စစ်မှု ထမ်း စာရင်းပါသူ တစ်ဦး ကြိုးဆွဲချ သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဧပြီလ ၂ ရက်။
မြိတ်မြို့နယ် ကျေးရွာတစ်ခုမှ စစ်မှုထမ်းဆောင်ရန် စာရင်းပါထားသည့် အမျိုးသားတစ်ဦး ကြိုးဆွဲချပြီး သတ်သေသွားခဲ့သည်ဟု ရွာသားများက ပြောသည်။
သေဆုံးသူမှာ တုံးဗျောငယ်ကျေးရွာမှ အသက် ၂၆ နှစ်အရွယ် ကိုစိုးမင်းနိုင် ဆိုသူ ဖြစ်သည်ဟု ရွာသားများက ပြောသည်။
ရွာသားတစ်ဦးက “အမေလုပ်တဲ့သူက သူ့သား နှစ်ညစလုံးအိမ်ပြန်မအိပ်ဘူး၊ လိုက်စုံစမ်းလို့လည်းမရဖြစ်နေတော့ ဝိုင်းရှာပေးဖို့ အကူအညီတောင်းလို့ ရွာသားတွေ လိုက်ရှာကြတာ၊ သူ့အိမ်အနောက်ဘက် ချောင်းစပ်က တောအုပ်ထဲမှာအလောင်းကိုတွေ့ခဲ့ရတယ်။ အလောင်းက ပုပ်နေပြီ” ဟု ပြောသည်။
ကျေးရွာ၌ မတ်လအတွင်း ပြုလုပ်ခဲ့သည့် စစ်မှုထမ်းဆောင်ရန်အတွက် မဲနှိုက်ရန် အစည်းအဝေးတွင် သေဆုံးသူ စိုးမင်းနိုင်က ၎င်းကိုယ်တိုင်ပါမည်ဟု ဆန္ဒပြုစာရင်းပေးခဲ့သူတစ်ဦး ဖြစ်သည်။
စာရင်းပေးခဲ့သည့် ကိုစိုးမင်းနိုင်ကို လေးလပိုင်းထဲတွင် ရွာသားများစုပြီး ပိုက်ဆံကောက်ပေးဖို့ သဘောတူခဲ့ကြ ကြောင်း ရွာသားတစ်ဦးကပြောသည်။
ထို့နောက် မတ်လ ၂၆ ရက်နေ့တွင် ကိုစိုးမင်းနိုင်မှ ဆေးစစ်ရန် အတွက် မြိတ်မြို့သို့ သွားရောက်ခဲ့ပြီး နှစ်ရက်အကြာ မတ်လ ၂၈ ရက်နေ့ ညနေပိုင်းတွင် ကျေးရွာသို့ ပြန်လာခဲ့သည်ဟု ရွာသားများက ဆိုသည်။
မြိတ်မှ ပြန်လာပြီး နေအိမ်တွင် ပြန်မအိပ်ဘဲ ပျောက်နေသည့် ကိုစိုးမင်းနိုင်ကို မတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းက ၎င်းတို့ နေအိမ် အနောက်ဘက် ချောင်းစပ် တောအုပ်ထဲအတွင်း ကြိုးဆွဲချလျက် အနေအထားဖြင့် သေဆုံးနေ သည့် အလောင်းကိုတွေ့ခဲ့ရကြောင်း ဆွေမျိုးတော်စပ်သူ အသက် ၄၀ နှစ်ခန့် အရွယ် အမျိုးသား တစ်ဦးက ပြော သည်။
စစ်ကောင်စီက အကောင်အထည်ဖော် ဆောင်ရွက်နေသည့် စစ်မှုထမ်းအစီအစဥ်၏ ပထမအသုတ်တွင် တနင်္သာ ရီတိုင်းမှ အယောက် ၂၆၀ ကျော်ပါဝင်ပြီး မြိတ်မြို့နယ်က အယောက် ၁၂၀ မှ အယောက် ၁၅၀ ဦး ကြား ပါဝင်သွားမည် ဖြစ်ကြောင်း တိုင်းစစ်မှုထမ်း ဆင့်ခေါ်ရေး အဖွဲ့က ပြောဆိုထားသည်။
မြိတ်တွင် စစ်မှုထမ်းဖို့ စာရင်းပါသူများကို မြိတ်စစ်ဆေးရုံသို့ ဆေးစစ်ရန် ခေါ်ယူလျက်ရှိနေသည်ဟု ဒေသခံ ပြည်သူများက ပြောသည်။