ထားဝယ်တွင် စစ်သားများ တင်ဆောင်လာသော ကားနှစ်စီး ခြုံခိုတိုက်ခံရ၊ အများအပြားသေဆုံးနိုင်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဧပြီလ ၄ ရက်။
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်း စစ်သည်အင်အား အပြည့်တင်ဆောင် မောင်းနှင်လာသည့် မြေသယ်ကား ၂ စီး တိုက်ခိုက်ခံရပြီး စစ်သား အယောက် ၄၀ နီးပါးခန့် သေဆုံးသွားသည်ဟု ဗထူးတပ်မတော် (BHA)က ပြောသည်။
အဆိုပါ မြေသယ်ကား ၂ စီးကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ခြုံခို တိုက်ခိုက်ခဲ့ ခြင်း ဖြစ်သည်ဟု ဗထူးတပ် မတော် – BHA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဗထူးတပ်မတော်မှ တာဝန်ရှိသူက “လက်နက်ငယ်တွေနဲ့ ဝိုင်းပစ်တဲ့အချိန် ကားမှောက်သွားတာ၊ မှောက်တဲ့ အချိန်မှာ ၄၀ မမနဲ့ ထပ် ပစ်လိုက်သေး တယ်၊ လက်နက်တွေတော့ မရလိုက်ဘူး၊ ကားမှောက်တဲ့အချိန်မှာ ရှေ့ ကနေ ကျော်သွားတဲ့ကားက ပြန်ရောက် လာတာကြောင့်ပါ” ဟု ပြောသည်။
ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ဘက်မှ ထားဝယ်ဘက်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် မြေသယ် ကား ၂ စီးကို မောင်မယ်ရှောင်ကျေးရွာ အနီးလမ်းကွေ့ (ဒေသအခေါ် – ဟားလိကွေ့ ) အလွန်နေရာတွင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က မတ်လ ၃၁ ရက်နေ့ နံနက် ၇ နာရီခွဲခန့်က ခြုံခိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
တိုက်ခိုက်ခံရမှုကြောင့် ကား ၁ စီး လမ်းဘေးထိုးကျ တိမ်းမှောက်သွားခဲ့ပြီး ကားပေါ်ပါ စစ်သား ၄၀ ခန့် သေဆုံး ကာ အများအပြား ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်ဟု တိုက်ခိုက်ရာတွင် ပါဝင်သည့် တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
သေဆုံးသွားသည့် စစ်ကောင်စီတပ်သား အလောင်းများကိုမူ တိုက်ပွဲဖြစ်ပွား ပြီး ပြီးချင်းမှာပဲ ကျန်ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့က သယ်ဆောင်သွားခဲ့ကြောင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူ က ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို KNLA တပ်မဟာ ၆၊ တပ်ရင်း ၂၇ နှင့် ဗထူးတပ်မတော် – BHA တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များဘက်တွင် အထိအခိုက်မရှိပဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ ကြသည်။
တိုက်ပွဲဖြစ်ပွားမှုကြောင့် မောင်မယ်ရှောင်ရွာသားများ ရွာလုံးကျွတ်နီးပါး နီးစပ်ရာ ဘေးလွှတ်နိုင်မည့် နေရာများ သို့ ရှောင်တိမ်းနေကြရပြီး မကြာခဏ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကျေးရွာမှ ပြောင်းရွှေ့သွားသူ မိသားစုများလည်း ရှိနေကြောင်း ရွာသားတစ်ဦးက ဆိုသည်။
၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီအား စစ်ရေးအရှိန်မြင့်ကာ အမြစ်ပြတ် ချေမှုန်းတိုက်ခိုက်သွားမည် ဖြစ်သည့် အတွက် ပြည်သူများအနေဖြင့် စစ်ရေးအသိ၊ သတိဖြင့် သွားလာနေထိုင်ကြရန် နှင့် ပြည်သူကာကွယ်ရေးအဖွဲ့များ၊ တော်လှန်ရေး ပူးပေါင်းအဖွဲ့များက အသိပေး ထုတ်ပြန်ထားသည်။
ထို့အပြင် စစ်ကောင်စီနှင့် လက်အောက်ခံ တပ်ဖွဲ့ဝင်များ အနေဖြင့် တနိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်သူ့ ရင် ခွင်ဆီ အမြန်ဆုံး ခိုလှုံ ဝင်ရောက်ကြရန် ဗထူးတပ်မတော် – BHA မှ တိုက်တွန်းထားသေးသည်။