စစ်ကောင်စီ၏ နိုင်ငံရေး ဝှက်ဖဲနောက် မမျောပါရေး တော်လှန်ရေး အင်အားစုများကို ဒူဝါလရှီးလတိုက်တွန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၆ ရက်။

တော်လှန်ရေးကာလ ၃ နှစ်ကျော်ကို ရောက်ရှိလာပြီဖြစ်ပေမယ့် ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးနီးပါး၌ တိုက်ပွဲများက လျော့ကျသွားခြင်း မရှိဘဲ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေသည်။

အဆိုပါ တိုက်ပွဲများထဲ အလူးအလှိမ့် ရှုံးနိမ့်နေသည့် စစ်ကောင်စီတပ်၏ နိုင်ငံရေး ဝှက်ဖဲနောက်တွင် မမျောပါ ကြရန်လည်း NUG ယာယီ သမ္မတ သတိပေးထားသည်။

တိုက်ပွဲများ၏ တဖက်တွင် နွေဦးတော်လှန်ရေးနှင့် တိုင်းရင်းသား လွတ်မြောက်မှု တော်လှန်ရေးက ပေါင်းမိပြီ သွားပြီဟု NUG ယာယီသမ္မတ ပြောဆိုထားသည်။

နွေဦးတော်လှန်ရေးနောက် ဖြစ်ပွားလာသည့် တိုက်ပွဲများ အားလုံးနီးပါး၌ စစ်ကောင်စီတပ်က စစ်ရေးအရ နိုင်ငံ တဝန်းတွင် အရေးနိမ့်နေသလို နိုင်ငံတကာ မျက်နှာစာတွင်လည်း နိုင်ငံရေးအရ ယနေ့အချိန်ထိ အသိအမှတ် ပြုခြင်းကို မခံရသေးပေ။

သုံးနှစ်ကျော်ကာလအတွင်း တိုင်းရင်းသားများနှင့် နွေဦးတော်လှန်ရေး အင်အားစုများက စစ်ကောင်စီ၏ တပ်စခန်း တော်တော်များများကို တိုက်ခိုက် သိမ်းပိုက်ထားနိုင်ပြီ ဖြစ်သည့်အပြင် စစ်ကောင်စီ ထိန်းချုပ်ထား သည့် မြို့များကိုလည်း သိမ်းပိုက် ရရှိခဲ့ကြသည်။

ထို့အပြင် လက်ရှိနွေဦးတော်လှန်ရေး၌  တော်လှန်ရေး အဖွဲ့အစည်းများကြား စစ်ရေးအရရော နိုင်ငံရေးကဏ္ဍ တွင်ပါ ပူးပေါင်းလုပ်ဆောင်မှုများ အတိုင်းအတာ တစ်ခုအထိ ပေါင်းစည်းနိုင်ခဲ့ပြီဟု ဆိုရမည် ဖြစ်သည်။

လက်ရှိ ဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စစ်ရေး အခြေအနေများကြောင့် နွေဦးတော်လှန်ရေးနှင့် တိုင်းရင်းသား လွတ် မြောက်မှု တော်လှန်ရေးတို့မှာ တစ်သားတည်း ပေါင်းစည်းနိုင်ခဲ့ပြီဟု အမျိုးသား ညီညွတ်ရေး အစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ က ပြောသည်။

လက်ရှိ တည်ဆဲ အခင်းအကျင်းမှာ၊ နွေဦးတော်လှန်ရေးနဲ့ တိုင်းရင်းသား လွတ်မြောက်မှု တော်လှန်ရေးတွေ ဟာ တစ်သားတည်း ပေါင်းစည်းနိုင်ခဲ့တာကို ကျနော်တို့ အားလုံး လက်ကမ်းကြိုဆိုကြောင်း ပြောကြားချင် ပါတယ်။

အမျိုးသား ညီညွတ်ရေး အစိုးရ NUG ၏ ဧပြီလ ၂ ရက်နေ့က ပြုလုပ်ခဲ့သည့် ၁၃/၂၀၂၄ အစိုးရ အဖွဲ့အစည်း အဝေးတွင် NUG ယာယီသမ္မတ ဒူဝါလရှီးလ ထည့်သွင်းပြောကြားသွားခြင်း ဖြစ်သည်။

ယခုကဲ့သို့ ပေါင်းစည်းနိုင်ခဲ့သည့်အတွက် လာမယ့် ၂၀၂၅ ခုနှစ်တွင် မျှော်မှန်းနိုင်မည့် တော်လှန်ရေး ရလဒ်များ ရရှိ အောင် ကွင်းဆက်မိမိနှင့် စနစ်တကျ တည်ဆောက်ထားရန် လိုသည်ဟုလည်း NUG ယာယီ သမ္မတ ဒူဝါလရှီးလ က ဆက် ပြောသည်။

နွေဦးတော်လှန်ရေးမှာ အတိတ်က ဒီမိုကရေစီတော်လှန်ရေး၊ ကျောင်းသားတော်လှန်ရေး၊ လူထုတော်လှန်ရေး၊ တိုင်းရင်းသားတော်လှန်ရေး စတဲ့ အတိတ်က လျှောက်လှမ်းခဲ့တဲ့ တော်လှန်ရေးအသီးသီးရဲ့ နောက်ကွယ်က ကျေးဇူးပြုမှုတွေ ရှိခဲ့လို့သာ နွေဦးတော်လှန်ရေး လှိုင်းဟာ အမြင့်မားဆုံး ဒီရေအထိ ရောက်ရှိခဲ့တယ်လို့ ပြော နိုင်ပါတယ်။  ဒါ့ကြောင့် အချိန်အခါကောင်းနဲ့ အခွင့်အခါကောင်းကို အလေးအနက်ထား စဉ်းစားပြီး၊ လူထု အတွက် အကောင်းဆုံးသော တော်လှန်ရေးရလဒ်တွေ ထပ်မံ ဆောင်ကြဉ်းပေးဖို့ အထူး မေတ္တာရပ်ခံ လိုပါ တယ်။ နောင်လာမယ့် ၂၀၂၅ ခုနှစ်မှာ မျှော်မှန်းနိုင်မယ့် တော်လှန်ရေး ရလဒ်တွေကို အခုအချိန်ကတည်းက ကွင်း ဆက်မိမိ စနစ်တကျ တည်ဆောက်ထားဖို့ လိုကြောင်း ပြောချင်ပါတယ်။” 

အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် NUG အနေဖြင့် လက်ရှိ နွေဦးတော်လှန်ရေးတွင် တိုင်းရင်သား လက် နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး KNU၊ ချင်းအမျိုးသား တပ်ဦး CNF၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP စသည့် အဖွဲ့အစည်းများနှင့် လက်တွဲ လုပ်ဆောင် နေသည်ဟု ထုတ်ပြန် ပြောဆိုထားသည်။

ထို့အပြင် အခြား နာမည်ဖော်ပြ၍ မရသည့် လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့်လည်း လက်တွဲ လုပ်ဆောင်မှုများ ရှိနေသည်ဟု NUG က ဆိုသည်။

ဒူဝါလရှီးလ အခုဆိုရင် မြန်မာနိုင်ငံမြောက်ပိုင်း ဧရိယာ တစ်ခုလုံးရဲ့ တော်လှန်ရေးတပ်ဦးဖြစ်တဲ့ ကချင်လွတ် လပ်ရေး တပ်မတော်ရဲ့ ခုခံတော်လှန်စစ်ရေး ရလဒ်တွေဟာ အင်မတန် အားရကြေနပ်စရာ ကောင်းတာကိုလည်း ထင်ထင် ရှားရှားတွေ့ရပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း ကချင်လွတ်လပ် ရေး တပ်မတော်နဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့ အစဉ်တစိုက် ကြိုးစားအားထုတ်နေပါတယ် ဟု ပြော သည်။

NUG သည် နွေဦးတော်လှန်ရေး တစ်ခုလုံး၏ ကံကြမ္မာနှင့် ဆက်စပ်ပြီး ဖြစ်တည်နေသည့် အစိုးရအဖွဲ့ ဖြစ်သည် ကို သတိချပ်ဖို့ လိုအပ်သလို ပြည်သူလူထု အနေနဲ့လည်း ၎င်းတို့၏ အသက်အိုးအိမ် စည်းစိမ်နှင့် အနာဂတ် ကံကြမ္မာကို အပ်နှံထားကြသည် ဆိုသည့်အချက်ကို မမေ့ကြရန်လည်း NUG ယာယီ သမ္မတက တိုက်တွန်း ထားသည်။

ပေါင်းစည်းမှု အားကောင်းလာသည့် နွေဦးတော်လှန်ရေးနှင့် တိုင်းရင်းသား လွတ်မြောက်မှု တော်လှန်ရေးကို စစ် ကောင်စီက ပြိုကွဲအောင် နည်းလမ်းမျိုးစုံသုံးပြီး လုပ်ဆောင်မှုများ ရှိနေသည်ဟု တော်လှန်ရေး အင်အားစုများက ပြောသည်။

တော်လှန်ရေး အဖွဲ့အစည်းများ ကြားတွင် ပြဿနာဖြစ်အောင်၊ မစုစည်းနိုင်အောင် လုပ်ဆောင်နေသည့် စစ်ကောင်စီ၏ သပ်သျိုသွေးထိုးမှုများကို သတိထားကြရန်အပြင် အချင်းချင်းကြားတွင် စည်းနှောင်မှုအား ယခုထက် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ကြရန် လိုသည်ဟုလည်း NUG ယာယီ သမ္မတ က ပြောသည်။

စစ်ကောင်စီ၏ နိုင်ငံရေးဝှက်ဖဲများ နောက်တွင် မျှောပါမသွားဘဲ လုပ်စရာရှိသည့် အလုပ်ကို ပြတ်ပြတ်သားသား လုပ်ဆောင်ကြရန် အမျိုးသား ညီညွတ်ရေး အစိုးရ NUG ယာယီ သမ္မတ ဒူဝါလရှီးလ က တိုက်တွန်းပြောဆို လိုက်သည်။

အမျိုးသားညီညွတ်ရေး အစိုးရ NUG က မတ်လ ၁၂ ရက်နေ့တွင် ပြုလုပ်သည့် ၁၀ / ၂၀၂၄ အစိုးရ အဖွဲ့အစည်း အဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီက ထုတ်သုံးတဲ့ နိုင်ငံရေးဝှက်ဖဲတွေ နောက်မှာ မျောမသွားဘဲ၊ ကျနော်တို့အနေနဲ့ ကောက်ပင်ရိတ် လှီးသလို၊ တိခနဲ ဖြတ်ချရမယ့် တန်ပြန်မှုတွေကို အမြော်အမြင် ရှိရှိ၊ ပြတ်ပြတ်သားသား လုပ် ဖို့ပဲ ဖြစ်ပါတယ်။ အကြမ်းဖက် စစ်ကောင်စီက စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး လုပ်နေတဲ့ကိစ္စမှာလည်း စစ် ရေးကိစ္စ တစ်ဝက်၊ နိုင်ငံရေးကိစ္စ တစ်ဝက်ရောပြီး ခြေလှမ်းစတင် နေတာတွေ့ရပါတယ်။ ဒါ့ကြောင့် ဒီကိစ္စကို တန်ပြန် တော်လှန်တဲ့အခါမှာ နိုင်ငံရေးအရ လုပ်ဆောင်ရမှာတွေ ရှိသလို၊ စစ်ရေးအရ လုပ်ဆောင်ရမှာတွေ လည်း ရှိနိုင်ပါတယ်။

NUG နှင့် တိုင်းရင်းသား မဟာမိတ် အဖွဲ့အစည်းများ အားလုံးသည် လက်နက်ကိုင် တော်လှန်ရေးနှင့် လူထု တိုက် ပွဲကို ပေါင်းစပ်ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးကို ကြိုးစားသည့် နေရာ၌ ခုခံတော်လှန်မှု အဆင့်လောက်နှင့် သာ တင်းတိမ်နေ၍ မရဘဲ စစ်ရေးရလဒ် ထွက်အောင် လုပ်ဆောင်ကြရန် အထူးလိုအပ်သည်ဟု NUG ယာယီ သမ္မတ က ပြောသည်။

အခြားတစ်ဖက်၌လည်း နွေဦးတော်လှန်ရေး ကာလအတွင်း တွေ့ရသည့် ခုခံတော်လှန်စစ် တိုက်ပွဲများနှင့် တိုင်း ရင်းသား လွတ်မြောက်ရေး တိုက်ပွဲများကို ခြုံကြည့်မည်ဆိုပါက စစ်ရေးရလဒ်နှင့် တော်လှန်ရေး ရလဒ်များ ထပ် တူကျသည့် တိုက်ပွဲများ ရှိသည်ဟု ဒူဝါလရှီးလက ဆိုသည်။

စနစ်တကျ ကြိုတင်ပြင်ဆင်မှုနှင့် ဗဟိုကွပ်ကဲမှု ကောင်းမွန်သည့် ဒေသများတွင် တော်လှန်ရေးရလဒ် ကောင်း များကို တွေ့မြင်ခဲ့ရသကဲ့သို့ စစ်ရေးရလဒ်ကောင်းများကိုလည်း ထပ်တူထပ်မျှ တွေ့ခဲ့ရသည်ဟု NUG ယာယီ သမ္မတ က ပြောသည်။

ထို့ကြောင့် စစ်ရေးကို စစ်ရေးကဲ့သို့ ပီပီပြင်ပြင် စဉ်းစားလုပ်ဆောင်ရန် လိုသည်ဟု NUG ယာယီ သမ္မတ ဒူဝါလရှီးလ က ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီကို အနားပေးလို့ လုံးဝမရဘူးလို့ ပြောချင်ပါတယ်။ အခုဆိုရင် စစ်ကောင်စီက အနား တောင်းဖို့၊ ကြိုးစားနေတဲ့ကိစ္စတွေကို တွေ့မြင်ရပါတယ်။ ကျနော်တို့ဟာ သံပူတုန်း နာနာနှက်ရမယ်လို့ ပြော ချင်ပါတယ်။ နွေဦးတော်လှန်ရေးရဲ့ ခုခံတော်လှန်စစ်ရေးလှိုင်းတွေနဲ့ တိုင်းရင်းသား လွတ်မြောက်မှု တော်လှန် ရေးလှိုင်းတွေဟာ တိုက်ရိုက်ချက်ကြိုးသွယ်ထားနိုင်တဲ့ အခြေအနေကို ရောက်ပြီ ဖြစ်ပါတယ်။

ထိုသို့ လုပ်ဆောင်ရာ၌ ပြည်သူလူထုကို ထိခိုက်စေမည့် ဘေးထွက်ဆိုးကျိုးကို ကြိုတင်တွက်ဆထားရန် လိုအပ် သည့်အပြင် စစ်ရေး၊ နိုင်ငံရေး သတိရှိရန်လည်း လိုသည်ဟု NUG ယာယီ သမ္မတက ပြောသည်။

“နွေဦးတော်လှန်ရေးနဲ့ တိုင်းရင်းသား လွတ်မြောက်မှု တော်လှန်ရေးတွေဟာ တစ်သားတည်း/ တစ်ထပ်တည်း ဖြစ်လာတာကို တွေ့ရပါတယ်။ ဒီလို အခြေအနေမျိုးမှာ၊ ကျနော်တို့ဟာ နိုင်ငံရေး သတိ လက်လွတ် ပြောဆို၊ လုပ် ဆောင်တာမျိုးတွေကို သတိထား ရှောင်ကြဉ်ဖို့ လိုပါတယ်” ဟု ပြောသည်။

ထို့အပြင် အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်ရေးအတွက် အရေးကြီးသည့် အခြေခံ အုတ်မြစ်များကို ခိုင်ခိုင်မာမာ တည်ဆောက်ထားရန်နှင့် တော်လှန်ရေး အလွန် ကာလရောက်မှ တည် ဆောက်ရေးအတွက် ဆိုင်းပြင်းမှုမျိုး မဖြစ်စေဘဲ၊ ယခုကတည်းက ကိုယ်စီ ကြိုတင် တည်ဆောက် ဖြည့်တင်း ထားရန် အလေးအနက်ထား တိုက်တွန်းသည်ဟု NUG ယာယီ သမ္မတ ဒူဝါလရှီးလ က ပြောသည်။

အခြားတစ်ဖက်တွင်မူ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများကလည်း ၎င်းတို့ ထိန်းချုပ်သိမ်းပိုက်ထား သည့် နယ်မြေများတွင် မည်သည့် အဖွဲ့အစည်း မည်သည့် အာဏာရှင်ကမှ ဝင်ရောက် စွတ်ဖက်၍ မရသည့် ကိုယ်ပိုင်အုပ်ချုပ်ရေး စနစ်ကို စတင် ကျင့်သုံးနေကြပြီဟု ထုတ်ဖော်ပြောဆိုထားသည်။

ထို့ အပြင် NUG ယာယီ သမ္မတကလည်း တိုက်ခိုက်သိမ်းပိုက်ထားသည့် နယ်မြေများတွင် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိ သည့် အုပ်ချုပ်ရေးစနစ်ကို ထူထောင်ကြရန် တိုက်တွန်းထားသည်။

တော်လှန်ရေး အဖွဲ့အစည်းများ အနေဖြင့် တစ်နိုင်ငံလုံးကို လွှမ်းခြုံသည့် လုပ်ဆောင်မှုကို လုပ်ဆောင်ရန် အထူး လိုအပ်သည်ဟု NUG ယာယီ သမ္မတ ဒူဝါလရှီးလ က ဆိုသည်။

အမျိုးသား ညီညွတ်ရေး အစိုးရ NUG တွင် ပါဝင်သည့် တိုင်းရင်းသား လူမျိုးများအနေဖြင့် မိမိတို့၏ လူမျိုးရေး ကိုသာ ဦးတည်ပြီး ရှေ့ရှုလုပ်ဆောင်ခြင်းမျိုး မဟုတ်ဘဲ အားလုံးကို လွှမ်းခြုံသည့် တစ်နိုင်ငံလုံး အရေးကို လုပ်ဆောင်ရန် အထူးလိုအပ်သည်ဟု NUG ယာယီ သမ္မတ ဒူဝါလရှီးလ က ပြောသည်။

ဖေဖော်ဝါရီ (၂၇) ရက်နေ့တွင် ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ၈/၂၀၂၄ အစိုးရအဖွဲ့ အစည်း အဝေးတွင် NUG ယာယီသမ္မတ ဒူဝါလရှီးလ က ထည့်သွင်းပြောကြားသွားခြင်း ဖြစ်သည်။

ထိုသို့ လုပ်ဆောင်မှသာ အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းစဉ်တွင် ခိုင်မာကျစ်လစ် သည့် အမျိုးသားညီညွတ်ရေး အင်အားနှင့် ရှေ့ဆက်နိုင်မှာ ဖြစ်သည်ဟု ဆိုသည်။

အမျိုးသား ညီညွတ်ရေး အစိုးရ NUG အစိုးရ အဖွဲ့ဝင်ထဲတွင် ရှမ်း၊ ကချင်၊ ကရင်၊ ကရင်နီ၊ မွန်၊ ဗမာ၊ တအာင်း၊ ချင်း အစရှိသည့် တိုင်းရင်းသားလူမျိုးများ ပါဝင်သည်။

အမျိုးသား ညီညွတ်ရေး အစိုးရ၏ ရည်မှန်းချက်သည် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး တစ်ခုတည်း မဟုတ်ဘဲ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံသစ် တည်ဆောက်ရန် ဖြစ်သည့်အတွက် ခိုင်မာကျစ်လစ်သော အမျိုးသား ညီညွတ်ရေးကို လုပ်ကြရမှာ ဖြစ်သည်ဟု NUG ယာယီ သမ္မတက ဆိုသည်။

NUG အနေဖြင့် မြေပြင်က တော်လှန်ရေး အင်အားစုများနှင့် နိုင်ငံရေးအရ ပိုမို အစေးကပ်အောင် ဆက်လက် ကြိုးစားရန် လိုနေပြီး အရေးပေါ် အချိန်ကာလများ၊ ပြည်သူလူထုထဲက စစ်ဘေးဒုက္ခသည်များ ကူညီကယ်ဆယ် ရေး အလုပ်များကို လုပ်သည့်အခါမှာ မြေပြင်က အင်အားစုများနှင့် နားလည်မှု ကျယ်ကျယ်ပြန့်ပြန့် ရရှိထားမှ သာ လူထုအရေးကိစ္စများကို ပိုပြီး ထိထိရောက်ရောက်လုပ်နိုင်မှာ ဖြစ်သည်ဟု ဆိုသည်။

လက်ရှိတွင် တော်လှန်ရေးအင်အားစု အချင်းချင်း ပေါင်းစည်းမှု မလုပ်နိုင်၍ လူထုကို ကူညီထောက်ပံ့သည့် လုပ်ငန်းများတွင် ကြန့်ကြာခြင်းမျိုး၊ နှောင့်နှေးခြင်းမျိုးများ ရှိနေသည်ကို သတိမူမိရန် လိုအပ်သည်ဟု ဆိုသည်။