ဘာသာရေး အဆောက်အအုံများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေသော်လည်း ပြစ်ဒဏ်ပေးခြင်းမှ ကင်းလွတ်နေသည့် စစ်ကောင်စီ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၁ ရက်။

ရှမ်းပြည် တောင်ပိုင်းရှိ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများ ဖြစ်သည့် ပင်လောင်းမြို့နယ်နှင့် ဆီဆိုင်မြို့နယ် ထဲက ဘာသာရေး အဆက်အအုံများကို စစ်ကောင်စီတပ်က ရည်ရွယ်ချက် ရှိရှိ တိုက်ခိုက်နေသည်ဟု ဒေသခံ များက ပြောသည်။

ထိုသို့ တိုက်ခိုက်နေခြင်းမှာ စစ်ကောင်စီတပ်က စစ်ရာဇဝတ်မှုကို ဆက်တိုက် ကျူးလွန်ခြင်း ဖြစ်သည်ဟု ထောက်ပြသုံးသပ်မှုများ ရှိနေသည်။

ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများအတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်က ဘာသာ ရေး အဆောက်အအုံနှင့် လူနေရပ်ကွက်များ၊ ကျေးရွာများထဲကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှုများ လုပ်နေသည်ဟု ဒေသခံများနှင့် PNLA တာဝန်ရှိသူက ပြောသည်။

ရှမ်းပြည် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ပင်ပုံကျေးရွာတွင် စစ်ကောင်စီ တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ဘာသာရေး အဆောက်အအုံအပါအဝင် နေအိမ်များ မီးလောင် ပျက်စီး ကုန်သည်။

ပင်ပုံရွာသား တစ်ဦးက ဘာသာရေး အဆောက်အအုံတွေကို သူတို့က ရည်ရွယ်ချက်ရှိရှိ ပစ်တာပေါ့နော်။ အထူး သဖြင့် ပအိုဝ်းဒေသမှာ ဆို သူတို့က ဘုန်းကြီးကျောင်းကို ပိုပြီးတော့ ပစ်တာပေါ့နော်။ ဘာဖြစ်လို့လဲ ဆိုတော့ ပအိုဝ်းတွေ အားလုံးနီးပါး က ဗုဒ္ဓဘာသာတွေ ဖြစ်တယ်။ ဘာသာရေး ကိုင်းရှိုင်းကြတယ်။ အဲတော့ ငါတို့ကို တော်လှန်ရင် မင်းတို့ အထွဋ် မြတ်ထားတဲ့ နေရာကို ဖျက်ဆီးမယ် ဆိုတဲ့ ကြောက်စိတ် ဝင်သွားအောင် ခြောက် တာပေါ့နော်။ ပြောရရင် တော်လှန်ရေး အင်အားစုနဲ့ ပြည်သူကြားကို သွေးခွဲတာပေါ့ ဟု ပြောသည်။

ပင်ပုံဘုန်းကြီးကျောင်းကို ဧပြီလ ၂ ရက်နေ့က ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သံဃာတော်များက ပြီးခဲ့သည့် ၁၀ ရက်ကျော် ကတည်းက စစ်ဘေးတိမ်းရှောင်နေကြခြင်းကြောင့် ထိခိုက်မှု မရှိဘူးဟု ဆိုသည်။

ပင်ပုံကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်တို့က မတ်လ ၁၈ ရက်နေ့တွင် မဟာမိတ် တော်လှန်ရေးအင်အားစုများ၏ ဝင်ရောက်တိုက်ခိုက်မှုကို ခံခဲ့ရပြီးနောက်ပိုင်း ယခုကဲ့သို့ ပစ်ခတ်မှုများကို ဆက်တိုက်လုပ်နေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

အလားတူ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် စစ်ကောင်စီက ရည်ရွယ်ချက် ရှိရှိ ပစ်ခတ်မှု ကြောင့် ဇဝနာရာမ ဘုန်းကြီးကျောင်း အပါအဝင် လူနေအိမ် ၅၀၀ နီးပါးလောက် မီးလောင်ပြာကျ ပျက်စီးခဲ့ သည်။

ဆီဆိုင်မြို့၌ ဇန်နဝါရီလ နောက်ဆုံးပတ်က စတင်ပြီး ယနေ့အချိန်ထိ ဖြစ်ပွားနေသည့် ၂ လကျော် တိုက်ပွဲကာလ ထဲ စစ်ကောင်စီဘက်က တိုက်လေယာဉ်၊ ရဟတ်ယာဉ်၊ ဒရုန်း၊ လက်နက်ကြီး စသည့် လက်နက်များနှင့် ပစ်ခတ် ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ထိုပစ်ခတ်မှုများထဲ ဇဝနာရာမဘုန်းကြီးကျောင်း အပါအဝင် လူနေအိမ် အဆောက်အအုံ အလုံးရေ ၅၀၀ နီးပါး ခန့် မီးလောင်ပျက်စီးခဲ့သည်ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ဘုန်းကြီးကျောင်း ဆိုတာက ဆီဆိုင်မြို့ ဂုဏ်ဆောင်တင် မကဘူး။ ကျနော်တို့ တစ်မျိုးသားလုံးရဲ့ ဂုဏ်ဆောင် ကျောင်း ဖြစ်တယ်ပေါ့။ ပြီးတော့ သံဃာအပါး ၅၀၀ ကျော်ကို ပရိယတ္တိ ဗုဒ္ဓစာပေ သင်ကြားပို့ချနေတဲ့ တကယ့် သာသနာပြုကျောင်း ဖြစ်တယ်ပေါ့။ ဒါကို စစ်ကောင်စီက ဒီတော်လှန်ရေး အင်အားစုနဲ့ လူထုကြားတွေကို သွေးခွဲ ချင်တဲ့အတွက် ဒီကျောင်းတော်ကြီးတွေကို တမင်သက်သက်ကို တိုက်ခိုက် ဖျက်ဆီးတာပေါ့နော်။

လတ်တလော ရရှိထားသည့် စာရင်းများမှာ မြေပြင်အခြေအနေအရ လုံခြုံရေး အနည်းငယ် စိတ်ချရသည့် နေရာ များကသာ ကောက်ယူထားခြင်းဖြစ်ပြီး ယခုစာရင်းထက်လည်း ထိခိုက်ပျက်စီးမှုက ပိုများနိုင်သည်ဟု ပအိုးဝ် ဒေသခံများက ပြောသည်။

ထို့အပြင် ယခု ပစ်ခတ်မှုများနှင့် ပတ်သက်၍ စစ်ကောင်စီတပ်နှင့် ပအိုဝ်း ပြည်သူ့စစ် (PNA) ထောက်ခံသူများက တော်လှန်ရေး အင်အားစုများဘက်က လုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဝါဒဖြန့်ထားသည်။

အဆိုပါ ဝါဒဖြန့်မှု နှင့် ပတ်သက်၍ PNLA စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက အဲဒါကတော့ ဆင် သေကို ဆိတ်သရေနဲ့ ဖုံးဖို့ ကြိုးစားနေတဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တစ်နိုင်ငံလုံးမှာ ဘာ သာရေး အဆောက်အအုံတွေကို ပစ်ခတ်ဖျက်ဆီးတာ ဘယ်သူတွေပဲ လုပ်ဆောင်တယ် ဆိုတာ တစ်နိုင်ငံလုံး၊ တစ် ကမ္ဘာလုံး သိပြီးသား ဖြစ်ပါတယ် ဟု ပြောသည်။

နေအိမ် အဆောက်အအုံများ ပျက်စီးစေသည့် လက်နက်များ၊ ပေါင် ၅၀၀ ဗုံးများ၊ လေယာဉ်များမှာ တော်လှန် ရေး အင်အားစုများဘက်တွင် မရှိဘူးဟုလည်း PNLA စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူက ဆက်ပြောသည်။

ထို့အပြင် ပြီးတော့ အဲဒီလိုမျိုး ကြီးကြီးမားမား အဆောက်အအုံတွေကို ပျက်စီးသွားအောင် ပစ်ခတ်ဖျက်ဆီး နိုင်တဲ့ လက်နက်ကြီးတွေ၊ မီးလောင်ဗုံးတွေ၊ ပေါင် ၅၀၀ ဗုံးတွေက တော်လှန်ရေး အင်အားစုတွေထဲမှာ မရှိပါ ဘူး။ ဒီလို လက်နက်က စစ်ကောင်စီမှာပဲ ရှိတယ်ဆိုတာ ကမ္ဘာရော ပြည်သူရော သိပြီးသား ဖြစ်ပါတယ်။ ဒါ ကြောင့် ဒီလိုမျိုး ဖျက်ဆီးပြီးတော့ တော်လှန်ရေး အင်အား စုတွေဘက်ကို လွှဲချဖို့ ကြိုးစားနေတာက ဆင် သေကို ဆိတ်သရေနဲ့ ဖုံးဖို့ ကြိုးစားနေတာလို့ပဲ ပြောချင်ပါတယ် ဟု ပြောသည်။

လတ်တလော၌ စစ်ကောင်စီတပ်နှင့် PNA ပူးပေါင်းတပ်တို့က ဆီဆိုင်မြို့ကို ပြန်လည် ထိန်းချုပ်နိုင်ရေးအတွက် နေ့စဉ်နီးပါး ထိုးစစ်ဆင်နေပြီး မြို့ဧရိယာ၏ ၃ ပုံ ၂ ပုံမှာ တိုက်ပွဲများ၊ လေယာဉ်အပြင် လက်နက်ကြီးနှင့် ပစ် ခတ်မှုများထဲ မီးလောင်ပြာကျ ပျက်စီးကုန်ပြီဟု ဒေသခံများက ပြောသည်။

မတ်လ ၃၀ ရက်နေ့တုန်းကလည်း ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ပင်လောင်း – လွိုင် ကော် လမ်းမကြီးပေါ်ရှိ နောင်ဝိုးနှင့် ဆောင်းပြောင်းကျေးရွာကြားက လမ်းတံတားတစ်စီးကို စစ်ကောင်စီက လက်နက်ကြီးနှင့် ပစ်ခတ်ဖျက်ဆီးခဲ့သေးသည်ဟု ဆိုကြသည်။

စစ်ကောင်စီတပ်၏ လေကြောင်းအပြင် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဒေသခံ ရွာသားများမှာမူ ရွာလုံး ကျွတ်နီးပါး စစ်ဘေးတိမ်းရှောင်နေကြရသည်။

ထိုသို့ လေကြောင်းအပြင် လက်နက်ကြီးဖြင့် ပစ်ခတ်ခံနေရသည့် ပင်ပုံကျေးရွာတွင် တော်လှန်ရေး အင်အားစု များဘက်က မည်သည့်အဖွဲ့အစည်းကမှ ဝင်ရောက် တပ်စွဲထားခြင်းမျိုး မရှိဘူးဟု ဆိုကြသည်။

ထို့ကြောင့် ယခုကဲ့သို့ စစ်ကောင်စီတပ်က လေကြောင်းမှ ဘာသာရေး အဆောက်အအုံများ အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်နေခြင်းက ဘာသာရေး ပဋိပက္ခအပြင် လူထု အထင်အမြင်မှားအောင် ရည်ရွယ်ချက် ရှိရှိ လုပ်နေခြင်း ဖြစ်သည်ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) တာဝန်ရှိသူ တစ်ဦးက ပြော သည်။

PNLA စစ်ဘက်ဆိုင်ရာ ပြောရေးဆို ခွင့်ရှိသူတစ်ဦးက တော်လှန်ရေးအတွက်က အနှောင့်အယှက်ဖြစ်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စစ်ကောင်စီရဲ့ အကျင့် တွေကိုလည်း ပြည်သူတွေက သိပြီးသား ဖြစ်တယ် ပေါ့။ သို့ပေမယ့် ဒီဟာတွေကို အကြောင်းပြုပြီးတော့ ပဋိ ပက္ခ အမျိုးမျိုး ဖန်တီးချင်နေတဲ့ စစ်ကောင်စီရဲ့ လက်ပါးစေက ရှိနေတဲ့ အခါကျတော့ ကျနော်တို့ရော ပြည်သူ ရော သတိဝီရိယ ကြီးကြီးနဲ့ စောင့်ကြည့်ဖို့ သတိ ဝီရိယ ကြီးကြီးထားကြဖို့ လိုအပ်တယ်ပေါ့နော်ဟု ပြောသည်။

မတ်လ ၃၀ ရက်နေ့ကလည်း ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ထဲက သံဃာတော် အပါး ၅၀၀ သီ တင်းသုံးသည့် ဇဝနာရာမ ပရိယတ္တိ စာသင်တိုက်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့ရာ ဘုန်း ကြီးကျောင်းဆောင် တစ်ခုလုံး မီးလောင်ပြာကျ ပျက်စီးခဲ့သည်။

စစ်ကောင်စီက ရက်စက်ကြမ်းကြုတ်သည့် စစ်ရာဇဝတ်မှုများကို နိုင်ငံတစ်ဝန်းတွင် ပြင်းပြင်းထန်ထန် ကျူးလွန်နေသည့် အထောက်အထား အများအပြားတွေ့ရှိထားပြီဟုလည်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့် စစ်အာဏာရှင်ကို တော်လှန်နေသူများ ပြောဆိုထားသည်။

စစ်ကောင်စီတပ်သည် အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်နေပြီး စာသင်ကျောင်းများ၊ ဘာသာရေး အဆောက်အအုံများ၊ ဘုရားကျောင်းများနှင့် ဆေးရုံဆေးခန်းများကိုလည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပိုမိုလုပ်လာခဲ့သည်။

စစ်ကောင်စီက ရာဇဝတ်မှုများကို တရားလက်လွတ် ကျူးလွန်နေသော်လည်း အဆိုပါ ကျူးလွန်နေမှုများအတွက် မည်သူကမှ ပြစ်ဒဏ်ခြင်းကို မခံရသေးသောကြောင့် ပိုကျူးလွန်ရန် ဆက်၍ အခွင့်ပေးသည့် ပုံစံမျိုး ဖြစ်နေသည်ဟု ထောက်ပြမှုများလည်း ရှိနေပေသည်။