ရေဖြူမြို့နယ်ထဲရှိ ကျေးရွာနှစ်ရွာကြားက ကားလမ်းပိုင်းကို စစ်တပ်က ဘတ်ဟိုးဖြင့် ဖျက်ဆီး
သတင်းနှင့် မီဒီယာ ကွန်ရက်။
မေလ ၁ ရက်၊ ၂၀၂၄ ခုနှစ်။
ထားဝယ်ခရိုင် ရေဖြူမြို့နယ်ရှိ ဇာဒီကျေးရွာနှင့် ခေါင်ပြန်ကျေးရွာအကြားမှ ကားလမ်းပိုင်းကို စစ်ကောင်စီတပ် က အင်အားအများအပြားဖြင့် ရောက်ရှိလာပြီး ဘတ်ဟိုးဖြင့် ဖျက်ဆီး သွားကြောင်း ရွာသားများက ပြောသည်။
အုန်းပင်ကွင်းကျေးရွာ အခြေစိုက် မောရဝတီရေတပ်နှင့် ကံပေါက်အခြေစိုက် ခလရ – ၂၇၃ တပ်ရင်းတို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ခန့်က ဧပြီလ ၂၉ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်က စစ်ကား ၅ စီး၊ ဘတ်ဟိုး တစ်စီးဖြင့် ရောက်လာကြခြင်း ဖြစ်သည်။
ဇာဒီကျေးရွာနှင့် ခေါင်ပြန်ကျေးရွာအား ချိတ်ဆက်ထားသည့် ကားလမ်းပိုင်းတစ်နေရာကို ဘတ်ဟိုးဖြင့် ကန့်လန့် ဖြတ်တူး၍ ဖြတ်တောက်လိုက်သည့်အပြင် ဇာဒီတံတားအနီး နှစ်နေရာ၌လည်း လမ်းဘေးမှ မြေကြီးများကို တူးယူပြီး လမ်းပေါ်တွင် ပိတ်ဆို့ထားလိုက်ကြောင်း ရွာသားများက ဆိုသည်။
စစ်ကောင်စီတပ်မှ ဖြတ်တောက်လိုက်သည့် ဇာဒီ – ခေါင်ပြန် လမ်းပိုင်းသည် ကံပေါက်ဒေသ မှ ၁၂ မိုင်ခန့် အကွာအဝေးတွင် ရှိသည်။
အသက် ၅၀ခန့်အရွယ် ဇာဒီရွာသားတစ်ဦးက “လောလောဆယ် ကားတွေသွားမရတော့ ရွာသားတွေအခက်အခဲဖြစ်နေရတာပေါ့။ လမ်းကိုကန့်လန့်ဖြတ် ဖျက်ဆီးထားတာရော လမ်းပေါ်မှာမြေကြီးပုံထားတာရောအား
လုံးသုံးနေရာကို ဖျက်ဆီးထားတာ” ဟု ပြောသည်။
PDF များက ကံပေါက်ရှိ တပ်ရင်းများကို ကားလမ်းမှ လာရောက်တိုက်ခိုက်မည်ကို စိုးရိမ်သောကြောင့် ယခုကဲ့သို့ လမ်းကို ဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်နိုင်သည်ဟု ရွာသားများက ဆိုကြသည်။
ထို့အပြင် ဇာဒီကျေးရွာသို့ ရောက်ရှိလာသော စစ်ကောင်စီတပ်က လမ်းသွားလမ်းလာ ရွာသားခြောက်ဦးကိုလည်း လက်ပြန်ကြိုးတုပ်ကာ ဖမ်းဆီးခဲ့သေးကြောင်း ဆိုသည်။
ဖမ်းဆီးခံရသူ ခြောက်ဦးအနက် ကံပေါက် ရွာသားနှစ်ဦးကို ပြန်လွှတ်ပေးခဲ့ကာ၊ ကျန်သည့် လေးဦးကို ကားပေါ် တင် ခေါ်ဆောင်သွားပြီး ထိုအထဲတွင် မိန်းကလေးတစ်ဦးပါရှိသည်ဟု ခေါင်ပြန်ရွာသားတစ်ဦးက ပြောသည်။
ဆက်လက် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရသူ လေးဦးမှာ လက်ရှိ မေလ ၁ ရက်နေ့ ညနေပိုင်းအချိန်ထိ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း နီးစပ်သူများက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့က ဧပြီလ ၂၉ ရက်နေ့ ညနေ ၅ နာရီ အချိန်ခန့်တွင် ကံပေါက်ဘက်သို့ ပြန်လည်ထွက်ခွာသွား ပြီး ၎င်းတို့ ယခု ဖြတ်တောက် ဖျက်ဆီးလိုက်သည့် လမ်းပိုင်းသည် NLD အစိုးရ လက်ထက်တွင် ခင်းထားသည့် ကွန်ကရစ်လမ်း ဖြစ်ကြောင်း ရွာသားများက ဆိုသည်။