နွေဦးတော်လှန်ရေးနှင့် တိုင်းရင်းသား လွတ်မြောက်မှု တော်လှန်ရေး ပေါင်းမိပြီဟု NUG ယာယီသမ္မတပြော
သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၄ ခုနှစ်၊ ဧပြီလ ၈ ရက်။
လက်ရှိ ဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စစ်ရေး အခြေအနေများကြောင့် နွေဦးတော်လှန်ရေးနှင့် တိုင်းရင်းသား လွတ် မြောက်မှု တော်လှန်ရေးတို့မှာ တစ်သားတည်း ပေါင်းစည်းနိုင်ခဲ့ပြီဟု အမျိုးသား ညီညွတ် ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ က ပြောပါတယ်။
“လက်ရှိ တည်ဆဲ အခင်းအကျင်းမှာ၊ နွေဦးတော်လှန်ရေးနဲ့ တိုင်းရင်းသား လွတ်မြောက်မှု တော်လှန်ရေးတွေ ဟာ တစ်သားတည်း ပေါင်းစည်းနိုင်ခဲ့တာကို ကျနော်တို့ အားလုံး လက်ကမ်းကြိုဆိုကြောင်း ပြောကြားချင်ပါ တယ်။”
အမျိုးသား ညီညွတ်ရေး အစိုးရ NUG ၏ ဧပြီလ ၂ ရက်နေ့က ပြုလုပ်ခဲ့သည့် ၁၃/၂၀၂၄ အစိုးရ အဖွဲ့အစည်း အဝေးတွင် NUG ယာယီသမ္မတ ဒူဝါလရှီးလ ထည့်သွင်းပြောကြားသွားခြင်း ဖြစ်သည်။
ယခုကဲ့သို့ ပေါင်းစည်းနိုင်ခဲ့သည့်အတွက် လာမယ့် ၂၀၂၅ ခုနှစ်တွင် မျှော်မှန်းနိုင်မည့် တော်လှန်ရေး ရလဒ်များ ရရှိအောင် ကွင်းဆက်မိမိနှင့် စနစ်တကျ တည်ဆောက်ထားရန် လိုသည်ဟုလည်း NUG ယာယီ သမ္မတ ဒူဝါလရှီး လက ဆက် ပြောသည်။
“နွေဦးတော်လှန်ရေးမှာ အတိတ်က ဒီမိုကရေစီတော်လှန်ရေး၊ ကျောင်းသားတော်လှန်ရေး၊ လူထုတော်လှန်ရေး၊ တိုင်းရင်းသားတော်လှန်ရေး စတဲ့ အတိတ်က လျှောက်လှမ်းခဲ့တဲ့ တော်လှန်ရေးအသီးသီးရဲ့ နောက်ကွယ်က ကျေးဇူးပြုမှုတွေ ရှိခဲ့လို့သာ နွေဦးတော်လှန်ရေး လှိုင်းဟာ အမြင့်မားဆုံး ဒီရေအထိ ရောက်ရှိခဲ့တယ်လို့ ပြော နိုင်ပါတယ်။ ဒါ့ကြောင့် အချိန်အခါကောင်းနဲ့ အခွင့်အခါကောင်းကို အလေးအနက်ထား စဉ်းစားပြီး၊ လူထု အတွက် အကောင်းဆုံးသော တော်လှန်ရေးရလဒ်တွေ ထပ်မံ ဆောင်ကြဉ်းပေးဖို့ အထူး မေတ္တာရပ်ခံ လိုပါ တယ်။ နောင်လာမယ့် ၂၀၂၅ ခုနှစ်မှာ မျှော်မှန်းနိုင်မယ့် တော်လှန်ရေး ရလဒ်တွေကို အခုအချိန်ကတည်းက ကွင်း ဆက်မိမိ စနစ်တကျ တည်ဆောက်ထားဖို့ လိုကြောင်း ပြောချင်ပါတယ်။”
အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် NUG အနေဖြင့် လက်ရှိ နွေဦးတော်လှန်ရေးတွင် တိုင်းရင်သား လက် နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး KNU၊ ချင်းအမျိုးသား တပ်ဦး CNF၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP စသည့် အဖွဲ့အစည်းများနှင့် လက်တွဲ လုပ်ဆောင် နေသည်ဟု ထုတ်ပြန် ပြောဆိုထားသည်။
ထို့အပြင် အခြား နာမည်ဖော်ပြ၍ မရသည့် လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့်လည်း လက်တွဲ လုပ်ဆောင်မှုများ ရှိနေသည်ဟု NUG က ဆိုသည်။
ဒူဝါလရှီးလ “အခုဆိုရင် မြန်မာနိုင်ငံမြောက်ပိုင်း ဧရိယာ တစ်ခုလုံးရဲ့ တော်လှန်ရေးတပ်ဦးဖြစ်တဲ့ ကချင်လွတ် လပ်ရေး တပ်မတော်ရဲ့ ခုခံတော်လှန်စစ်ရေး ရလဒ်တွေဟာ အင်မတန် အားရကြေနပ်စရာ ကောင်းတာကိုလည်း ထင်ထင် ရှားရှားတွေ့ရပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း ကချင်လွတ်လပ် ရေး တပ်မတော်နဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့ အစဉ်တစိုက် ကြိုးစားအားထုတ်နေပါတယ်” ဟု ပြော သည်။
NUG သည် နွေဦးတော်လှန်ရေး တစ်ခုလုံး၏ ကံကြမ္မာနှင့် ဆက်စပ်ပြီး ဖြစ်တည်နေသည့် အစိုးရအဖွဲ့ ဖြစ်သည် ကို သတိချပ်ဖို့ လိုအပ်သလို ပြည်သူလူထု အနေနဲ့လည်း ၎င်းတို့၏ အသက်အိုးအိမ် စည်းစိမ်နှင့် အနာဂတ် ကံကြမ္မာကို အပ်နှံထားကြသည် ဆိုသည့်အချက်ကို ဆ မမေ့ကြရန်လည်း NUG ယာယီ သမ္မတက တိုက်တွန်း ထားသည်။