိုးစားခဲ့ပြီး မအောင်မြင်ခဲ့ဘဲ ဇန္နဝါရီလ ၂၇ ရက်နေ့တွင် စစ်ကောင်စီတပ်မှ မိုးမိတ်မြို့အား ပြန်လည် ထိန်း ချုပ်ထားလိုက်သည်။

စစ်ကောင်စီတပ်သည် လက်နက်ကိုင်ပဋိပက္ခအတွင်း အသက်အရွယ်မ‌ရွေး၊ ကျား၊မ မရွေး အရပ်သားများကို ပြန်ပေးဆွဲခြင်း၊ အရာဝတ္ထုများဖြင့် ထိုးသွင်းခြင်းများ အပါအဝင် မုဒိမ်းကျင့်ခြင်း၊ အုပ်စုဖွဲ့မုဒိမ်းကျင့်ခြင်း၊ မုဒိမ်းကျင့်ပြီးနောက် သတ်ဖြတ်ခြင်း၊ မုဒိမ်းကျင့်ရန် ကြိုးပမ်းခြင်း၊ လိင်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်ခြင်း၊ စစ်ဆေးရေးဂိတ်များတွင် လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း၊ အတင်းအကြပ် ဝတ်လစ်စလစ်ဖြစ်စေခြင်းနှင့် လိင်ကျွန်ပြုခြင်းများကို ကျူးလွန်နေသည်ဟု လေ့လာစောင့်ကြည့်နေသည့် အဖွဲ့အစည်းများက ထောက်ပြ ထားသည်။

အလားတူ စစ်ကောင်စီတပ်အနေဖြင့် အသက် ၁၈ နှစ်အောက် ကလေးသူငယ်များ အပါအဝင် ထိန်းသိမ်း ခံထားရသူများကို လိင်နှင့် ဂျင်ဒါအခြေပြု ရာဇဝတ်မှုများ ကျူးလွန်ခဲ့မှုများ အပါအဝင် အာဏာသိမ်းပြီးနောက် ဆန့်ကျင်သူများကို ဖိနှိပ်ခြင်းဖြင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုအမျိုးမျိုးကို ကျူးလွန်ထားကြောင်းလည်း အချက်အလက်များ ရရှိထားသည်ဟု စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများအပေါ် စစ်တမ်းများ ကောက်ယူနေသည့် အဖွဲ့အစည်းများက ဆိုသည်။