ကျွန်းစုမြို့နယ်ထဲက ပျူစောထီးခေါင်းဆောင် စက်လှေပေါက်ကွဲပြီး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ မေလ ၃ ရက်။

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ရေကန်တောင်ကျေးရွာအုပ်စုမှ ပျူစောထီးခေါင်းဆောင်တစ်ဦး စက်လှေ မတော်တဆ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးသွားသည်ဟု ရွာသားများက ပြောသည်။ 

ရေကန်တောင်ကျေးရွာက အသက် ၄၀ နှစ်အရွယ် ပျူစောထီး ခေါင်းဆောင် ဦးကျော်စိုးထိုက်ပါအဝင် အမျိုး သားသုံးဦး လိုက်ပါခဲ့သည့် စပိဘုတ်လှေတစ်စီး ဖိနပ်ကျွန်းရွာအနီးတွင် ဧပြီလ ၃၀ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ 

ပေါက်ကွဲမှုဖြစ်တဲ့အချိန် အမျိုးသားသုံးဦး စလုံး ရေထဲခုန်ချခဲ့သော်လည်း ဂျင်း (ဂုံးခရု) ရောင်းပြီးရလာသည့် ကျပ်သိန်းသုံးရာပါ အိတ်တစ်လုံး၊ အိကွေးမင်းတစ်စုံ၊ ပစ္စတိုသေနတ်တစ်လက်နှင့် ဂျင်းဘောင်းဘီ ဝတ်ဆင်ထား ကာ ရေထဲခုန်ချခဲ့သူ ဦးကျော်စိုးထိုက် တစ်ဦးသာ သေဆုံးခဲ့ခြင်းဖြစ်သည်။ 

အမည်မဖော်လိုသူ ရွာသားတစ်ဦးက စက်ခဏပိတ်ပြီး ဆီထည့်တုန်း ရာသီဥတုကလည်းပူ အင်ဂျင်ကလည်း ပူဆိုတော့ ဆီလှောင်ကန်က အပူလွန်ကဲပြီး ထပေါက်ကွဲတာလို့ သိရတယ်။ အားလုံး သုံးယောက်မှာ သူ့ တစ်ယောက်ပဲ သေသွားတယ် ဟု ပြောသည်။ 

ရေနစ်သေဆုံးခဲ့သည့် ပျူစောထီခေါင်းဆောင် ဦးကျော်စိုးထိုက်သည် ကျွန်းစုမြို့နယ်အတွင်း၌ ဂျင်းမွေးမြူရေး လုပ်ငန်းများတွင် လှည့်လည်၍ ဂျင်း(ဂုံးခရု) များကို လက်နက်အားကိုးဖြင့် ခြိမ်းခြောက်ကာ စျေးနှိမ် ဝယ်ယူနေ သူဖြစ်သည်ဟု ရွာသားများက ပြောသည်။ 

ဦးကျော်စိုးထိုက်ရဲ့ ရုပ်အလောင်းကို လှေနစ်မြုပ်ပြီး နှစ်နာရီအကြာ ဖိနပ်ကျွန်းကျေးရွာ အနီးမှာပင် ငွေထည့်ထား သည့် အိတ်နှင့်အတူ ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး လက်တွင် မီးလောင်ဒဏ်ရာများလည်း ရထားသည်ကို တွေ့မြင်ခဲ့ရကြောင်း နီးစပ်သူတစ်ဦးက ဆိုသည်။ 

ပြန်လည်လွတ်မြောက်လာသူ အမျိုးသားနှစ်ဦးမှာ စပိဘုတ်ပေါ်တွင် ရှိနေသည့် ကြိုးကိုဆွဲပြီး ရေထဲခုန်ချခဲ့ခြင်း ကြောင့် အသက်ရှင် ကျန်ရစ်ခဲ့ခြင်းဖြစ်သည်။

သို့သော် ၎င်းတို့ နှစ်ဦးစလုံး၏ ခြေများတွင် မီးလောင်ဒဏ်ရာများ ရရှိထားခြင်းကြောင့် မြိတ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြရသည်။ 

ပျူစောထီးခေါင်းဆောင် ဦးကျော်စိုးထိုက်၏ ရုပ်အလောင်းကို ရေကန်တောင်ကျေးရွာရှိ နေအိမ်တွင် ငါးရက် ကြာထားပြီးနောက် မေလ ၄ ရက်နေ့တွင် သင်္ဂြိုဟ်သွားမည် ဖြစ်ကြောင်း ရွာသားများက ပြောသည်။ 

ရေကန်တောင်ကျေးရွာသည် အိမ်ခြေ ၈၀၀ နီးပါးခန့်ရှိပြီး ပင်လယ်အတွင်းရှိ ကျွန်းပေါ်တွင် တည်ရှိကာ အများစု မှာ ရေလုပ်ငန်း လုပ်ကိုင်ကြသည်။