စစ်ကောင်စီ၏ ကမြောကင်းတံတားဂိတ် တိုက်ခိုက်ခံရ

သတင်းနှင့်မီဒီယာကွန်ရက်။
၂၀၂၄ ခုနှစ်။ မတ်လ ၃၀ ရက်။

ထားဝယ်ခရိုင်အတွင်းရှိ ကမြောကင်းတံတား စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို မတ်လ ၂၈ ရက်နေ့၊ နံနက် ၄ နာရီ အချိန်ခန့်က သွားရောက် တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ တာဝန်ရှိသူများက ပြောသည်။

မတ်လ ၂၇ ရက်နေ့ တော်လှန်ရေးနေ့က စစ်ကောင်စီစခန်း သုံးခု တိုက်ခိုက်ခဲ့ပြီး နောက်တရက်တွင် ကမြောကင်း တံတား ဂိတ်ကို ထပ်မံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦး က ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ကမြောကင်း ရွာသားတစ်ဦးက “၁၅ မိနစ်‌လောက် နှစ်ဘက် အပြန်အလှန် ဆက် တိုက်ပစ်ကြတာ။ ကမ်းနားလမ်းကစျေးသည်တွေ မြို့သိမ်းတိုက်ပွဲ ဖြစ်ပြီထင်ပြီး အကုန်လုံး ပြန်ပြေးလာကြ တာ” ဟု ပြောသည်။

အလစ်အငိုက် ပစ်ခတ်ခံခဲ့ရခြင်းကြောင့် စစ်ကောင်စီတပ်မှ သုံးဦး ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း ကြားသိရသည် ဟု ဒေသခံများက ပြောသည်။

ကမြောကင်း တံတား စစ်ဆေးရေးဂိတ် ပစ်ခတ်ခံရပြီး နာရီဝက်ခန့်အကြာတွင် စစ်ကောင်စီတပ်ဘက်မှ လက်
နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်။

ပစ်ခတ်မှုဖြစ်ပွားနေချိန်တွင် ကမြောကင်း တံတား၏ တဖက်တချက်စီတွင်ရှိနေသည့် လမ်းသွားလမ်းလာများနှင့် စျေးသည်များ ပိတ်မိနေကြပြီး နံနက် ၅ နာရီအချိန်ခန့်တွင် တံတားဂိတ်ကို ပြန်ဖွင့်ပေးခဲ့သည်ဟု ရွာသားများက ဆိုသည်။

မတ်လ ၂၇ ရက်နေ့ နေ့လယ်ပိုင်းက ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ထားဝယ်မြို့ အမှတ် (၈) စစ်ဆင်
ရေးကွပ်ကဲမှုဌာနချုပ်ကို ဒရုန်းဖြင့် ဗုံးသီး ၃ လုံးချ တိုက်ခိုက်ခဲ့သည့်အပြင် သရက်ချောင်းမြို့နယ် ဝင်းဝကျေးရွာ မှ စစ်ကောင်စီစခန်းကုန်းကိုလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြ သေးသည်။

တိုက်ခိုက်ခံရသည့် စကခ (၈) ဌာနချုပ် နယ်မြေဧရိယာအတွင်း စစ်ကောင်စီ၏ ခလရ-၂၅၊ ခလရ- ၂၆၇၊ ခမရ- ၄၀၁၊ ခမရ- ၄၀၂ နှင့် အမတ- ၃၀၆ တပ်ရင်းတို့လည်း ရှိနေသည်။

ထို့အပြင် ထိုနေ့ညနေ ၅ နာရီခွဲ အချိန်ခန့်ကလည်း တော်လှန်ရေးနေ့ အခမ်းအနား လုံခြုံရေးအတွက် ထားဝယ် မြို့နယ်၊ ဇဟာကျေးရွာလမ်းမကြီးအား ပိတ်ဆို့ကာ ကင်းယူနေသည့် အမတ – ၃၀၂တပ်ရင်းမှ စစ်ကောင်စီ တပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများ လည်း ရှိခဲ့သည်ဟု ရွာသားများက ပြောသည်။

တိုက်ပွဲကြောင့် ဇဟာကျေးရွာမှ နေအိမ်တစ်ဆောင် လက်နက်ကြီးကျည် ထိမှန်ကာ ပျက်စီးခဲ့ပြီး တိုက်ခိုက်မှုကို ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – YPPDF နှင့် ဗထူးတပ်မတော် – BHA တပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။