နိုင်ကျဉ်းနှစ်ဦး အကျဉ်းထောင်မှ ခေါ်ထုတ်သွားခံရပြီး သတ်ဖြတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဧပြီလ ၅ ရက်။
ထားဝယ် အကျဥ်းထောင်အတွင်းမှ ခေါ်ထုတ်သွားခြင်းခံခဲ့ရသည့် နိုင်ငံရေးအကျဥ်းသား နှစ်ဦးကို စစ်ကောင်စီ တပ်က သတ်ဖြတ်ပြီး အလောင်းပြန်မပေးခဲ့ဘူးဟု မိသားစုဝင်များက ပြောသည်။
သူတို့နှစ်ဦး သတ်ဖြတ်ခံရသည်ကို မိသားစုဝင်များက မတ်လကုန်ပိုင်းတွင်မှ သိရှိခဲ့ရခြင်း ဖြစ်သည်။
အကျဉ်းထောင်နှင့်နီးစပ်သူ တစ်ဦးက “ဖြစ်တာ မတ်လ ၁၇ မှာဖြစ်တာ။ သူတို့နှစ်ယောက်ကို ညပိုင်းမှာ ခေါင်း စွပ် စွပ်ပြီး အပြင်ခေါ်သွားတာ။ အဲ့နောက် အသတ်ခံလိုက်ရတာပဲ။ ဖုန်းသုံးတယ်၊ PDF တွေနဲ့ ဆက်သွယ်လို့ စွပ်စွဲပြီး ခေါ်သွားတာ” ဟု ပြောသည်။
မတ်လ ဒုတိယပတ်အတွင်း ထားဝယ်ထောင်တွင်း စစ်ကောင်စီတပ်၊ ရဲနှင့် စရဖ (စစ်ဘက်ရေးရာ လုံခြုံရေး တပ် ဖွဲ့) တို့မှ ရှောင်တခင် ဝင်ရောက် စစ်ဆေးခဲ့ရာ ဖုန်းအချို့ ဖမ်းဆီးမိခဲ့ပြီး အကျဉ်းသား ၁၅ ဦးခန့် အပြင်းအထန် ရိုက်နှက်ခံရပြီး တိုက်ပိတ်ခံထားရသည်။
စစ်ကောင်စီတပ်မှ နိုင်ငံရေးအကျဥ်းသားများ ဖြစ်သည့် ကိုမင်းသူနှင့် ကိုဝင်းသီဟတို့ကို ပြီးခဲ့သည့် မတ်လ ၁၇ ရက်နေ့ ညပိုင်းက ခေါင်းစွပ် စွပ်ပြီး ထောင်ပြင်ပသို့ ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။
ကိုမင်းသူနှင့် ကိုဝင်းသီဟတို့ကို ထောင်ထဲတွင် ဖုန်းသုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ဆက်သွယ်ခဲ့သည်ဟု စွပ်စွဲကာ ခေါ်ထုတ်သွားခြင်းဖြစ်ကြောင်း ထောင်နှင့် နီးစပ်သူများက ပြောသည်။
ထိုသို့ ခေါ်ဆောင်သွားပြီးနောက် မတ်လ ၂၇ ရက်နေ့တွင် မိသားစုဝင်များက စုံစမ်းကြည့်ရာ သေဆုံးသွားပြီ ဖြစ် ကြောင်း စရဖဘက်မှ အကြောင်းကြားထားသည်ဟု အကျဥ်းထောင် အာဏာပိုင်များမှ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မနှင့် ထောင်ဒဏ် ၁၀ နှစ် အမိန့်ချမှတ်ခံထားရသည့် အသက် ၂၅ နှစ်အရွယ် ကိုမင်းသူမှာ နောက်ထပ် တရားရင်ဆိုင်နေဆဲ ပုဒ်မသုံးခု ကျန်ရှိသေးကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။
အစ္စလာမ်ဘာသာရေး ဆရာတစ်ဦးဖြစ်သူ ကိုမင်းသူမှာ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ထောင်တွင်း၌ နေမကောင်း ဖြစ်ပြီး သတိလစ်သွားခြင်းကြောင့် ပြင်ပဆေးရုံကို ပို့ဆောင်ခဲ့ရဖူးကာ ကျန်းမာရေးလည်း မကောင်းသူတစ်ဦး လည်း ဖြစ်သည်။
ကိုမင်းသူ၏ မိသားစုဝင် တစ်ဦးက “ဆုံးသွားပြီဆိုရင်လည်း ဘယ်နေ့က ဆုံးတယ်၊ အလောင်းကဘယ်မှာ၊ ဘယ် မှာ သင်္ဂြိုလ်လိုက်တယ် ဆိုတာ ဘာ တစ်ခုမှ မသိရဘူး၊ စစ်ဆေးနေတဲ့အချိန် ထွက်ပြေးလို့ ပစ်သတ်လိုက်တာ လို့ပဲ ပြောတယ်” ဟု ပြောသည်။
သေဆုံးသူနှစ်ဦး၏ အလောင်းများကို နှစ်ပတ်ခန့်ကြာသည့် အချိန်ထိ မိသားစုထံ ပြန်ပေးခြင်းမျိုး မရှိဘဲ အ လောင်းများကို ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးလိုက်ပြီဖြစ်ကြောင်းသည ထောင်အာဏာပိုင်များမှ ပြောဆိုခဲ့သည်ဟု မိသားစုဝင်များက ပြောသည်။
အကြမ်းဖက် ဥပဒေပုဒ်မနှင့် ထောင်ဒဏ် ၇ နှစ်အမိန့်ချခံထားရသူ အသက် ၃၀ နှစ်အရွယ် ကိုဝင်းသီဟ အတွက် ဆွမ်းသွတ်အမျှ ပေးဝေခြင်းတို့ကို လုပ်ဆောင်ပေးပြီးသွားပြီ ဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။
ထားဝယ်အကျဥ်းထောင်တွင် နိုင်ငံရေး အကျဥ်းသားများကို ပြင်ပ ခေါ်ယူစစ်ဆေးခြင်းနှင့် စစ်ကောင်စီတပ်ဖွဲ့မှ ဝင်ရောက်၍ အကျဥ်းသားများကို ပိုမိုတင်းကြပ်ကာ ကိုယ်ထိလက်ရောက် ရိုက်နှက်နှိပ်စက်ခြင်းများ ရှိခဲ့သော် လည်း ယခုကဲ့သို့ ထောင်အတွင်းမှ ခေါ်ထုတ် သတ်ဖြတ်ပြီး အလောင်းဖျောက်သည့် ဖြစ်စဥ်မှာ ပထမဆုံး အကြိမ် ဖြစ်သည်။
ထားဝယ်အကျဥ်းထောင်၌ အကျဥ်းသား စုစုပေါင်း ၁၂၀၀ ကျော် ရှိသည့်အနက် ၄၀၀ ဝန်းကျင်ခန့်မှာ နိုင်ငံရေး အကျဥ်းသား၊ အကျဥ်းသူများဖြစ်သည်။