တားမြစ် စစ်ကောင်စီထုတ်ကုန်များကို သုံးစွဲသည့် တပ်ဖွဲ့ဝင်များကို TNLA မှ အပြစ်ပေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
မေလ ၂ ရက်၊ ၂၀၂၄ ခုနှစ်

မွေးနေ့ပါတီပွဲ တစ်ခုတွင် တားမြစ်ထားသည့် စစ်ကောင်စီ ထုတ်ကုန် မြန်မာဘီယာများ သောက်စားခဲ့ကြသည့် တပ်ဖွဲ့ဝင်များကို အပြစ်ပေးအရေးယူခဲ့ဟု TNLA က ထုတ်ပြန်သည်။

တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA မှ တားမြစ်ထားသည့် စစ်ကောင်စီထုတ်ကုန် မြန်မာ ဘီယာများနှင့် သောက်စားပျော်ပါးနေသည့် အရပ်သားအချို့နှင့် TNLA တပ်ဖွဲ့ဝင်များ ပါဝင်သည့် ဓာတ်ပုံများ မေလ ၁ ရက်နေ့၊ ညတွင် အွန်လိုင်းပေါ်တွင် ပျံ့နှံ့ခဲ့ပြီးနောက် ပြည်သူများ၏ ဝေဖန်မှုများ မြင့်တက်ခဲ့သည်။

တအာင်းပြည်သူ တစ်ဦးက “တပ်က သူတို့ပဲ ထုတ်ပြန်တယ်။ ပြီးတော့ သူတို့ရဲ့ စစ်သားတွေက ဒါကို စားသောက် နေကြတယ်ဆိုတာ မဖြစ်သင့်ဘူး။ တအာင်းဒေသထဲက ဆိုင်တွေဆို စစ်ကောင်စီ ထုတ်ကုန်တွေ ရောင်းလို့လည်း မရဘူး။ သုံးလို့လည်း မရဘူးလေ။ အကုန်ဖမ်း အကုန်ဖျက်ဆီး အဲ့လိုမျိုးလုပ်တာပါ” ဟု ပြောသည်။

အွန်လိုင်းပေါ်တွင် ပျံ့နှံ့လာခဲ့သည့် အဆိုပါ ဓါတ်ပုံများမှာ မည်သည့်နေရာတွင် စားသောက်ပျော်ပါးနေသည့် ပုံဖြစ်ကြောင်းကို အတိအကျမသိရသေးလည်း ယခုကဲ့သို့ ကန့်သတ်ထားမြစ်ထားသည့် စစ်ကောင်စီ ထုတ်ကုန် များထဲမှ မြန်မာ ဘီယာများနှင့် သောက်စားပျော်ပါးနေသူများထဲ TNLA တပ်ဖွဲ့ဝင်များ ပါဝင်နေသည်ကိုမူ အတည် ပြုနိုင်ခဲ့သည်ဟု နီးစပ်သူများက ပြောသည်။

ထို့ကြောင့် မေလ (၂) ရက်နေ့တွင် တားမြစ်ထုတ်ကုန် မြန်မာဘီယာ သောက်သုံးနေသည့် တပ်ဖွဲ့ဝင်များကို တစ်ဦး လျှင် ကြိမ်ဒဏ် (၁၀)ချက်၊ အလုပ်ကြမ်း (၁) လ နှင့် လူမှုရေးပြစ်ဒဏ်အဖြစ် အများပိုင်ဆေးရုံ၊ ဘုန်းကြီးကျောင်း ကို သန့်ရှင်းရေးများ လုပ်အားပေးစေခဲ့သည် ဟု PSLF/TNLA က ထုတ်ပြန်ထားသည်။  

၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း TNLA အုပ်ချုပ်နယ်မြေ မြို့ (၇) မြို့ နှင့် စစ်ဒေသများ အတွင်း စစ်ကောင်စီ ထုတ်ကုန် ပစ္စည်းများကို ပိုမိုတင်းကြပ် စစ်ဆေးပြီး ဖျက်ဆီးနေသလို ရောင်း‌ဝယ် စားသုံးသူများ တွေ့ရှိပါက ၎င်းတို့ထုတ်ပြန်ထားသည့်အတိုင်း အရေးယူသွားမယ်ဟု ထုတ်ပြန်ထားသည်။

၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်စနစ် အမြစ်ပြတ် ကျဆုံးရေး ၎င်းတို့၏ ဝင်ငွေလမ်းကြောင်းများကို ပိတ်ပင်ရန် ရည်ရွယ်ပြီး TNLA အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များက စစ်ကောင်စီ ထုတ်ကုန်များအား ရောင်းဝယ်စားသုံးခြင်း မပြုလုပ်ကြရန် ပိတ်ပင်တားမြစ်ခဲ့ကြခြင်း ဖြစ်သည်။