နိုင်ငံကူးလက်မှတ် အမြန်ရရန် ရဲဝန်ထမ်းများအား အခကြေးငွေပေးနေရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဧပြီလ ၈ ရက်။

ရှမ်းပြည်နယ် မြို့တော်၊ တောင်ကြီးမြို့ရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး (passport ရုံး)တွင် ရဲဝန်ထမ်းများက အခကြေးငွေယူပြီး အမြန်ကြေးဖြင့် နိုင်ငံကူးလက်မှတ်ကို ပြုလုပ်ပေးနေသည်ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများ က ပြောသည်။

တိုကင် (တန်းစီလက်မှတ်)များ ပိတ်သိမ်းလိုက်သည့် ဧပြီလ ၂ ရက်နေ့မှ စတင်၍ အရပ်ဝတ် ဝတ်ဆင်ထားသည့် ရဲဝန်ထမ်းများက လူတစ်ဦးကို ကျပ် ၆ သိန်းနှုန်းဖြင့် ဆောင်ရွက်ပေးနေခြင်း ဖြစ်ပြီး ပွဲစားဈေးနှုန်း ကျပ် ၄ သိန်းခွဲထက် ကြီးမြင့် နေသည်ဟု ဆိုသည်။

နိုင်ငံကူးလက်မှတ် ပြုလုပ်ခဲ့သူ တစ်ဦးက “သာမာန်ရုံးဝန်ထမ်းနဲ့ ရဲဆိုတာ ပုံစံကြည့်တာနဲ့ သိသာတယ်လေ။ ပိုက်ဆံပေးရင် အလှည့်ကျော်ပေးတယ်။ ချိုချိုသာသာ ဆက်ဆံတယ်။ ပိုက်ဆံမပေးရင် ဟောက်စား လုပ် တယ်။ တခြား ဝန်ထမ်းတွေလည်း တူတူပဲ။ တိုကင် အကုန်ချမပေးဘဲ သူတို့ လုပ်စားဖို့ ဂွင်ဖန်နေတာ” ဟု ပြော သည်။

၎င်းတို့ထံတွင် ရဲဝန်ထမ်းကတ်၊ စကားပြောစက်၊ လက်ထိပ်နှင့် သေနတ်များ ပါရှိခြင်းကြောင့် ရဲဝန်ထမ်းဖြစ် ကြောင်း အတည်ပြုနိုင်သည်ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများက ပြောသည်။

အဆိုပါ ရဲဝန်ထမ်းများထံ၌ နိုင်ငံကူးလက်မှတ် အမြန် ပြုလုပ်ခြင်းအပြင် တိုကင် အလှည့်ကျော်ခြင်း၊ ကြိုက် သည့်ရက် ချိန်းဆိုနိုင်ခြင်း၊ တိုကင် ဝယ်ယူနိုင်ခြင်း စသည့် ဝန်ဆောင်မှုများကိုလည်း ဈေးနှုန်းအလိုက် အခကြေး ငွေယူ၍ ဆောင်ရွက်ပေးသည်ဟု ဆိုသည်။

တိုကင်ရထားသူ တစ်ဦးက “ကျနော်ကတော့ ကံကောင်းသွားတယ်။ တိုကင်နောက်ဆုံး ရလိုက်တယ်။ ကျနော့် အလှည့်ပြီးတော့ တိုကင်က ပိတ်ချလိုက်ပြီ။ ပြန်ခါနီးတော့ ရုံးအပေါက်ဝမှာ ရဲက တိုကင်ရောင်းစားနေတာ တွေ့ လိုက်တယ်။ မေးကြည့်တော့ နေရာ ရာနဲ့ချီပြီး ကျန်သေးတယ်လို့ ပြောတယ်” ဟု ပြောသည်။

တိုကင် ရောင်းစားသူများ၌ ရဲဝန်ထမ်းများ သာမက နိုင်ငံကူး လက်မှတ်ထုတ်ပေးရုံးက ဝန်ထမ်းများ၊ အကောက် ခွန်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန (ထွေအုပ်)၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန (လဝက) စသည့် ဌာနဆိုင်ရာက ဝန်ထမ်းများကလည်း အချိုးကျ ဝေစု ခွဲယူနေပြီး ၎င်းတို့ ပိုလျှံမှသာ ပွဲစားများက လုပ် ကွက်ရသည်ဟု ပွဲစားဖြင့် ဆောင်ရွက်ဖူးသူ အချို့က ပြောသည်။

တောင်ကြီးမြို့ရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် ဧပြီလ ၂ ရက်နေ့မှစတင်၍ တိုကင် ရပ်ဆိုင်းထားပြီး ထိုရက် တိုကင်ရထားသည့် သူများက ယခုနှစ် ဩဂုတ်လ အစပိုင်းရောက်မှသာ အလှည့်ကျမည်ဟု ရုံးဝန်ထမ်း များက ထုတ်ပြန်ထားသည်။