စစ်ကောင်စီ သတ်ဖြတ်ထားသော အလောင်းများ ပြန်တွေ့
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဧပြီလ ၈ ရက်။
ကရင်နီပြည်တွင် စစ်ကောင်စီတပ်ဘက်မှ သတ်ဖြတ်ထားခဲ့သော ဒေသခံပြည်သူများ၏ အလောင်းအချို့ ပြန် လည် တွေ့ရှိခဲ့ပြီး ပြန်မကောက်နိုင်သေးသော ပြည်သူရုပ်အလောင်းများ ရှိနေသေးသည်ဟု ဒေသခံနှင့် ကရင်နီ တော်လှန်ရေး အင်အားစုများက ပြောသည်။
ကရင်နီပြည်တွင် စစ်အာဏာသိမ်းမှု နောက်ပိုင်းနှင့် တစ်လေးလုံး စစ်ဆင်ရေး နောက်ပိုင်း ဒီးမော့ဆိုမြို့နယ်၊ ခေါက်ပလော့ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားခဲ့သာနေရာတွင် အသတ်ခံထားရသည့် ပြည်သူ ရုပ်အလောင်း ၅ လောင်းကို တွေ့ရှိခဲ့သည်။
နယ်မြေရှင်းလင်းရေး လုပ်နေသော ဒီးမော့ဆို PDF ရဲဘော်တစ်ဦးက “အရိုးတွေပဲ ကျန်တာ။ တချို့က အဝတ် ကျန်သေးလို့ ဘယ်ရွာကလူလဲ မှတ်မိသေးတယ်။ တချို့က အဝတ်ကော မကျန်တော့လို့ အရိုးကို ကြည့်ပြီး ခန့် မှန်းရတယ်” ဟု ပြောသည်။
ခေါက်ပလော့ကျေးရွာတွင် တွေ့ရှိခဲ့သည့် ပြည်သူများများ အလောင်းများအနက် ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးရပ် ကွက် ၄ မှ အသက် ၅၀ ခန့်အရွယ်ရှိသော အမျိုးသား တစ်ဦးနှင့် တနန်းဥကွိုင်မှ အသက် ၄၀-၅၀ ကြား အမျိုး သား တစ်ဦး ဖြစ်ပြီး ကျန်သောသူများမှာ မည်သူမည်ဝါဖြစ်သည်ကို ခန့်မှန်း၍ မရတော့ကြောင်း ၎င်းက ပြော သည်။
သေဆုံးသူများအနက် ရပ်ကွက် ၄ တွင် နေထိုင်သော အမျိုးသားမှာ လွန်ခဲ့သော တစ်နှစ်ခန့်က နေရပ်သို့ ပြန် မဝင်သေးရန် တော်လှန်ရေးတပ်များ တားမြစ်ထားသည့် ကြားမှ နေအိမ်သို့ ပြန်လည် ခိုးဝင်သောကြောင့် စစ် ကောင်စီ တပ်သားများ၏ ပစ်သတ်ခြင်းကို ခံခဲ့ရသူဖြစ်သည်ဟု ဒီးမော့ဆို PDF ရဲဘော်က ဆက်ပြောသည်။
“ရွာက တစ်ယောက်က အိမ်ပြန်တာ တားတာ မရလို့ လေး ငါး ခေါက်ရှိပြီ တားတာ။ တစ်ခေါက်က ရဲဘော်တွေ မမြင်တုန်း ပြန်တာ သေနတ်သံထွက်လာမှသိတာ။”
လက်ရှိတွင် ဒီးမော့ဆိုမြို့တွင် ကရင်နီ တော်လှန်ရေးတပ်များက စစ်ကောင်စီမှ တပ်ဆုတ်ခွာသွားသော နယ်မြေ ထဲ ရှင်းလင်းရေး လုပ်ဆောင်နေဆဲဖြစ်ပြီး မြေပြင်တွင် စစ်တပ်က သတ်ဖြတ်ထားသော ပြည်သူများ၏ ရုပ် အလောင်းများ ထပ်ရှိနေနိုင်သေးသည်ဟု ဆိုသည်။
အလားတူ လွိုင်ကော်မြို့တွင်လည်း တစ်လေးလုံး စစ်ဆင်ရေးအတွင်း လွိုင်ကော်အကျဉ်းထောင် အနီးတွင် စစ်တပ်မှ ပစ်သတ်ထားသော ပြည်သူများ၏ ရုပ်အလောင်းများကို အချိန် ၄ လနီးပါးကြာလာသည် အထိ ပြန်လည်သယ်ယူနိုင်ခြင်း မရှိသေးဘူးဟု အကျဉ်းထောင်တည်ရှိရာ ဒေါဥခူရပ် ကွက်တွင် နေထိုင်ခဲ့သော ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“အဲ့မှာ လူသေတွေလည်း ရှိတယ်တဲ့။ အလောင်းတွေဆို ပြန်မကောက်ရသေးဘူးတဲ့။ အဲ့မျိုးတွေလည်း ရှိတယ် ပြောတယ်။ ပြည်သူတွေနဲ့ပဲ တူတယ်။ သူတို့စစ်ရှောင်သွားရင်းနဲ့ အဲ့လမ်းကို သွားမိတယ်နဲ့ တူတယ်။ တချို့သူ တွေက ဘယ်သိမလဲနော်။”
လက်ရှိတွင် လွိုင်ကော် အကျဉ်းထောင်အတွင်းမှ စနိုက်ပါများဖြင့် ချိန်ရွယ်ထားပြီး ထောင် အနီးဝန်းကျင်ရှိ နေ အိမ်များကိုလည်း ပစ်ကွင်းရှင်းရန် မီးရှို့ဖျက်ဆီးထားသည့်အတွက် ပစ်သတ်ခံခဲ့ရသည့် ပြည်သူ အရေအတွက် ကိုပင် အတိအကျ မသိရသေးဘူးဟုဆိုသည်။
အထက်ပါ အခြေအနေများကြောင့် လုံခြုံရေး အခြေအနေ စိုးရိမ်ရ၍ သွားရောက် မကြည့်ရှုနိုင်သေးဟု ဒေါဥခူ ရပ်ကွက်တွင် နေထိုင်သူ အမျိုးသမီးက ပြောသည်။
ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC အနေဖြင့်လည်း အကြောင်းမဲ့ သတ်ဖြတ်ခံရပြီး ပျောက်ဆုံး နေသော အရပ်သားပြည်သူများအရေး ကရင်နီ တော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်းကာ ကူညီဆောင်ရွက် ပေးနေသည်ဟု IEC အတွင်းရေးမှူး (၂) ဦးဗညား က ပြောသည်။
“လူတွေကတော့ ပျောက်တယ် ရှာတယ် ရှာပေးကြပါ ဆိုပြီးတော့မှ ပြောလာတာတော့ ရှိတယ်ပေါ့နော်။ ကျ နော်တို့ကတော့ အဲ့လိုမျိုး ကြားပြီဆိုရင် အတတ်နိုင်ဆုံး တပ်ဖွဲ့ဝင်တွေကို မဟုတ်ရင်လည်း မြို့တွင်းမှာ စီမံကြီး ကြပ်ပေးနေတဲ့ KSP (Karenni State Police) ကော်မတီ ရှိတယ်ပေါ့နော်။ အဲ့ဒီကော်မတီနဲ့ ချိတ်ဆက်ပြီး တော့ သွားတာတော့ရှိတယ်။ ဒါကတော့ လောလောဆယ် လုပ်နေတဲ့ပုံစံပေါ့။”
မတ်လ နောက်ဆုံးပတ်တွင်လည်း လွိုင်ကော်မြို့အတွင်း ပစ္စည်း ပြန်လာသယ်ယူသော ဒေသခံတစ်ဦး စစ်ကောင် စီတပ်၏ ပစ်သတ်ခြင်းခံခဲ့ရပြီး အလောင်းသွားသယ်ယူရန် ကြိုးစားနေလည်း အနီးတွင် စစ်တပ်က တပ်စွဲထား သောကြောင့် ယနေ့အချိန်ထိ သွားသယ်ယူနိုင်ခြင်း မရှိသေးဘူးဟု ဦးဗညားက ပြောသည်။
ဒေသတွင်း သတင်းအရင်းမြစ်များ၏ အဆိုအရ တစ်လေးလုံး စစ်ဆင်ရေးအတွင်း လွိုင်ကော်မြို့တွင် စစ်တပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးသွားပြီး အလောင်း ပြန်မသယ်ယူနိုင်သေးသည့် ပြည်သူ့အလောင်း ၁၅ လောင်းထက်မနည်း ရှိနိုင်သည်ဟု သိရသည်။