အင်းလေးသင်္ကြန် စည်ကားမည်မဟုတ်ဟု ဒေသခံ တက်ကြွလှုပ်ရှားသူများ ခန့်မှန်

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၁ ရက်။ 

စစ်ကောင်စီ ကျင်းပမည့် အင်းလေးသင်္ကြန် ပါဝင်ဆင်နွဲသူ နည်းနိုင်သည်ဟု ဒေသတွင်း တက်ကြွလှုပ်ရှားသူများ က ပြောသည်။

ထိုပွဲတော်အတွက် ဧပြီလ ၁ ရက်နေ့ကတည်းကစ၍ ပွဲပြင်ဆင်မှုများ ပြုလုပ်လျက်ရှိရာ ဒေသခံများ အနေဖြင့် လုံခြုံမှု မရှိနိုင်သောကြောင့် ပါဝင်ဆင်နွဲသူ နည်းနိုင်သည်ဟု ဆိုသည်။

Justice Movement for Community – Innlay (JMC) အဖွဲ့အစည်း တည်ထောင်သူ ဒေါ် ယုလှိုင်သင်းက ဒီနှစ် အနေအထားမှာကျတော့ ဒေသခံတွေဘက်ကလည်း မနှစ်ကလောက် ပါဝင်မှု အားကောင်းတော့မှာ မဟုတ်ဘူး လို့ ထင်တယ်။ အင်းလေးဒေသ တစ်ခုလုံးမှာပေါ့နော်။ ဥပမာ ဘောမသည် ဖြစ်စေ၊ ဘောမမသည် ဖြစ်စေ လူငယ်တွေရှိတဲ့ အိမ် ဆိုလို့ရှိရင် မိသားစုဝင်တွေက စိုးရိမ်ထိတ်လန့် ပူဆွေးသောက ရောက်နေရတယ်ပေါ့နော်။ ကျမတို့ ဒီဘောမလို့ နာမည်ကြီးတဲ့ မိသားစုရဲ့ သားတောင်မှ PDF ထဲ ဝင်သွားတာလည်း ရှိတယ်ပေါ့။ ဘယ်လိုပဲ ပြောပြော ဒီနှစ်ကျတော့ ဒေသခံတွေ ပါဝင်မှု အားနည်းမယ်လို့ မြင်တယ် ဟု ပြောသည်။

ရှမ်းပြည် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ အင်းရေလည် ခန်းမတွင် စစ်ကောင်စီက အင်းလေး ရေပေါ်သင်္ကြန်အား လာမည့် ဧပြီ ၁၃ ရက်မှစ၍ ၁၆ ရက်နေ့အထိ ၄ ရက်ကြာ ကျင်းပသွားမည်ဟု ၎င်းတို့ ဝါဒ ဖြန့် မီဒီယာများတွင် ကြေညာထားသည်။

ဒေါ် ယုလှိုင်သင်းက တကယ်တမ်း ဒီနှစ်ပေါ့၊ အင်းလေး ရေပေါ်သင်္ကြန်က လုပ်ဦးမှာလားပေါ့။ မလုပ်ဘူးလို့ တောင် ထင်ထားတယ်ပေါ့နော်။ ဒါပေမယ့် စစ်ကောင်စီက ဖြစ်အောင် လုပ်မယ် ဆိုရင်တော့ ဒေသခံတွေ အနေ နဲ့ ကျတော့ စစ်မှုထမ်း ဥပဒေနဲ့ ပြာများနေတဲ့ အချိန်မှာ ဒီပွဲက သူတို့အတွက် လုံးဝ အဓိပ္ပာယ် မရှိတဲ့ပွဲ အခုလို မျိုးလည်း ဖြစ်သွားနိုင်တယ်ပေါ့နော်။ ပြီးလို့ရှိရင် ဒီပွဲကို သူတို့ သိပ် စိတ်မဝင်စားတဲ့ အနေအထားမှာလည်း ဖြစ် သွား နိုင်တယ် ဟု ပြောသည်။

ယမန်နှစ်က နန်းပန်မြို့ ရေပြေင်ပေါ်ရှိ၊ ခေတ်ဆန်းယဉ် ရေကစားမဏ္ဍပ်တွင် စစ်ကောင်စီ ဦးဆောင်ကျင်းပသည့် ရေပေါ်သင်္ကြန်မှာ ၎င်းတို့၏ ခြိမ်းခြောက် ဖိအားပေးမှုကြောင့် တစ်ရွာလျှင် ယိမ်းအဖွဲ့ တစ်ဖွဲ့စီ မဖြစ်မနေ ပါဝင်ခဲ့ ရသည်ဟု ဒေသခံများက ပြောသည်။

သို့သော် ယခုနှစ်တွင် စစ်မှုထမ်း ဥပဒေ ပေါ်ပေါက်လာခြင်းကြောင့် လူငယ်အများစုမှာ ပြည်ပနှင့် လွတ်မြောက် နယ်မြေ နေရာများသို့ ထွက်ပြေး တိန်းရှောင်နေရသည်ဖြစ်ရာ စစ်ကောင်စီတပ် အနေဖြင့် မဖြစ်မနေ ဖိအားပေး ပါဝင်ခိုင်းရန် ခက်ခဲနိုင်သည်ဟု ဆိုသည်။

အင်းလေးအမျိုးသမီး သမဂ္ဂအဖွဲ့ (IWU) အတွင်းရေးမှူး မကြိးကြာကလည်း ဒီပွဲကိုလည်း စစ်တပ် လက် အောက်ခံတွေပဲ စီစဉ်တာ ဖြစ်တဲ့အတွက် ဒေသခံတွေရဲ့ ပူးပေါင်းမှုက မကြားရသေးဘူး။ မနှစ်က ဒီအချိန်ဆို အကတိုက်တာတွေ လေ့ကျင့်တာတွေ ကြားနေရပြီ။ စစ်တပ်ကနေပြီးတော့ ဦးစီးကျင်းပတယ် ဆိုပေမယ့် တဖက်လူတွေက ပွဲငတ်တဲ့ အနေအထားလို့ ပြောရမယ် ဆိုရင်တော့ အခုချိန်မှာ ပျော်ပွဲရွှင်ပွဲက အရေးမကြီး ပေါ့။ ကိုယ့်ရဲ့ လုံခြုံမှုက အရေးကြီးတယ်ဆိုတာ စဉ်းစားစေချင်တယ် ဟု ပြောသည်။

သင်္ကြန်ပွဲတော် ပါဝင်ဆင်နွှဲသည့် သူများအား စစ်ကောင်စီနှင့် ပူးပေါင်း၍ တော်လှန်ရေး ပုံဖျက်သူများအဖြစ် သတ်မှတ်သွားမည်ဟု အင်းလေးဒေသခံ တော်လှန်ရေး အင်အားစုများက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလကလည်း စစ်ကောင်စီ အစိုးရက အင်းလေးဒေသတွင်း ငြိမ်းချမ်းနေသယောင် ဝါဒဖြန့်လို၍ ဖောင်တော်ဦးဘုရား ဒေသစာရီကြွချီပွဲတော် ကျင်းပခဲ့သေးသည်။