စစ်ကူလာသော စစ်ကြောင်းကြားဖြတ်တိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ နီးပါး ဖမ်းဆီးခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၇ ရက်။ 

ကရင်နီပြည်၊ ဖားဆောင်းမြို့ကို စစ်ကူလာသည့် စစ်ကောင်စီတပ်သားများ ကြားဖြတ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၆၀ နီးပါးကိုလည်း ဖမ်းဆီးရမိခဲ့သည်ဟု ကရင်နီတပ်မတော် KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောသည်။

ဖားဆောင်းကို စစ်ကူပေးရန် လာသော စစ်ကောင်စီတပ်သားများ ကြားဖြတ်တိုက်ခဲ့ပြီးနောက် အဆိုပါ မြို့က လက်ကျန် စစ်ကော်စီတပ်ကိုလည်း လက်နက်ချဖို့ သတိပေးထားပြီဟု ကရင်နီ စစ်ရေး သတင်းအရင်းအမြစ် များက ပြောသည်။

ထူးချောင်းတပ်စခန်းမှ ဖားဆောင်းမြို့ကို စစ်ကူရန်လာသော အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းကို မြို့အနီးရှိ ပါပုကျေးရွာ အရောက်တွင် ကရင်နီ တော်လှန်ရေးတပ်ဖွဲ့များက ဧ ပြီလ ၁၁ ရက်နေ့က ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ကရင်နီတပ်မတော် KA ရဲ့ စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က “တိုက်ပွဲဖြစ်တာတော့ ဟုတ်တယ် မှန်တယ်။ မနက် ၇ နာရီ ကနေ စဖြစ်တယ်။ ညနေ ၅ နာရီ အထိပေါ့နော်။ သူတို့က စစ်ကူလာတယ်လေ။ သူတို့ ထူး ချောင်းကနေပြီးတော့ စစ်ကူလိုက်လာတော့ ကျနော်တို့ လူနဲ့တိုးတော့ တိုက်ပွဲ ဖြစ်တယ်ပေါ့နော်။ အရှင်ဖမ်းမိ တာ ရှိတယ်လို့ပြောတယ်။ ဟုတ်ကဲ့ အဲ့ဒါတော့ မှန်ပါတယ်” ဟု NMG ကို အတည်ပြု ပြောသည်။

စစ်ကောင်စီ စစ်ကြောင်းထဲက ဗျူဟာမှူး၊ စစ်ကြောင်းမှူး အပါအဝင် တပ်ဖွဲ့ဝင် ၅၆ ဦးကို ကရင်နီ တော်လှန်ရေး တပ်ပေါင်းစုများက အရှင် ဖမ်းဆီးရမိခဲ့ပြီး စစ်ကောင်စီ တပ်သား အယောက် ၄၀ ကျော်က သေဆုံး သွားခဲ့ သည်။

အဆိုပါ ကြားဖြတ် တိုက်ခိုက်မှုထဲ လက်နက်စုံ အလက် ၇၀ ကျော်ကိုလည်း သိမ်းဆည်းရမိခဲ့သည်။

စစ်ကူလာသော စစ်ကြောင်းကို ဖြတ်တောက်ထားပြီးနောက် ဖားဆောင်းမြို့ထဲတွင် ကျန်နေသည့် စစ်ကောင်စီ တပ်သားများကိုလည်း လက်နက်ချဖို့ရန် သတိပေး ပြောဆိုထားသည်။

နှစ်လနီးပါးကြာ တိုက်ပွဲထဲ စစ်တပ်ဘက်က ဒဏ်ရာရထားသောသူ များနေ၍ လက်ရှိတွင် ဖားဆောင်းမြို့ကို သိမ်းပိုက်ရရှိဖို့ နီးစပ်နေပြီဟုလည်း ဗိုလ်မှူးကြီးဘုန်းနိုင်က ဆက်ပြောသည်။


“ကျနော်တို့ကတော့ လက်နက်ချဖို့တော့ ပြောတာပဲလေ။ ဒါပေမယ့် သူတို့ လက်နက်ချဖို့ အခက်အခဲ ရှိနိုင် တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကအမိန့်အရ လုပ်တယ်ဆိုတော့ အဲ့ဒီမှာ ဒဏ်ရာ တော်တော်များများ ရထား ပြီ။ ဖားဆောင်းမှာ ရှိတဲ့ တပ်တွေက အဲတော့ မကြာခင်မှာပဲ ပြီးမယ်လို့ အဲ့လိုပဲ တွက်ချက်ထားတယ်လေ။

စစ်ကောင်စီဘက်ကလည်း ဖားဆောင်းမြို့ မကျရေး လေကြောင်းပစ်ကူများပါ အသုံးပြုနေပြီး ဆက်လက်ခုခံ နေသည်။ 

မြို့ထဲတွင် ကျန်နေသည့် တပ်ဖွဲ့များကို လက်နက်ချဖို့ရန် ပြောဆိုသတိပေးထားသော်လည်း ယနေ့အချိန်ထိ ဆက် ပြီး ခုခံနေဆဲဖြစ်သည်ဟု ရှေ့တန်းရောက် ကရင်နီတော်လှန်ရေး တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။


“လက်နက်ချ အညံ့ခံဖို့ကတော့ အမြဲတမ်း နိုးဆော်နေတာပဲ။ ဒါပေမယ့် သူတို့က လုံးဝမချဘူး။ သူတို့က ၁၃၄၊ ၁၃၅ တောင်ကုန်းပေါ်က သူတို့ လုံးဝတပ်စွဲထားတယ်။ ပြီးတော့ ဒီကောင်တွေ မီးသတ်ထဲမှာလည်း ရှိသေး တယ်။ ဖြန့်ထားတယ်။”

ဖားဆောင်းမြို့မှာ ထိုင်း – ကရင်နီ နယ်စပ်မြို့ဖြစ်သည့် မယ်စဲ၊ ရွာသစ်နှင့် ခဲသတ္တုထွက်သော မော်ချီးဘက်က ဆုတ်လာသည့် စစ်ကောင်စီ တပ်ရင်း ၅ ရင်း ပေါင်းထားပြီး လက်ကျန်အင်အား ၂၀၀ နီးပါးရှိနိုင်သည်ဟု ကရင်နီ တော်လှန်ရေး တပ်ဖွဲ့ တာဝန်ရှိသူများက ပြောသည်။

ထိုလက်ကျန် အင်အား ၂၀၀ နီးပါးထဲက အယောက် ၁၀၀ နီးပါးခန့်မှာမူ ထိခိုက်ဒဏ်ရာရထားပြီး ကျန်အင်အား ဖြင့်သာ ဆက်လက်ခုခံနေခြင်း ဖြစ်သည်ဟု ဆိုသည်။

ဖေဖော်ဝါရီလ အစောပိုင်းတွင် ထိုင်း-ကရင်နီ နယ်စပ်က မြို့တစ်မြို့ ဖြစ်သည့် ရှားတောမြို့ရှိ စစ်ကောင်စီ တပ် သားများကို လက်နက်ချ အညံ့ခံရန် ကရင်နီတပ်ဖွဲ့များက အချိန်ပေးခဲ့သော်လည်း လက်နက်ချ အညံ့မခံခဲ့ သော ကြောင့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် မြို့ကို ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်ခဲ့ကြသည်။

တစ်လေးလုံး စစ်ဆင်ရေး နောက်ပိုင်း ဖားဆောင်းမြို့ရှိ စစ်ကောင်စီ လက်အောက်ခံ တပ်စခန်း ၉ ခု အပါအဝင် ကရင်နီ တစ်ပြည်လုံးရှိ တပ်စခန်းပေါင်း ၆၅ ခုကို တိုက်ခိုက်သိမ်းပိုက်ထားပြီး မြို့ ၇ မြို့ကိုလည်း ထိန်းချုပ်ထား နိုင်ပြီဟု ကရင်နီ တော်လှန်ရေး တပ်ပေါင်းစုများက မတ်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။