မေတ္တာမြို့အနီးမှ စစ်ရှောင်များ နေရပ် မပြန်နိုင်သေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၂ ရက်။
ထားဝယ်မြို့နယ် အရှေ့တောဒေသရှိ မေတ္တာမြို့နှင့် အနီးဝန်းကျင်က ကျေးရွာအချို့မှ ရွာသားများမှာ နှစ်လ ကျော်ကြာမြင့်သည့်အထိ နေရပ်ပြန်၍ မရသေးဘဲ စစ်ဘေးတိမ်း ရှောင်နေကြရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှ စတင်၍ စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ ပူးပေါင်းတိုက်ခိုက်မှုနှင့် နှစ်ဖက်တိုက်ပွဲများကြောင့် မေတ္တာမြို့၊ ကျောက်မဲတောင်၊ ကထောင်းနီ၊ ပျဥ်သားတော၊ ဝကုန်း၊ တောင်သုံးလုံး၊ ရွှေချောင်းအပါအဝင် ကျေးရွာ ၁၂ ရွာမှ လူဦးရေ ၇,၀၀၀ ကျော် စစ်ဘေးရှောင်ခဲ့ရခြင်း ဖြစ်သည်။
အဆိုပါ လူဦးရေ ၇,၀၀၀ အနက် ကျေးရွာပေါင်း ၃ ရွာမှ စစ်ရှောင်များမှာ နေရပ်ကို ပြန်သွားကြပြီဖြစ်သော လည်း ထက်ဝက်ကျော်ခန့်မှာ ဆက်လက်စစ်ရှောင်နေကြဆဲ ဖြစ်သည်။
ကျောက်မဲတောင်ရွာသား တစ်ဦးက “ရွာတွေထဲမှာ တစ်ယောက်မှကိုဝင်မနေကြသေးဘူး။ အလုပ်အကိုင်မရှိဘဲဘုန်းကြီးကျောင်းနဲ့ ဆွေမျိုးနီးစပ်တဲ့သူတွေအိမ်မှာနေထိုင်ကြရသလို ထိုင်း-မြန်မာနယ်စပ်ဘက်အထိသွားနေကြသူတွေလည်းရှိတယ်။စစ်တပ်က ကင်းလှည့်တာတွေလုပ်နေတယ်။ လက်ရှိတိုက်ပွဲတွေ မရှိသေးပေမယ့် လှုပ်လှုပ်ရှားရှားရှိနေတုန်းမို့ကြောက်ပြီး ဘယ်သူမှ သွားမနေရဲသေးတာ” ဟု ပြောသည်။
အချိန်နှစ်လကျော် ကြာမြင့်လာသည်အထိ မေတ္တာမြို့၊ တောင်သုံးလုံးကျေးရွာ၊ ရွှေချောင်းကျေးရွာနှင့် ကျောက်မဲ တောင် ကျေးရွာများမှ ပြည်သူများသည် ရွာလုံးကျွတ် စစ်ဘေးရှောင်နေရဆဲ ဖြစ်ကြောင်း ကျောက်မဲတောင်ရွာ သားက ဆိုသည်။
လက်ရှိထိ စစ်ဘေး တိမ်းရှောင်နေကြရသည့် ရွာသားများမှာ စားသောက်ရေးနှင့် နေထိုင်ရေး အခက်အခဲများ ကြောင့် အမြန်ဆုံး အိမ်ပြန်ချင်နေကြသည်ဟု ဆိုသည်။
ထို့အပြင် စစ်ရှောင်များ၏ အိမ်များကိုလည်း သူခိုးများက ဖောက်ထွင်းခိုးယူခြင်းများ ရှိနေသည်ဟု ရွှေချောင်း ရွာသားတစ်ဦးက ပြောသည်။
အလားတူ လက်ရှိတွင် စစ်ကောင်စီ စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များမှာ မေတ္တာမြို့ အပြင် ၎င်းတို့၏ ကျေးရွာ အနီးနား ပတ်ဝန်းကျင်၌ သွားလာလှုပ်ရှားမှုများ ရှိသည်။
ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှ ဧပြီလ ၂၁ ရက်နေ့အထိ အရှေ့တောဒေသတွင် မူလ စစ်ဘေးရှောင်နေရသူလူဦးရေ ၇၀၀၀ ကျော်ထဲမှ ထက်ဝက်ကျော်ခန့်သည် နေရပ်သို့ မပြန်နိုင်သေးကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေ သူ တစ်ဦးက ပြောသည်။
တနင်္သာရီတိုင်းအတွင်း FE5 Tanintharyi အဖွဲ့ မှ ကောက်ယူထုတ်ပြန်ပေးသည့် စစ်တမ်းတစ်ခုအရ ပြီးခဲ့သည့် ဇန္နဝါရီလ အထိ တစ်တိုင်းလုံးတွင် နေရပ်စွန့်ခွာထွက် ပြေးနေရသူဦးရေ ပြည်သူပေါင်း ၅၀,၀၀၀ ကျော် ရှိနေပြီ ဖြစ်ကြောင်းသိရသည်။