လားရှိုးနှင့် ကွတ်ခိုင်မြို့တွင် TNLA နှင့် KIA အမည်သုံး ငွေကောက်ခံမှုများရှိနေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ မေလ ၃ ရက်။
ရှမ်းမြောက်ရှိ လားရှိုးနှင့် ကွတ်ခိုင်မြို့နယ်ထဲ တအာင်းတပ်မတော် (TNLA) ကချင်လွပ်လပ်ရေး တပ်မတော် (KIA) တို့၏ အမည်များတပ်ကာ ငွေလိုက်တောင်းခံနေမှုများ ရှိနေသည်ဟု ဒေသခံများက ပြောသည်။
လားရှိုးမြို့က ဆိုင်တစ်ဆိုင်ကို TNLA နာမည်နှင့် တစ်နှစ်စာ အခွန်ပေးဆောင်ပေးရမည်ဟု ဖုန်းဆက်လာပြီး Kpay မှ ပေးမည်ဆိုပါက ကျပ် ၈ သိန်းနှင့် ကိုယ်တိုင်လာတွေ့ပြီး ပေးမည်ဆိုပါက ကျပ် ၁၂ သိန်း ပေးဆောင်ရန် မေလ ၁ရက်နေ့က အကြောင်းကြားလာသည်ဟု အဆိုပါ ဆိုင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ထိုကိစ္စနှင့် ပတ်သက်၍ လားရှိုးဒေသခံ အမျိုးသားတစ်ဦးက “အဲ့ဒီဆိုင်ကို အခွန်ဆောင်ဖို့ ဖုန်း ခဏခဏ ဆက် လာတယ်။ ချက်ချင်း လာဆောင်ခိုင်းတာ။ ဘယ်ကို လာရမှာလဲ ဆိုတော့ ကွတ်ခိုင်တဲ့။ ကျနော်လည်း အခုက မိုးချုပ်နေပြီလို့ ပြန်ပြောတယ်။ အစ်ကိုတို့ ဘယ်အဖွဲ့ကလဲ ဆိုတော့ ပလောင်အဖွဲ့တဲ့။ မလာရင် Kpay နံပါတ်ပို့ ပေးမယ် လွှဲခဲ့တဲ့။ မနှစ်ကလည်း KIA နာမည်နဲ့ အလိမ်ခံရဖူးပြီ။ အဲ့ချိန်တုန်းက အိမ်ကို တစ်ခု ခု လာလုပ်မှာ ကြောက်လို့ ၁၆ သိန်းလွှဲပေးရတယ်” ဟု ပြောသည်။
ထိုသို့ ဖုန်းဆက် ငွေတောင်းခံမှုကို လားရှိုးမြို့က ပြည်သူအများစု ခံနေရပြီး လူကိုယ်တိုင် မသွားနိုင်သော နေရာများကိုသာ ချိန်းချက်မှုများ လုပ်နေသည်ဟု အဆိုပါဖြစ်စဉ်မျိုး ကြုံနေရသည့် လားရှိုးမြို့ခံများက ပြောသည်။
အလားတူ ကွတ်ခိုင်မြို့တွင်လည်း ဧပြီလ ဒုတိယပတ်မှ စတင်၍ TNLA အမည်ဖြင့် ဖုန်းထဲ မက်ဆေ့စ် (စာ) ပို့ကာ ငွေတောင်းလာသည်ဟု ဆိုကြသည်။
ကွတ်ခိုင်ဒေသခံ တစ်ဦးက “မက်ဆေ့စ်ထဲ စာပို့လာတယ်။ TNLA အဖွဲ့က ဆိုပြီးပြောတယ်။ ဟုတ်ပြီလို့ ရုံးကို တိုက်ရိုက် ဆက်သွယ်လိုက်မယ်လို့ ပြန်ပြောတယ်။ အခုထိ ဘာမှ ပြန်မပြောတော့ဘူး” ဟု ပြောသည်။
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA အနေဖြင့် ဒေသခံများထံ ငွေတောင်းခံမှုများ ရှိလာပါက ၎င်းတို့အဖွဲ့၏ အကောက်ခွန်ဌာန တံဆိပ်တုံးမပါလျှင် ပေးဆောင်စရာ မလိုဘူးဟု TNLA ၏ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောသည်။
ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက “ဒီလိုမျိုးကြုံတွေ့နေရတယ်ဆိုရင် TNLA ရဲ့ လက်မှတ်နဲ့ ဒီအကောက်ခွန်ရဲ့ တံဆိပ်တုံးမပါရင် ဆောင်စရာမလိုဘူး။ သူတို့ရဲ့ ခြိမ်းခြောက်စာကို ယူပြီး ရဲစခန်းမှာ အမှုဖွင့်ပြီး တိုင်ကြားလို့ ရတယ်” ဟု ပြောသည်။
ကွတ်ခိုင်မြို့နယ်တွင် ဧပြီလအတွင်း၌ပင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၏ အမည်ဖြင့် ဖုန်း မက်ဆေ့စ် စာပို့ကာ ငွေတောင်းခံမှုများ ရှိခဲ့သည့်အပြင် တောင်းငွေအား မပေးပါက အရေးယူသွားမည်ဟု ခြိမ်းခြောက်လာ ကြောင်း ကွတ်ခိုင်ဒေသခံ အမျိုးတစ်ဦးက ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ၏ အမည်ကို အလွှဲသုံးစားလုပ်ပြီး ငွေကြေးတောင်းခံနေသော ဖြစ်ရပ် များ ရှမ်းပြည်နယ်၊ မြောက်ပိုင်းရှိ နေရာအတော်များများတွင် ဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောသည်။
နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင် ဒေသများဘက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ အမည်များကို သုံးကာ ငွေ ခြိမ်းခြောက်တောင်းခံမှုများ ရှိနေပြီး လားရှိး၊ ကျောက်မဲ ဒေသများ ဘက်တွင်မူ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ အမည်ကို အသုံးချကာ ငွေကြေး လိမ်လည်တောင်းခံမှုများ ယခုလထဲတွင် ခပ်စိပ်စိပ် ကြုံနေရသည် ဟု ဆိုကြသည်။