PNLA ကို ကန့်ကွက်စာ အတုများဖြင့် စစ်ကောင်စီ ဝါဒဖြန့်နေဟု ပအိုဝ်းလူငယ်များက ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဧပြီလ ၈ ရက်။
လူမှုအဖွဲ့အစည်းအစည်းများမှ PNLA အား ကန့်ကွက်ရှုတ်ချသည့် စာအတုများအား စစ်ကောင်စီ ဝါဒဖြန့်သူများ က ဖြန့်ဝေနေနေသည်ဟု ပအိုဝ်းလူငယ်များက ပြောသည်။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PNLA)အား လူမှုအဖွဲ့အစည်းများအား ကန့်ကွက်ရှုတ်ချသည့် စာအတုများ ထွက်ပေါ်နေသည်ဟု အင်တာနက် သုံးစွဲသည့် ပအိုဝ်းလူငယ်များက ပြောသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ PNLA စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက “ကျနော် စုံစမ်းကြည့်ရ သလောက်ဆိုရင် အဲ့ဒီထုတ်ပြန်ချက်တွေက အတုတွေပေါ့လေ။ အဲ့အောက်မှာပါတဲ့ အဖွဲ့အစည်းတွေရဲ့ နာမည် တွေက အရင်တုန်းက ထုတ်ပြန်ချက် ကြေညာချက်တွေကို စုပေါင်းထုတ်ပြန်ဖူးတဲ့ အဖွဲ့တွေ ဖြစ်မှာပေါ့လေ။ အဲ့ဒီအဖွဲ့တွေရဲ့ နာမည်တွေကို သူတို့က အကုန်လုံး Copy (ကူးယူ) ယူထားတဲ့ ပုံစံတွေ့ရတယ်။ ပြီတော့မှ အပေါ် မှာ ရှိသမျှ အဖွဲ့အစည်းကို အကုန်လုံး ဆွဲချပြီးတော့မှ အပေါ်ဆုံးက သူတို့ရဲ့ ဖောင့်ကတော့ သီးသန့်စာ တစောင် ရေးပြီးတော့မှ ပေါင်းတင်လိုက်တယ်။ အဲ့လိုမျိုးပဲ သုံးသပ်မိတာပေါ့လေ” ဟု ပြောသည်။
ဧပြီလ ၆ ရက်နေ့မှစတင်၍ လူမှုကွက်ရက်စာမျက်နှာ (Facebook) နှင့် တယ်လီဂရမ် ချန်နယ် (Telegram) များ တွင် စစ်ကောင်စီ ဝါဒဖြန့် အကောင့်တုများမှ ဖြန့်ဝေနေခြင်း ဖြစ်သည်။
၂၀၂၁ ခုနှစ် အစောပိုင်းကလများတွင် လူမှုကွန်ရက် အဖွဲ့အစည်းပေါင်း ၁၀၀ ကျော်က စစ်အာဏာသိမ်းခြင်း အပေါ် ကန့်ကွက်စာများ ထုတ်ပြန်ခဲ့ကြသည် ဖြစ်ရာ စစ်ကောင်စီ ဝါဒဖြန့်သူများက ယင်းထုတ်ပြန်ချက်များအား ဖြတ်၊ ညှပ်၊ ကပ် လုပ်၍ သတင်းမှား ဖြန့်ဝေနေခြင်း ဖြစ်သည်ဟု ဆိုသည်။
ထိုသို့ သတင်းမှား ဖြန့်ဝေခြင်းသည် အင်တာနက်နှင့် အကျွမ်းတဝင်ရှိသည့် ခေတ်လူငယ်များအပေါ် သက်ရောက် မှု မရှိသော်လည်း ဖုန်းလိုင်းမရသည့် ကျေးရွာနေ လူထုများနှင့် သက်ကြီးရွယ်အိုများအတွက် အနည်းငယ် တွေ ဝေသွားစေနိုင်သည်ဟု ဝါဒဖြန့်ခံရသည့် အဖွဲ့အစည်း တာဝန်ရှိသူများက သုံးသပ်သည်။
PNLA အတူ ဝါဒဖြန့်ခံရသည့် အဖွဲ့အစည်းများထဲမှ Legal Aid For Human Rights အဖွဲ့၏ ဒါရိုက်တာ ကိုသော် တာဆွေက “တော်လှန်ရေးလုပ်နေ တဲ့ အဖွဲ့အစည်းတွေက ကန့်ကွက်ရှုတ်ချတယ် ဆိုပြီးတော့ သူတို့ တင်တာ ပေါ့နော်။ ဆိုတော့ ကိုယ့်အဖွဲ့ကတော့ သိက္ခာကျစရာ အကြောင်းတော့ မရှိဘူးပေါ့။ ဒါပေမယ့် သူတို့က ပြည်သူ လူထုကို ထင်ယောင်ထင်မှား ဖြစ် အောင် လုပ်တာပေါ့နော်။ ဘယ်သူတွေက တော်လှန်ရေးဘက်က ရပ်တည် နေလဲဆိုတာ ပြည်သူတွေက အသိဆုံး ဖြစ်တယ်။ သူတို့ ကြိုက်သလောက် စာထုတ်နေပါစေ ပြည်သူတွေက ဆုံး ဖြတ်နိုင်စွမ်း၊ ဆင်ခြင်နိုင်စွမ်း ရှိတယ်။ အဲတော့ ဒါက သူတို့ သက်သက်မဲ့မဲ့ စစ်တပ်ဘက်က လူတွေကို ရသေ့ စိတ်ဖြေလုပ်ပြီးမှ ဝါဒဖြန့်ပေးတဲ့ သဘောလို့ ထင်တာပေါ့နော်” ဟု ပြောသည်။
ပအိုဝ်းဒေသထဲရှိ ကျေးရွာများတွင် စစ်ကေင်စီတပ်မှ ရွာလုံးကျွတ် မီးရှို့ခြင်း၊ ဘာသာရေး အဆောက်အအုံများ အား ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခြင်း၊ အဓမ္မ ဆက်ကြေးကောက်ခြင်း စသည့် လုပ်ရပ်များအား နေ့စဉ်နှင့်အမျှ ကျူးလွန်နေသည့်အပြင် သတင်းမီဒီယာများမှလည်း သတင်းမှားများအား တိုက်ဖျက်နေသောကြောင့် စစ်ကောင် စီတပ်၏ ဝါဒဖြန့်မှုမှာ ရာနှုန်းပြည့် မအောင်မြင်နိုင်ဘူးဟု ပအိုဝ်းလူငယ်များက ပြောကြသည်။
စစ်ကောင်စီ ဝါဒဖြန့် အကောင့်တုများသည် ဇန္နဝါရီလ ၂၃ ရက်နေ့ကလည်း PNLA တပ်က ကျေးရွာများအား မီးရှို့ဖျက်ဆီးနေသည်ဆိုသည့် သတင်းမှားကိုလည်း ဖြန့်ဝေခဲ့သေးသည်။