လွိုင်ကော်တွင် စစ်ကောင်စီ အခြေခံစစ်သင်တန်း ဖွင့်သည်ဆိုသည်မှာ မဖြစ်နိုင်ဟု ကရင်နီ တပ်ဖွဲ့များပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဧပြီ ၈ ရက်။
ကရင်နီပြည်တွင် စစ်ကောင်စီမှ အခြေခံပညာစစ်သင်တန်း ဖွင့်လှစ်ခဲ့သည်ဟု ဆိုသည့်ကိစ္စမှာ ဖြစ်နိုင်ချေမရှိဟု ကရင်နီ တော်လှန်ရေးတပ်များနှင့် ဒေသအတွင်းရှိ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများက ပြောသည်။
ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် စစ်ကောင်စီမှ ပြည်သူ့စစ် (ဌာနေ) အခြေခံပညာ စစ်သင်တန်း အပါတ်စဉ် (၂) ဖွင့်လှစ်ခဲ့သည်ဟု စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ် ချယ်နယ်နှင့် လူမှုကွန်ယက် စာမျက်နှာများတွင် ဧပြီလ ၁ ရက် နေ့က ပြန့်နှံ့လာခဲ့သည်။
ထိုသို့ ပြန့်နှံ့လာသည့်အပေါ် နယ်မြေစိုးမိုးမှုအရ လွိုင်ကော်မြို့အား ကရင်နီတော်လှန်ရေးတပ်များမှ ဝန်းရံ ပိတ် ဆို့ထားသောကြောင့် ဖြစ်နိုင်ချေ မရှိဟု ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ၏ ရှေ့တန်း စစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။
“လွိုင်ကော်မှာက သူတို့ အဲ့သင်တန်း လုပ်တယ်ဆိုတာ မဖြစ်နိုင်ဘူးနော်။ လုံးဝမဖြစ်နိုင်ဘူး။ ဘာလို့လဲ ဆိုတော့ ကျနော်တို့ရဲ့ နယ်မြေစိုးမိုးမှုက အားလုံးကို ကျနော်တို့ ဝိုင်းထားပြီပေါ့နော်။”
အဆိုပါသင်တန်းအား ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လွိုင်ကော်) မှ ဦးစီးကျင်းပခြင်း ဖြစ်ပြီး တက်ရောက်ခဲ့သည့် သင်တန်းသားဦးရေနှင့် မည်သည့်ဒေသမှ လာပြီး တက်ရောက်ကြသည်ကို ဖော်ပြထားခြင်း မတွေ့ရပေ။
ထို စစ်ကောင်စီ၏ ပြည်သူ့စစ် (ဌာနေ) အခြေခံပညာ စစ်သင်တန်းဖွင့်ပွဲတွင် စစ်ကောင်စီ၏ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ)မှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက် ရောက်ခဲ့သည်ဟု ဖော်ပြထားသည်။
လက်ရှိတွင် လွိုင်ကော်မြို့အတွင်း စစ်ကောင်စီ၏ နယ်မြေစိုးမိုးမှု အနည်းအကျဉ်းသာ ရှိတော့ပြီး သင်တန်းသား စုဆောင်းရန် မဖြစ်နိုင်သောကြောင့် ယခုဖြစ်စဉ်မှာ ဝါဒဖြန့်မှုသာ ဖြစ်နိုင်သည်ဟု KNDF တာဝန်ရှိသူက ဆက် ပြောသည်။
“အခုဆို စစ်သားတွေရဲ့ ဧရိယာက ဒကစရှိမယ်၊ ထောင်ရှိမယ်။ ပြီးတော့ ကမ္ဘာလုံးတပ် (လွယ်တမူ)၊ ၅၄ တပ် အဲ့ဒါပဲရှိမယ်။ အဲ့ဒါ သူတို့သင်တန်းသား ခေါ်စုတာတော့ မဖြစ်နိုင်ဘူးနော်။ အဲ့ဒါသူတို့ ပုံတင်ထားတဲ့ဟာတော့ လူနည်းနည်းလေးပဲ လုပ်တာလေနော်။ အဲ့ဒါကိုမှ သူတို့ လူဟောင်းတွေကိုပဲ လုပ်တာပဲနေမယ်။ ပြီးတော့ သူတို့ ဆိုက်ဝါးထည့်တာပဲ နေမယ်။”
လက်ရှိ လွိုင်ကော်မြို့အတွင်း ကရင်နီကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား နေ့စဉ်နီးပါး တိုက်ပွဲ များ ဖြစ်ပွားနေခြင်းကြောင့် လွတ်လပ်စွာပင် သွားလာ၍ မရသည့်အပြင် နယ်မြေ အနေအထားအရ တော်လှန် ရေးတပ်များက ပိုမိုစိုးမိုးထားသောကြောင့် အခြေခံပညာစစ်သင်တန်း ဖွင့်လှစ်ခဲ့သည်ဟု ပြန့်နှံ့နေသည့်အပေါ် ပုံစံပြသဘော အနေဖြင့်သာ ပြုလုပ်ခြင်းဖြစ်နိုင်သည်ဟု ဆိုကြသည်။
ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC အထွေထွေအတွင်းရေးမှူး ခူးပလုရယ် က “ဒီလိုအချိန်မှာ က လူစုဖို့လည်း မလွယ်သလို ဒီတစ်နေရာကနေ တစ်နေရာ မြို့တွင်း တစ်ရပ်ကွက်နဲ့ တစ်ရပ်ကွက်ကိုလည်း သွားလာကူးလူး ဆက်ဆံဖို့လည်း မလွယ်တဲ့ အခြေအနေမျိုးလည်း ဖြစ်တယ်ပေါ့နော်။ နောက် ဒီတော်လှန်ရေး အင် အားစုကလည်း မြို့ကို အတိုင်းတာ တစ်ခုအထိ စိုးမိုးထားနိုင်တဲ့ အခြေနေရှိတော့ ဖြစ်နိုင်ချေ နည်းတယ်လို့ ပဲ သုံးသပ်ချင်တယ်ပေါ့နော်။ တော်လှန်ရေး အင်အားစုတွေဘက်ကလည်း ပြောပါတယ် ဒါက ပုံစံပြပဲ ဆိုတဲ့ဟာ မျိုးတွေပေါ့ ကျနော်တို့လည်း အဲ့လိုမျိုးပဲ သုံးသပ်ပါတယ်” ဟု ပြောသည်။
အလားတူ လက်ရှိတွင် ကရင်နီတစ်ပြည်နယ်လုံး အတိုင်းတာအနေဖြင့် ကရင်နီပြည်သူ အများစုမှာ စစ်ဘေး တိမ်းရှောင်နေရခြင်းနှင့် စစ်မှုထမ်းဆောင်လိုခြင်း မရှိကြသောကြောင့် စစ်ကောင်စီ၏ ပြည်သူ့ စစ်မှုထမ်းဥပဒေ သည်လည်း ၎င်းတို့ ပြည်နယ်အတွင်း သက်ရောက်မှု မရှိနိုင်ဘူးဟု ကရင်နီတပ်မတော် KA တာဝန်ရှိသူက ပြော သည်။
ကရင်နီတပ်မတော် KA စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က “ကရင်နီပြည်ပေါ်မှာတော့ သက်ရောက်မှု ရှိတယ် မရှိဘူး ဆိုတာကတော့ ကျနော်တို့ နယ်မြေမှာက စစ်ရှောင်တွေ ရှိနေသေးတယ်လေနော်။ နောက်ပြီးတော့မှ စစ် မှုထမ်း ဥပဒေက ဘယ်သူမှ မလုပ်နိုင်ဘူး ထင်တယ်။ လုပ်လည်း မလုပ်ဘူးတော့ အဲ့လိုမျိုးတော့ ယုံကြည် တယ်” ဟု ပြောသည်။
ကရင်နီပြည်တွင် ကရင်နီတော်လှန်ရေးတပ်များက ပြည်နယ်၏ ၉၀ ရာခိုင်နှုန်းနှင့် မြို့ပေါင်း ၇ မြို့ကို ထိန်းချုပ် ထားနိုင်ပြီ ဖြစ်ကြောင်း မတ်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။