တနင်္သာရီမြို့နယ်တွင် ရှေ့တန်းစခန်းမှ စစ်သားတစ်ဦး လက်နက်ခဲယမ်းများဖြင့် အလင်းဝင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဧပြီလ ၁ ရက်။

မြိတ်ခရိုင် တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး လက်နက်ခဲယမ်းများဖြင့် အလင်းဝင်လာခဲ့ သည် ဟု မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၁) တာဝန်ရှိသူက ပြောသည်။

သိန္ဓောကျေးရွာ ရှေ့တန်း ခြေကုပ်စခန်းတွင် တာဝန်ကျနေသူ အသက် ၂၅ နှစ်အရွယ်၊ တပ်သား ကျော်သက်ပိုင် က မတ်လ ၂၅ ရက်နေ့တွင် အလင်းဝင်လာခဲ့ခြင်း ဖြစ်သည်။

မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၁) တာဝန်ရှိသူက “လက်ရှိ လုံခြုံတဲ့နေရာမှာ ထားထား တယ်။ ဆုငွေ ချီးမြှင့်ဖို့လုပ်နေပါတယ်။ ပြီးရင် သူသွားချင်တဲ့နေရာကို ပို့ပေးသွားပါမယ်” ဟု ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သား ကျော်သက်ပိုင်သည် MA1 သေနတ်တစ်လက်၊ ကျည်ဘောက် ၄ ခု၊ ကျည် ၅၄၀ တောင့်၊ လက်ပစ်ဗုံး ၂လုံး၊ အီနာဂါ ၂ လုံး နှင့် အတူ အလင်းဝင်လာခဲ့ခြင်း ဖြစ်သည်။

တပ်သားကျော်သက်ပိုင်သည် ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့တွင် စစ်ကောင်စီတပ်ထဲ ဝင်ရောက်ခဲ့ခြင်း ဖြစ် ပြီး စစ်ကောင်စီလက်အောက်တွင် ဆက်လက် တာဝန်ထမ်းဆောင်လိုစိတ် မရှိတော့သောကြောင့် ယခုကဲ့သို့ တော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်လာခြင်း ဖြစ်သည်ဟု ဆိုသည်။

လက်နက်ဖြင့် အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားကို ဆုငွေ ကျပ် ၃၅ သိန်းကို ချီးမြှင့်ပေးအပ်သွားမည် ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်း CDM မူဝါဒနှင့် အညီ ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ကြောင်း မြိတ်ခရိုင် ပြည်သူ့ ကာ ကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၁) တာဝန်ရှိသူက ဆိုသည်။

မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ မှာ မြိတ်ခရိုင် တပ်ရင်း-၂ တပ်ခွဲ (၁)၊ ဘက်မလိုက် ပြောက်ကျားအဖွဲ့၊ တောင်ပိုင်းသူရဲကောင်းအဖွဲ့ -SWDF နှင့် မြိတ်မြို့နယ် – ပကဖ တို့ ဖွဲ့စည်းထားသည်။

တနင်္သာရီတိုင်းအတွင်း CDM လုပ်လာသည့် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း အယောက် ၂၄၀ ထက် မနည်း ရှိနေသည်ဟု တနင်္သာရီတိုင်း – ပကဖ အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။