မျိုးဆက်သစ်များ၏ အစွမ်းအစများကို ပြုန်းတီးအောင်/ပျက်စီးအောင်လုပ်လိုက်သည့် စစ်မှုထမ်းဥပဒေ
သတင်းနှင့်၊ မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဧပြီလ ၉ ရက်။
စစ်မှုထမ်းဥပဒေကြောင့် လူငယ်အများစုဟာ ပြည်တွင်းကနေ အိမ်နီးချင်းနိုင်ငံတွေကို အုပ်စုလိုက် ထွက်ကုန် ကြသလို တချို့ကလည်း လွတ်မြောက်နယ်မြေတွေမှာ ခိုလှုံကုန်ကြပါတယ်။
အခု စစ်ကောင်စီက အသက်သွင်း လိုက်တဲ့ စစ်မှု ထမ်းဥပဒေဟာ လူငယ်တွေကို ပြုန်းတီး ပျက်စီးအောင် လုပ်တာ ဖြစ်တဲ့အတွက် အနာဂတ် ပြည်ထောင်စုသစ် နိုင်ငံတည်ဆောက်ရေးကို ထိခိုက်စေမယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်ပါတယ်။
စစ်ကောင်စီက လူငယ်မျိုးဆက်သစ်တွေရဲ့ ကိုယ်စွမ်းကိုယ်စတွေကို ပြုန်းတီးအောင်/ပျက်စီးအောင် လုပ်နေ တယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။
“စစ်ကောင်စီဟာ သူ့ရဲ့ ကိုယ်ကျိုးစီးပွားအတွက် လူငယ်တွေရဲ့ အသက်တွေနဲ့ လူငယ်တွေရဲ့ ဘဝတွေကို ချနင်းဖို့ ကြိုးစားနေတာ တွေ့ရပါတယ်။ ဒါကို ကျနော်တို့က ဟန့်တားဖို့ အထူးလိုအပ်နေပါတယ်။ ဒါဟာ အနာဂတ် နိုင်ငံတော် တည်ဆောက်ရေးနဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။ ကိုယ်စွမ်း ကိုယ်စရှိတဲ့ လူငယ်တွေဟာ ကျနော် တို့ နိုင်ငံအတွင်းမှာကောင်းစွာ ရှင်သန်ရပ်တည်နိုင်ဖို့ လိုပါတယ်။ ကျနော်တို့ မျိုးဆက်ဟောင်းဟာ မျိုးဆက်သစ် တွေကို ပုခုံးထမ်း တွန်းတင်ပေးဖို့ တာဝန်ရှိပါတယ်”
အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ ၇/၂၀၂၄ အစိုးရအဖွဲ့ အစည်းအဝေးမှာ NUG ယာယီသမ္မတ ဒူဝါလရှီး လ က ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေဟာ နိုင်ငံတာဝန်ကို ဆက်လက်သယ်ပိုးကြမယ့် အနာဂတ် မျိုးဆက်သစ် လူငယ် တွေရဲ့ ဘဝတက်လမ်းကို ပိတ်ပင်တားဆီးရာရောက်နေတဲ့အတွက် တန်ပြန်ချေဖျက်ဖို့ ကြိုးစားရာမှာလည်း နိုင်ငံရေး စဉ်းစားချက်ထက် နိုင်ငံတည်ဆောက်ရေးနဲ့ ပတ်သက်တဲ့အမြင်ကိုပါ ထည့်သွင်း စဉ်းစားဖို့လိုတယ်လို့ NUG ယာယီ သမ္မတ ဒူဝါလရှီးလက ပြောပါတယ်။
“ကျနော်တို့ အစိုးရအဖွဲ့ဝင်တွေမှာ နိုင်ငံရေးအမြင် ရှိရုံနဲ့ မရသလို တော်လှန်ရေး အမြင်ရှိရုံနဲ့လည်း မလုံ လောက်သေးပါဘူး။ နိုင်ငံတည်ဆောက်ရေးအမြင်ကို ပေါင်းထည့်မှသာ ပြည့်စုံမယ်လို့ ယူဆပါတယ်။ ဒါ့ကြောင့် စစ်အာဏာရှင်စနစ် ပြိုလဲဖို့အတွက် တော်လှန်ရေးအမြင်နဲ့ နိုင်ငံရေး အမြင်ကို မျှခြေညှိပြီး အားထုတ်ကြိုး စားရမှာဖြစ်သလို၊ အနာဂတ် နိုင်ငံသစ်တည် ဆောက်ရေးအတွက် တည်ဆောက်ရေး အမြင် ကိုပါ ပေါင်းထည့်ကြဖို့ အထူးတိုက်တွန်းလိုပါတယ်”
မြန်မာနိုင်ငံဟာ ၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီး နောက်ပိုင်း အသွင်အမျိုးမျိုးနဲ့ ရွှေ့ပြောင်းနေတဲ့ လူဦးရေ အရွေ့ ကို ကြုံတွေ့နေရပြီး အဲဒီအထဲမှာ အနာဂတ်တိုင်းပြည်တည်ဆောက်ရေးအတွက် အဓိက မောင်းနှင်အား ဖြစ်တဲ့ လူငယ်မျိုးဆက်သစ်တွေရဲ့ လူဦးရေ အရွေ့ဟာ ပုံစံ အမျိုးမျိုးနဲ့ ဖြစ်ထွန်းနေတယ် လို့ NUG ယာယီ သမ္မတ က ဆိုပါတယ်။
ဒါကြောင့် လက်ရှိ ဖြစ်ပေါ်နေတဲ့ တကယ့်အဖြစ်အပျက်တွေကို လက်တွေ့ကျကျ ရှုမြင်ပြီး တော်လှန်ရေး အလုပ်နဲ့အတူ နိုင်ငံအတွင်းမှာ လူငယ်တွေအတွက် ရေခံမြေခံကောင်း ဖြစ်ထွန်းရေး/ပတ်ဝန်းကျင်ကောင်း ဖြစ်ထွန်းရေးကို တွဲဖက် လုပ်ဆောင်ဖို့ လိုနေတယ်လို့ NUG ယာယီ သမ္မတက ဆက်ပြောပါတယ်။
“နိုင်ငံအတွင်းမှာ ရေခံ မြေခံကောင်း ဖြစ်ထွန်းရေးဟာ အထူးအရေးကြီးတဲ့ လုပ်ငန်းစဉ် တစ်ရပ် ဖြစ်လာတာ တွေ့ရပါတယ်။ ဒီ့အတွက် လူငယ်တွေရဲ့ ကိုယ်စွမ်းကိုယ်စတွေ လွတ်လပ်စွာ ရှင်သန် ကြီးထွား နိုင်ရေးကို ကျွန်တော်တို့အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့်ကာကွယ်ပေးကြဖို့ ပြောကြားရင်း တိုက်တွန်းလိုက်ပါတယ်။”
နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ၂၀၁၀ ပြည့် နှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေကို ၂၀၂၄ ခုနှစ်ဖေဖော်ဝါရီ ၁၀ ရက် နေ့မှာစတင် ဥပဒေ အာဏာ တည်တယ်ဆိုပြီး စစ်ကောင်စီ ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမိန့် ကြေညာစာ ထုတ်ပြန်ခဲ့ပါ တယ်။
အဲဒီ ပြည်သူ့စစ်မှုထမ်းဥပဒေမှာ ယောက်ျားလေးဆိုရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အရွယ်၊ မိန်းကလေး ဆိုရင် အသက် ၁၈ နှစ်ကနေ အသက် ၂၇ နှစ်အရွယ်တွေဟာ အကျုံးဝင်တာဖြစ်ပြီး ကျွမ်းကျင်သူအမျိုးသား ဖြစ်ရင် တော့ အသက် ၁၈ နှစ်ကနေ အသက် ၄၅ နှစ်အရွယ်အထိနဲ့ ကျွမ်းကျင်သူ အမျိုးသမီးဆိုရင် အသက် ၁၈ နှစ် ကနေ အသက် ၃၅ နှစ်ထိ အကျုံးဝင်တယ်လို့ ဆိုပါတယ်။
ကျွမ်းကျင်သူ ဆိုတာကတော့ ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှု၊ ပညာတတ်မြောက်သူ၊ တခြားအတတ် ပညာတခုခု တတ်မြောက်သူတွေကို ဆိုလိုတာ ဖြစ်ပါတယ်။
နိုင်ငံတဝှမ်းမှာ စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေက ရပ်ကွက်တိုင်းမှာ ဧည့်စာရင်း စစ်တာတွေကို တင်းတင်းကြပ်ကြပ် လုပ်ဆောင်နေသလို စစ်မှုထမ်းဥပေဒအောက် အကျုံးဝင်တဲ့ လူငယ်တွေရဲ့ စာရင်းတွေကို ထုတ်ပြန်တာတွေရှိနေတယ်လို့ မြို့နေပြည်သူတွေက ပြောပါတယ်။
ဖေဖော်ဝါရီလ ၁၀ ရက်နေ့က စစ်မှုမထမ်းမနေရ ဥပဒေ ထုတ်ပြန်ပြီး နောက်ပိုင်းကစပြီး ဧည့်စာရင်းတိုင်ရာမှာ သန်းခေါင်စာရင်း၊ မှတ်ပုံတင် မိတ္တူတွေ သာမက တစ်ကိုယ်လုံး အလှဓါတ်ပုံလည်း ပူးတွဲ တင်ပြရတယ်လို့ ဆိုပါတယ်။
လတ်တလောမှာ ဖုန်းနဲ့ ရိုက်ကူးထားတဲ့ အလှဓါတ်ပုံတွေကို မိတ္တူဆိုင်တွေမှာ ဓါတ်ပုံပြန်ထုတ်နေရတာကြောင့် အချိန်ကြာတဲ့အပြင် ရာအိမ်မှူးဆီမှာလည်း ဧည့်စာရင်း တိုင်ခွင့် မပြုသောကြောင့် ရပ်ကွက်ရုံးမှာ တန်းစီ စောင့်ဆိုင်းရတဲ့ ဒုက္ခတွေ ကြုံနေရတယ်လို့ မြို့ခံတချို့က ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်နဲ့ သူတို့ လက်အောက်ခံ ရဲတပ်ဖွဲ့က ကြိုတင် အကြောင်းကြားတာ မရှိဘဲ ရှောင်တခင် ဧည့်စာရင်း စစ်ဆေးပြီး ငွေညှစ်ခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ပြည်သူတွေက ဆိုပါတယ်။
မြိတ်မြို့နယ်၊ တုံးဗျောငယ်ရွာက လူငယ်တစ်ယောကတော့ စစ်မှုထမ်းဆောင်ဖို့ နာမည်စာရင်းပါလာတဲ့ အတွက် ကြိုးဆွဲချပြီး သတ်သေသွားခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့ပါတယ်။
သေဆုံးသူမှာ တုံးဗျောငယ်ရွာက အသက် ၂၆ နှစ်အရွယ် ကိုစိုးမင်းနိုင် ဆိုသူ ဖြစ်တယ်လို့ ရွာသားတွေက ပြောပါ တယ်။
ရွာသားတစ်ဦးက “အမေလုပ်တဲ့သူက သူ့သား နှစ်ညစလုံးအိမ်ပြန်မအိပ်ဘူး၊ လိုက်စုံစမ်းလို့လည်း မရဖြစ်နေ တော့ ဝိုင်းရှာပေးဖို့ အကူအညီတောင်းလို့ ရွာသားတွေ လိုက်ရှာကြတာ၊ သူ့အိမ်အနောက်ဘက် ချောင်းစပ်က တောအုပ်ထဲမှာအလောင်းကိုတွေ့ခဲ့ရတယ်။ အလောင်းက ပုပ်နေပြီ” လို့ ပြောပါတယ်။
ရွာထဲမှာ မတ်လအတွင်း ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ စစ်မှုထမ်းဆောင်ဖို့အတွက် မဲနှိုက်ခဲ့ရာ သေဆုံးသူ ကိုစိုးမင်းနိုင်က သူကိုယ်တိုင်ပါမယ်ဆိုပြီး ဆန္ဒပြုစာရင်းပေးခဲ့ ပါတယ်။
စာရင်းပေးခဲ့တဲ့ ကိုစိုးမင်းနိုင်ကို လေးလပိုင်းမှာ ရွာသားတွေစုပြီး ပိုက်ဆံကောက်ပေးဖို့ သဘောတူခဲ့ကြပါတယ်။
အဲ့ဒီနောက် မတ်လ ၂၆ ရက်နေ့မှာ ကိုစိုးမင်းနိုင်ဟာ ဆေးစစ်ဖို့အတွက် မြိတ်မြို့ကို သွားရောက်ခဲ့ပြီး နှစ်ရက် အကြာ မတ်လ ၂၈ ရက်နေ့ ညနေပိုင်းမှာ ရွာကို ပြန်ရောက်လာပါတယ်။
မြိတ်ကနေ ပြန်လာပြီး အိမ်မှာ ပြန်မအိပ်ဘဲ ပျောက်နေတဲ့ ကိုစိုးမင်းနိုင်ကို မတ်လ ၃၀ ရက်နေ့ မနက်ပိုင်းက သူတို့ နေအိမ် အနောက်ဘက် ချောင်းစပ် တောအုပ်ထဲထဲ ကြိုးဆွဲချလျက် အနေအထားနဲ့ သေဆုံးနေတဲ့ အလောင်းကို တွေ့ခဲ့တာလို့ ဆွေမျိုးတော်စပ်သူ အသက် ၄၀ နှစ်ခန့် အရွယ် အမျိုးသား တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီက အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ စစ်မှုထမ်းအစီအစဥ်ရဲ့ ပထမအသုတ်ထဲ တနင်္သာရီ တိုင်းက အယောက် ၂၆၀ ကျော်ပါဝင်ပြီး မြိတ်မြို့နယ်ထဲက ၁၅၀ နီးပါး ပါဝင်သွားမယ်လို့ တိုင်းစစ်မှုထမ်း ဆင့် ခေါ်ရေး အဖွဲ့က ပြောဆိုထားပါတယ်။
မြိတ်မှာတော့ စစ်မှုထမ်းဖို့ စာရင်းပါတဲ့သူတွေကို မြိတ်စစ်ဆေးရုံကို ဆေးစစ်ဖို့ ခေါ်ယူနေတယ်လို့ ဒေသခံတွေ က ပြောပါတယ်။
စစ်မှုထမ်း ခေါ်ယူလို့မရတဲ့ မြို့တွေမှာတော့ ပြည်သူ့စစ်အဖွဲ့တွေက စုဆောင်းမှုတွေ လုပ်နေတဲ့အပြင် စစ်တပ်က ထိန်းချုပ်ထားတဲ့ မြို့တွေမှာ အခြေခံစစ်သင်တန်ဖွင့်ခဲ့တယ်ဆိုတာမျိုး သတင်းတွေ ထုတ်ပြန်နေတာလည်း ရှိပါတယ်။
ကရင်နီပြည်ထဲ စစ်ကောင်စီက အခြေခံပညာစစ်သင်တန်း ဖွင့်ခဲ့တယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လာ ပါ တယ်။ ဒီကိစ္စက ဖြစ်နိုင်ချေမရှိဘူးလို့ ကရင်နီ တော်လှန်ရေးတပ်တွေနဲ့ ဒေသအတွင်းရှိ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
ကရင်နီပြည်၊ လွိုင်ကော်မြို့မှာ စစ်ကောင်စီက ပြည်သူ့စစ် (ဌာနေ) အခြေခံပညာ စစ်သင်တန်း အပါတ်စဉ် (၂) ကို ဖွင့်ခဲ့တယ်လို့ စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ် ချယ်နယ်နဲ့ လူမှုကွန်ယက် စာမျက်နှာတွေမှာ ဧပြီလ ၁ ရက် နေ့က ပြန့်နှံ့လာခဲ့ပါတယ်။
ဒီလို ပြန့်နှံ့လာတဲ့အပေါ် နယ်မြေစိုးမိုးမှုအရ လွိုင်ကော်မြို့ကို ကရင်နီတော်လှန်ရေးတပ်တွေက ဝန်းရံ ပိတ်ဆို့ ထားတာကြောင့် ဖြစ်နိုင်ချေ မရှိဘူးလို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ရဲ့ ရှေ့တန်း စစ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်။
KNDF တာဝန်ရှိသူတစ်ယောက်က “လွိုင်ကော်မှာက သူတို့ အဲ့သင်တန်း လုပ်တယ်ဆိုတာ မဖြစ်နိုင်ဘူးနော်။ လုံးဝမဖြစ်နိုင်ဘူး။ ဘာလို့လဲ ဆိုတော့ ကျနော်တို့ရဲ့ နယ်မြေစိုးမိုးမှုက အားလုံးကို ကျနော်တို့ ဝိုင်းထားပြီပေါ့ နော်” လို့ ပြောပါတယ်။
ဒီသင်တန်းကို ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လွိုင်ကော်) က ဦးစီးကျင်းပခဲ့တာ ဖြစ်ပြီး တက်ရောက်ခဲ့တဲ့ သင်တန်း သားဦးရေနဲ့ ဘယ်ဒေသတွေကနေ လာပြီး တက်ကြတယ်ဆိုတာကို ဖော်ပြထားတာမျိုး မတွေ့ရပါဘူး။
စစ်ကောင်စီရဲ့ ပြည်သူ့စစ် (ဌာနေ) အခြေခံပညာ စစ်သင်တန်းဖွင့်ပွဲမှာ စစ်ကောင်စီရဲ့ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ)မှူးနဲ့ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ တက် ရောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိမှာ လွိုင်ကော်မြို့အတွင်း စစ်ကောင်စီရဲ့ နယ်မြေစိုးမိုးထားမှုက အနည်းအကျဉ်းပဲ ရှိတော့ပြီး သင်တန်း သား စုဆောင်းဖို့ မဖြစ်နိုင်တာကြောင့် အခုဖြစ်စဉ်ဟာ ဝါဒဖြန့်တာပဲ ဖြစ်နိုင်တယ်လို့ KNDF တာဝန်ရှိသူက ဆက် ပြောပါတယ်။
“အခုဆို စစ်သားတွေရဲ့ ဧရိယာက ဒကစရှိမယ်၊ ထောင်ရှိမယ်။ ပြီးတော့ ကမ္ဘာလုံးတပ် (လွယ်တမူ)၊ ၅၄ တပ် အဲ့ဒါပဲရှိမယ်။ အဲ့ဒါ သူတို့သင်တန်းသား ခေါ်စုတာတော့ မဖြစ်နိုင်ဘူးနော်။ အဲ့ဒါသူတို့ ပုံတင်ထားတဲ့ဟာတော့ လူနည်းနည်းလေးပဲ လုပ်တာလေနော်။ အဲ့ဒါကိုမှ သူတို့ လူဟောင်းတွေကိုပဲ လုပ်တာပဲနေမယ်။ ပြီးတော့ သူတို့ ဆိုက်ဝါးထည့်တာပဲနေမယ်။”
လက်ရှိ လွိုင်ကော်မြို့အတွင်း ကရင်နီကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား နေ့တိုင်းနီးပါး တိုက်ပွဲ တွေ ဖြစ်ပွားနေတာကြောင့် လွတ်လွတ်လပ်လပ်တောင် သွားလာလို့ မရတဲ့အပြင် နယ်မြေ အနေအထားအရ တော်လှန်ရေးတပ်တွေက ပိုစိုးမိုးထားတာကြောင့် အခြေခံပညာစစ်သင်တန်း ဖွင့်ခဲ့တယ်ဆိုပြီး ပြန့်နှံ့နေတာဟာ ပုံစံပြသဘောမျိုးပဲ လုပ်တာ ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။
ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC အထွေထွေအတွင်းရေးမှူး ခူးပလုရယ် ကလည်း အခုလို သုံးသပ်ပါတယ်။
“ဒီလိုအချိန်မှာ က လူစုဖို့လည်း မလွယ်သလို ဒီတစ်နေရာကနေ တစ်နေရာ မြို့တွင်း တစ်ရပ်ကွက်နဲ့ တစ်ရပ် ကွက်ကိုလည်း သွားလာကူးလူး ဆက်ဆံဖို့လည်း မလွယ်တဲ့ အခြေအနေမျိုးလည်း ဖြစ်တယ်ပေါ့နော်။ နောက် ဒီတော်လှန်ရေး အင် အားစုကလည်း မြို့ကို အတိုင်းတာ တစ်ခုအထိ စိုးမိုးထားနိုင်တဲ့ အခြေနေရှိတော့ ဖြစ်နိုင် ချေ နည်းတယ်လို့ပဲ သုံးသပ်ချင်တယ်ပေါ့နော်။ တော်လှန်ရေး အင်အားစုတွေဘက်ကလည်း ပြောပါတယ် ဒါက ပုံစံပြပဲ ဆိုတဲ့ဟာ မျိုးတွေပေါ့ ကျနော်တို့လည်း အဲ့လိုမျိုးပဲ သုံးသပ်ပါတယ်”
လက်ရှိမှာ တစ်ပြည်နယ်လုံး အတိုင်းတာအနေနဲ့ ကရင်နီပြည်သူ အများစုကလည်း စစ်ဘေး တိမ်းရှောင်နေရပြီး စစ်မှုမထမ်းချင်ကြတာကြောင့် စစ်ကောင်စီရဲ့ ပြည်သူ့ စစ်မှုထမ်းဥပဒေကလည်း သူတို့ရဲ့ ပြည်နယ်ထဲ သက် ရောက်မှု မရှိနိုင်ဘူးလို့ ကရင်နီတပ်မတော် KA ရဲ့ စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။
“ကရင်နီပြည်ပေါ်မှာတော့ သက်ရောက်မှု ရှိတယ် မရှိဘူး ဆိုတာကတော့ ကျနော်တို့ နယ်မြေမှာက စစ်ရှောင် တွေ ရှိနေသေးတယ်လေနော်။ နောက်ပြီးတော့မှ စစ် မှုထမ်း ဥပဒေက ဘယ်သူမှ မလုပ်နိုင်ဘူး ထင်တယ်။ လုပ်လည်း မလုပ်ဘူးတော့ အဲ့လိုမျိုးတော့ ယုံကြည်တယ်”
ကရင်နီပြည်မှာတော့ ကရင်နီတော်လှန်ရေးတပ်တွေက ပြည်နယ်ထဲ နယ်မြေ ၉၀ ရာခိုင်နှုန်းလောက်နဲ့ မြို့ပေါင်း ၇ မြို့ကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်တယ်လို့ မတ်လတုန်းက ထုတ်ပြန်ထားပါတယ်။
ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးက မြို့ပေါ်ရပ်ကွက် တချို့မှာတော့ လူငယ် အမျိုးသားတွေကို စစ်မှုထမ်း ခေါ် ယူတာတွေရှိလာတယ်လို့ စာရင်းဝင် လူငယ်တွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။
တောင်ကြီးမြို့က မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ရွှေတောင်၊ ဈေးပိုင်းနဲ့ ပြည်တော်သာရပ်ကွက်မှာ မတ်လ ၁၈ ရက် နေ့က စစ်မှုထမ်းခေါ်ယူခြင်းဆိုင်ရာ အစည်းအဝေး လုပ်ပြီးနောက် တစ်ရပ်ကွက်ကို လူ ၃ ဦးစီ မဲနှိုက် ခေါ်ယူသွား တာ ဖြစ်ပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး ပြည်တော်သာရပ်ကွက်ရှိ စစ်မှုထမ်း စာရင်းဝင် လူငယ်ရဲ့ မိသားစုဝင် တစ်ယောက် က အခုလို ပြောပါတယ်။
“ဒီရဲ့ ရပ်ကွက်မှာ ပေါ့နော်။ ၃ ယောက်ရွေးမှာ ၃ ယောက်ထဲမှာ ပါသွားခဲ့လို့ရှိရင် အထက်ကို တင်လိုက်မှာ။ အဲ့ဒါ တကယ်လို့ ကျောင်းတက်နေတဲ့သူ ဆိုရင်ရော ကျောင်းတက်နေတယ် ဆိုရင်တော့ စဉ်းစားပေးမှာပါ။ သူတို့ လျှော့ပေါ့ ပေးမှာပါတဲ့။”
စစ်မှုထမ်း ခေါ်ယူခြင်းဆိုင်ရာ အစည်းအဝေး ဖိတ်ကြားတဲ့ စာရဲ့ အပေါ်ပိုင်းမှာ နိုင်ငံသား စိစစ်ရေးကတ်ပြား (မှတ်ပုံတင်)ကို စမတ်ကတ် လဲလှယ်ပေးရန် လို့ရေးသားထားပြီး စာရဲ့ အောက်ပိုင်းမှာတော့ စစ်မှုထမ်းဆောင်ဖို့နဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ဖိတ်ကြားခြင်း ဆိုပြီး ရေးသားဖော်ပြထားပါတယ်။
စစ်မှုထမ်း အကျုံးဝင်တဲ့ လူငယ်တွေက အဓမ္မခေါ်ခံရမှာကို စိုးရိမ်ပူပန်နေကြပါတယ်။ ဒါ့ကြောင့် အစည်းအဝေး ကို လူကိုယ်တိုင် မတက်တော့ဘဲ မိသားစုဝင်တွေကပဲ ကိုယ်စား သွားတက်ကြတယ်လို့ ဆိုပါတယ်။
အဲ့ဒီ အစည်းအဝေးကို သွားတက်ခဲ့တဲ့ စစ်မှုထမ်းအကျုံးဝင် လူငယ်တစ်ယောက်ရဲ့ မိခင်ဖြစ်သူက အခုလို ပြောပါ တယ်။
“သားကို ဘာလုပ်နေလဲတဲ့။ ကျောင်းတက်နေတယ်လို့ပဲ ဖြေရတာပေါ့။ ကျောင်းတက်နေတယ် Third Year လို့ ပြောလိုက်တယ်လေ။ ဘယ်နှစ်လဲတဲ့ တတိယနှစ် Botany လို့။ မဟုတ်ဘူး အဲဒါတွေတော့ ပါတယ်ပေါနော်။ သူ တို့ ဒီရပ်ကွက်ထဲမှာ တစ်ရာနဲ့ ဘယ်လောက်ဆိုလဲ မသိဘူး။ ဘိန်းစားရယ်၊ မိအိုဖအိုကို ပြုစုနေတဲ့ကောင်ရယ်၊ ကျောင်းသားရယ် ဆိုရင်တော့ သူတို့က သက်ညှာပေးတယ်တဲ့။ ဒါပေမယ့် အခုလောလောဆယ်တော့ သက်ညှာ တာက နောက်မှကွယ်၊ အရင်ဆုံး သူတို့က မဲနှိုက်မှာ။”
အစည်းအဝေးကို ရွှေတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၊ နန်းအောင်ဂေဟာနဲ့ အခြေခံပညာ အထက်တန်း ကျောင်း (အ.မ.က ၉)တို့မှာ လုပ်မှာဖြစ်ပြီး မတက်တဲ့ အိမ်ထောင်စုတွေကို ဖုန်းဆက် အကြောင်းကြားပြီး ချက် ချင်း ခေါ်ယူမယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်ထားပါတယ်။
စစ်မှုထမ်းဖို့အတွက် ရွှေတောင်နဲ့ ဈေးပိုင်းရပ်ကွက်တွေမှာ မဲနှိုက်ရွေးချယ်သွားမှာဖြစ်တယ်လို့ ဆိုပေမယ့် ရွှေ တောင်ရပ်ကွက်မှာ တက်ကြွစွာ စစ်မှုထမ်းဆောင်ချင်တဲ့သူတွေ အသင့်ရှိနေတယ်လို့ အစည်းအဝေး တက်တဲ့ သူတွေက ပြောပါတယ်။
နိုင်ငံတဝှမ်းက မြို့နယ်အသီးသီး၊ ရပ်ကွက် ရပ်ရွာတိုင်းမှာ လူငယ် အမျိုးသားတွေကို စစ်မှုထမ်း ခေါ် ယူတာတွေ ရှိနေပြီး တချို့မြို့နယ်တွေမှာတော့ စစ်သင်တန်းတွေ စနေပြီ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေအတိုင်း ပြည်သူတွေအနေနဲ့ ငြိမ်ခံနေရတဲ့ အခြေအနေကနေ ရုန်းထွက် နိုင်အောင် ကူညီဆောင်ရွက်ပေးမယ်လို့ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေး တက်ကြွဆောင်ရွက်နေတဲ့ အဖွဲ့ အစည်းတွေက ပြောဆိုထားပါတယ်။
New Myanmar Foundation အဖွဲ့အပြင် Mother Embrace Foundation အဖွဲ့နဲ့ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေးအတွက် လှုပ်ရှားနေတဲ့ တခြား အရပ်ဘက်အဖွဲ့အစည်း တချို့က အတင်းအဓမ္မ စစ်သားသစ် စုဆောင်းခံရမှုကနေ လူငယ်တွေ ရှောင်ရှားနိုင်ဖို့အတွက် ကူညီဆောင်ရွက်ပေးနေပါတယ်။
ဒါကြောင့် အတင်းအဓမ္မ စစ်မှုထမ်းခိုင်းတာကို ပြည်သူတွေအနေနဲ့ ငြိမ်ခံနေရတဲ့ အခြေအနေမျိုးကနေ ရုန်းထွက် နိုင်အောင် ကူညီဆောင်ရွက်ပေးမယ်လို့ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးအတွက် လှုပ်ရှားနေတဲ့ Mother Embrace Foundation အဖွဲ့ တာဝန်ရှိသူ ဦးမျိုးမြင့်အောင်က ပြောပါတယ်။
“တချို့ဟာတွေမှာလည်း အတင်းကြီး ငြိမ်ကုပ်ပြီးတော့မှပဲ လုပ်သမျှခံနေရတဲ့အဖြစ်မျိုး ရောက်အောင် ကျနော်တို့ ဒီဘက်က အဖွဲ့အစည်းတွေ အနေနဲ့ ပြည်သူတွေ ဒုက္ခမရောက်အောင် တတ်နိုင်သမျှကူညီပေးဖို့ ဆောင် ရွက်နေပါတယ်”
စစ်ကောင်စီဘက်က စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်တဲ့ သူတွေကို ပြည်ပနိုင်ငံတွေဘက် ထွက်ပြေး တိမ်းရှောင် တာမျိုးနဲ့ တော်လှန်ရေးနယ်မြေတွေထဲ ဝင်လို့ မရအောင် နည်းလမ်းအမျိုးမျိုးနဲ့ လုပ်နေတယ်လို့လည်း ဆိုပါ တယ်။
ဒါကြောင့် ပြည်သူတွေအနေနဲ့ ဦးမျိုးမြင့်အောင်တို့ရဲ့ အဖွဲ့အစည်းကို ဆက်သွယ် အကူအညီတောင်းနိုင်တယ်လို့ ဆိုပါတယ်။
“အခုဆိုရင် စကစဘက်ကနေပြီးတော့ page အတုတွေထောင်ပြီးတော့ လူငယ်တွေကို အချက်အလက်တွေ ကောက်တာမျိုးတွေ ဖမ်းဆီးနေတာမျိုးတွေရှိတယ်ပေါ့နော်။ အဲလိုမျိုးမဖြစ်အောင်လို့ ဘယ်နေရာ ဘယ်ဒေသ မှာ ဘယ်အဖွဲ့အစည်း ဘယ်ရဲ့ page က အစစ်ဖြစ်ပါတယ် ဆိုတာမျိုးတွေ ကျနော်တို့ စိစစ်ပေးတာမျိုးတွေ ကျနော်တို့ဘက်က အကြံဉာဏ်ပေးတာမျိုးတွေ လုပ်ပေးနိုင်မယ်။ နောက် သူတို့ထွက်မယ့်နေရာ ဘယ်ဒေသနဲ့ အနီးစပ် ဆုံးဖြစ်တယ်ပေါ့နော်။ အဲ့ဒါမျိုးလေးတွေ ကျနော်တို့ဘက်က အကြံဉာဏ်ပေးနိုင်တယ်။ ဆိုလိုချင်တာ ကတော့ ရန်ကုန်လိုဟာမျိုးက စကစ စိုးမိုးနယ်မြေလို့ ပြောလို့ရတယ်။ သူတို့အပြည့်အဝတော့ မဟုတ်ဘူး။ ဒါ ပေမယ့် ရန်ကုန်နဲ့ မလှမ်းမကမ်းမှာ ကျနော်တို့ PDF တွေ စစ်ရှောင်စခန်းတွေ အဖွဲ့အစည်းတွေကတော့ ရှိနေ တာပဲပေါ့ ဒါမျိုးလေးတွေတော့ရှိတယ်။”
စစ်ကောင်စီရဲ့ မတရားတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြည်သူတွေအနေနဲ့ ရုန်းထွက်ချင်ရင် ဒီမိုကရေစီရေးနဲ့ လူ့ အခွင့်အရေး ဆောင်ရွက်နေသူတွေကို အကူညီတောင်းခံနိုင်ကြောင်းနဲ့ New Myanmar Foundation ကိုလည်း တိုက်ရိုက်ဆက်သွယ် အကူအညီတောင်းခံနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေး လှုပ်ရှားမှုက အရှိန်အဟုန်ကောင်းကောင်းနဲ့ အောင်မြင်နေပြီ ဖြစ်ပြီး ဒီမို ကရေစီရေးနဲ့ လူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်နေတဲ့ အဖွဲ့အစည်းများစုအနေနဲ့လည်း စစ်ကောင်စီရဲ့ ပြည်သူ့ စစ်မှုထမ်းဥပဒေကို လုံးဝလက်မခံဘဲ တတ်အားသလောက် အစွမ်းကုန် တိုက်ဖျက်သွားမယ်လို့ ထုတ်ပြန် ထားပါတယ်။