မိုင်းရှင်းလင်းရေးအတွက် ဆိုကာ ပအိုဝ်း ပြည်သူ့စစ် ပိုက်ဆံကောက်မည်။
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၈ ရက်။
ရှမ်းပြည် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် တစ်ခွင်လုံးတွင် ပအိုဝ်းပြည်သူ့စစ် အဖွဲ့ (PNA) က မိုင်းရှင်းလင်းရေးခေါင်းစဉ်နှင့် ပြည်သူများထံမှ ပိုက်ဆံကောက်ခံရန် ကြိုးပမ်းနေသည်ဟု ဆီဆိုင်မြို့ခံများက ပြောသည်။
ပအိုဝ်းပြည်သူ့စစ်အဖွဲ့ PNA အနေဖြင့် ပြီးခဲ့သည့် မတ်လကတည်းက မိုင်းရှင်းလင်းရေး ခေါင်းစဉ်နှင့် ပိုက်ဆံ ကောက်ခံရန် အသိပေး ပြောဆိုထားပြီး ဧပြီလအကုန်၌ စတင်ကောက်ခံသွားရန် စီစဉ်ပြောဆိုလာသည်ဟု ဆီဆိုင်မြို့ခံများက ပြောသည်။
ဆီဆိုင်မြို့က ပြည်သူများကို တစ်အိမ်လျှင် ကျပ်တစ်သိန်းနှုန်းဖြင့် ကောက်သွားရန် PNA က စီစဉ်ထားသည်ဟု ဒေသတွင်း ပအိုဝ်းအမျိုးသားအရေး တက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောသည်။
“ဆီဆိုင်မြို့နယ်မှာ ကျနော်သိရသလောက် မိုင်းထောင်ထားတယ် ဆိုတာ ကျနော် သိရသလောက် စစ်ကောင်စီနဲ့ လက်အောက်ခံ ပြည်သူ့စစ်တွေပဲ ရှိတယ်ပေါ့နော်။ သူတို့ ဘယ်နေရာမှာ ထောင်ထားတယ်ဆိုတာ သူတို့ပဲ သိမှာ ပေါ့လေ။ အဲတော့ သူတို့ ကိုယ်တိုင် မိုင်းထောင်ပြီးတော့မှ အဲဒီ မိုင်းရှင်းဖို့ကို ပြန်ကောက်တဲ့သဘော ဖြစ်နေ တယ်။ ပြီးတော့ မိုင်းရှင်းတယ် မရှင်းဘူး ဆိုတာကလည်း ဘယ်သူမှ မမြင်ရဘူးလေနော်။”
ထို့ကြောင့် ယခုလုပ်ရပ်မှာ မိုင်းရှင်းလင်းရေးခေါင်းစဉ်တပ်ပြီး ပိုက်ဆံကောက်စားနေခြင်းမျိုးသာ ဖြစ်သည်ဟု အဆိုပါ တက်ကြွလှုပ်ရှားသူက ဆက်ပြောသည်။
“ဆိုတော့ ဒါတွေက အကြောင်းပြချက် သက်သက် ပြပြီးတော့မှ လုပ်စားနေတဲ့ လုပ်ရပ်တစ်ခုပါပဲ။ ပြည်သူ လူထုရဲ့ ချွေးနဲစာကို ဂုတ်သွေးစုတ်ပြီးတော့မှ လုပ်စားနေတဲ့ဟာတွေပဲပေါ့။”
လက်ရှိတွင်မူ ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်ထဲက တိုက်ပွဲများ ငြိမ်သက်နေသည့် ကျေးရွာများတွင် အရင်ဆုံး ပိုက်ဆံကောက်ခံဖို့ PNA က စီစဉ်ထားပြီး နောက်ပိုင်းတွင်မူ စစ်ဘေးတိမ်းရှောင်နေရသည့် ကျေးရွာများဘက် ကိုပါ ထပ်မံကောက်ခံသွားဖို့ ရှိနေသည်ဟု ဒေသခံများက ပြောသည်။
ဆီဆိုင်ဒေသခံများမှာ ဒေသတွင်းက စစ်ရေးနှင့် နိုင်ငံရေး အခြေအနေများကြောင့် အလုပ်အကိုင် ရှားပါးနေကြ သည့်အပြင် အချို့ကျေးရွာများက ပြည်သူများမှာ ရွာလုံးကျွတ် စစ်ဘေးရှောင်နေကြရ၍ ငွေတိုးချေးပြီး ထည့်ရ မည့် အခြေအနေမျိုး ဖြစ်နေသည်ဟု PNA နှင့် နီးစပ်သူတစ်ဦး က ပြောသည်။
“အဲ့လိုမျိုး ကိစ္စတွေက ပြည်သူ့စစ်ခေါင်းဆောင်တွေ ကိုယ်တိုင် အမိန့်ပေးပြီးတော့ လုပ်ခိုင်းတယ် ဆိုတော့ ပြည် သူလူထုကတော့ ကျောကော့အောင် ခံနေရတာပဲ ရှိတယ်ပေါ့နော်။ သူတို့ ဘာမှ တိုင်စရာ တောစရာလည်း မရှိ ဘူးပေါ့နော်။ ခါးစည်းပြီး ခံနေရတဲ့ သဘောပဲ ရှိပါတယ်။”
တောင်းသည့် ပိုက်ဆံ မထည့်နိုင်သော အိမ်ထောင်စုများ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ PNA က ကျေးရွာထဲမှ ထုတ် ပယ်ခြင်း၊ မူးယစ်ဆေး အကြောင်းပြ ဖမ်းဆီးခြင်း၊ စစ်မှုထမ်း ခေါ်ယူခြင်း စသည့် အရေးယူမှုများကို လုပ်သွားမှာ ဖြစ်၍ ငွေကြေး မပြေလည်သောသူများက စိုးရိမ်ပူပန်နေကြသည်။
ပြီးခဲ့သည့် နှစ်တုန်းကလည်း ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်ထဲ မိုင်းရှင်းလင်းရေး အတွက် PNA အဖွဲ့က တစ်အိမ်ထောင်ကို ကျပ်တစ်သိန်းစီ ကောက်ယူခဲ့ပါသေးသည်။