နေအိမ်သို့ ခေတ္တပြန်လာသူ စစ်ရှောင် အမျိုးသမီး ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၈ ရက်။

ရှမ်းပြည် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် နေအိမ်သို့ ခေတ္တပြန်လာပြီး ပစ္စည်းလာသယ်ယူသည့် အမျိုးသမီးတစ်ဦး ပစ်သတ်ခံလိုက်ရသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။

သဘက်ချောင်း ကျေးရွာအုပ်စု၊ နောင်သိမ်ကျေးရွာနေ အသက် ၃၇ နှစ်အရွယ် ဒေါ်မူမှာ ဧပြီလ ၈ ရက်နေက တည်းက တိမ်းရှောင်နေခြင်း ဖြစ်ပြီး၊ ဧပြီလ ၁၀ ရက်နေ့၊ နံနက် ၆ နာရီအချိန်ခန့်တွင် ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့၏ ပစ်သတ်ခြင်းကို ခံခဲ့ရသည်။

မိသားစုနှင့် နီးစပ်သူ တစ်ဦးက စစ်ရှောင်တဲ့ နေရာကနေ ပစ္စည်းတွေ ပြန်ယူတာပေါ့။ အဓိက ဆန်တွေ၊ ဆီတွေ ရိက္ခာလာသယ်တာပေါ့။ မလာခင် လမ်းကြောင်းရှင်းလား ဘာညာ စုံစမ်းသေးတယ်။ ရှင်းပြီဆိုမှ လာခဲ့တာ။ ပြည်သူ့စစ်နဲ့ တွေ့တော့ တန်းပစ်ခံရတာ ပွဲချင်းပြီးပဲ ဟု ပြောသည်။

ဆီဆိုင်မြို့နယ်၊ လွယ်တွန်ကျေးရွာရှိ၊ PNA ဂိတ်စခန်း အနီးတွင် ဒေါ်မူတို့ ဇနီးမောင်နှံအား မသင်္ကာမှုဖြင့် လိုက်လံ ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီး ခင်ပွန်းဖြစ်သူ ဦးယောင်မှာ ထွက်ပြေးလွတ်မြောက်ခဲ့သည်ဟု ဆိုသည်။

သေဆုံးသူ၏ ရုပ်အလောင်းကိုမူ ဧပြီလ ၁၁ ရက်နေ့၊ နံနက် ၃ နာရီ အချိန်ခန့်တွင် မဟာမိတ်တော်လှန်ရေး တပ် ပေါင်းစုများက သွားရောက် သယ်ဆောင်လာခဲ့ပြီး နေ့လည်ပိုင်းတွင် မြေမြုပ်သင်္ဂြိုဟ်ပေးခဲ့သည်ဟု နီးစပ်သူများက  ပြောပြသည်။

နောင်သိမ်ကျေးရွာနေ အမျိုးသမီး တစ်ဦးက လွယ်တွန်မှာက ပြည်သူ့စစ်တွေ အမြဲတမ်း ကင်းလှည့်တယ်လေ။ အခုလည်း ကင်းလှည်တဲ့လူတွေ ပစ်တာလို့ ပြောတယ်။ အကောင်းဆုံးက သူတို့ ရပ်ခိုင်းရင် ရပ်ပေးလိုက်။ မောင်းပြေးရင် သေချာပေါက် ပစ်ခံရမှာဟု ပြောသည်။

အဆိုပါ ဖြစ်ရပ်ကြောင့် စစ်ဘေးရှောင်နေသည့် နောင်သိမ်ကျေးရွာနေ ပြည်သူများမှာ လတ်တလောတွင် နေရပ် သို့ ရိက္ခာပြန်ယူရန် စိုးရိမ်ထိတ်လန့်နေကြပြီး စစ်ဘေးရှောင်ကာလ ကြာလာသည်နှင့် အမျှ စားဝတ်နေရေး ခက်ခဲ လာနိုင်သည်ဟု ဆိုကြသည်။

ဆီဆိုင်မြို့နယ်၊ တွေးပူကျေးရွာတွင်လည်း ဧပြီလ ၈ ရက်နေ့က နေရပ်သို့ သောက်သုံးရေ လာခပ်သည့် စစ်ဘေး ရှောင် ဆယ်တန်းကျောင်းသူ ၃ ဦးကို PNA အဖွဲ့က ပစ်ခတ်ခဲ့ရာ တစ်ဦး သေဆုံးပြီး ၂ ဦးမှာ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်ဟု စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့တာဝန်ရှိသူများက ပြောသည်။