စစ်ဘေးရှောင်နေရာမှ ရွာပြန်စားစရာပြန်ယူသူတစ်ဦး မိုင်းထိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၁ ရက်။
တနင်္သာရီမြို့နယ် တကူကျေးရွာက ရွာသားတစ်ဦး တောလမ်းခရီးမှ စားသောက်ကုန် သွားသယ်ယူစဉ် မိုင်းထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု ရွာသားများက ပြောသည်။
စားသောက်ကုန် များသွားရောက်ဝယ်ယူပြီး တကူကျေးရွာသို့ ပြန်လာသည့် အသက် ၂၃ နှစ်အရွယ် အမျိုးသား တစ်ဦး ကျေးရွာနှင့် လေးမိုင်အကွာ တောလမ်းတနေရာတွင် ဧပြီလ ၇ ရက်နေ့၊ မွန်းလွဲ ၂ နာရီအချိန်ခန့်က မိုင်းထိမှန် ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်သည်။
“လူက ဆိုင်ကယ်နဲ့ကာလို့ တော်သေးတာ။ လက်နဲ့ခြေ ထောက်တွေမှာတော့ ဒဏ်ရာရသွားတယ်။ ဆိုင်ကယ်က တစ်စီးလုံး ပျက်စီးသွားတယ်” ဟု အသက် ၄၅ နှစ်အရွယ် ရွာသားတစ်ဦးက ပြောသည်။
မိုင်းထိမှန် ဒဏ်ရာရရှိခဲ့သူမှ ဖုန်းဆက် အကူအညီတောင်းခံလာခြင်းကြောင့် ရွာသားများမှ သွားရောက် ကယ် တင်ခဲ့ကြရပြီး လက်ရှိတွင် ဆေးကုသနေရသည်ဟု ရွာသားများက ပြောသည်။
တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီတပ်က ဆန်နှင့် စားသောက်ကုန် သယ်ယူခွင့် လုံးဝ ပိတ်ချလိုက်သဖြင့် တောလမ်းခရီးမှ ခက်ခဲစွာ သယ်ယူနေရခြင်းဖြစ်သည်။
ဧပြီလ ၆ ရက်နေ့မှ စတင်ပြီး တနင်္သာရီမြို့ပေါ်ကလွဲ၍ ကျန်သည့် ကျေးရွာများကို ကုန်ကားများ လုံးဝ ဖြတ် သန်းသွား လာခွင့်မပြုတော့ဘဲ စစ်ကောင်စီမှ ဆန်နှင့် စားသောက်ကုန်များကို ဖြတ်တောက်ခဲ့ခြင်း ဖြစ်သည်ဟု ရွာသားများက ဆိုသည်။
မိုင်းထိခဲ့ရာ တောလမ်းနေရာသည် ယခင်ကတည်းက စစ်ကောင်စီတပ်ရင်းများမှ မိုင်းထောင်ထားလေ့ရှိသည့် နေရာဖြစ်ကြောင်း ရွာသားများက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်းကလည်း မိုင်းထိသည့် လမ်းပိုင်း၌ပင် ရွာသားနှစ်ဦး မိုင်းနင်းမိသည့် ဖြစ်စဥ် ရှိခဲ့ သေးသည်ဟု ဆိုကြသည်။
တနင်္သာရီတိုင်းအတွင်း ယခု ၂၀၂၄ ခုနှစ် ၏ သုံးလကျော်ကာလ အတွင်း မြေမြုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာ ရရှိ သူ ၁၁ ဦး ထက်မနည်းရှိပြီး သေဆုံးသူ ၅ ဦးထက်မနည်း ရှိနေပြီဖြစ်သည်။
တနင်္သာရီတိုင်း အပါအဝင် မြန်မာတစ်နိုင်ငံလုံးတွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်က မြေမြုပ်မိုင်း အန္တရာယ်ကြောင့် အ ရပ်သား ၁၈၈ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၈၆၄ ဦး ရှိခဲ့သည်ဟု ယူနီဆက်ဖ်မြန်မာမှ ထုတ်ပြန်ထား သည်။