ဖရူဆိုအနောက်ခြမ်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ်တဲများ ပျက်စီး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ မေလ ၄ ရက်။
ကရင်နီပြည်၊ ဖရူဆို အနောက်ဘက်ခြမ်းဒေသတွင်လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများခဲ့သည်ဟု စစ်ဘေးရှောင်များအား ကူညီပေးနေသူများက ပြောသည်။
လေပြင်းတိုက်ခိုက်မှုထဲ စစ်ဘေးရှောင်စခန်းထဲက အိမ်များ၊ တဲများ အပြင် ဒေသခံများ၏ နေအိမ်များပါ ပျက်စီး ကုန်သည်ဟု ဖရူဆိုအနောက်ဘက်ခြမ်း စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေး ကော်မတီ တာဝန်ရှိသူများက ပြောသည်။
“၁၅ မိနစ်လေးပဲ လေတိုက်လိုက်တာ အဲလောက် ဖြစ်သွားတယ်ပေါ့နော်။ စစ်ရှောင်အိမ်ခြေကတော့ ၃၀ ကျော် ပေါ့နော် ပျက်စီးသွားတယ်။”
ဖရူဆိုအနောက်ဘက်ခြမ်းဒေသရှိတွင် မေလ ၃ ရက်နေ့၊ ည ၇ နာရီအချိန်က လေပြင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ် သည်။
လေပြင်းတိုက်ခိုက်မှုကြောင့် စိန်တောင်တန်း စစ်ရှောင်စခန်းရှိ နေအိမ်အလုံးရေ ၃၀ ကျော်နှင့် ရှိလုမူစစ်ရှောင် စခန်းရှိ နေအိမ် ၂ အိမ်၊ ရီခီးဘူး စစ်ဘေးရှောင်စခန်းရှိ နေအိမ် ၄ လုံး စုစုပေါင်း စစ်ဘေးရှောင် နေအိမ်အလုံးရေ ၄၀ ခန့် အမိုးလှန် ပျက်စီးခဲ့ရသည်ဟု စစ်ရှောင်များအား ကူညီပေးနေသူ မရိုစလင်းက ပြောသည်။
ထို့အပြင် ရီခီးဘူးကျေးရွာရှိ စာသင်ကျောင်းတစ်ကျောင်းနှင့် ကက်သလစ် ဘုရားရှိခိုးကျောင်း (အဟောင်း) အပါအဝင် ဒိုရော (အောက်) ကျေးရွာရှိ ဒေသခံများ၏ နေအိမ် ၄ လုံး၊ ဟိုယာကျေးရွာရှိ ဒေသခံများ၏ နေအိမ် ၆ လုံး၊ ခါးဘယ်ကျေးရွာရှိ ဒေသခံများ၏ နေအိမ် ၂ လုံး ပျက်စီးခဲ့ခြင်း ဖြစ်သည်ဟု ဖရူဆိုအနောက်ဘက်ခြမ်း စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကော်မတီမှ မေလ ၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
လက်ရှိ နေအိမ်အမိုးများ ပျက်စီးသွားသော မိသားစုများသည် နီးစပ်ရာ အသိအိမ်များတွင် နေထိုင်ကြသူများ ရှိသကဲ့သို့ ပျက်စီးသွားသော မိုးကာ အပိုင်းစများကို ပြန်လည်အသုံးပြုကာ ယာယီ နေထိုင်နေကြလျှက်ရှိပြီး စစ်ရှောင်ကော်မတီမှ ကူညီပေးနိုင်ရန်ဆောင်ရွက်နေသည်ဟု မရိုစလင်းက ဆက်ပြောသည်။
“လက်ရှိမှာတော့ ဘေးအိမ်မှာပဲ ကောင်းနေသေးတဲ့ အိမ်မှာပဲ ကပ်နေတယ်ပေါ့။ ပြီးတော့ မိုးကာ အစပြဲလေး တွေနဲ့ပဲ ပြန်ထိုးထားတာပဲရှိသေးတယ်ပေါ့နော်။ သူတို့ကိုတော့ အဖွဲ့စည်းတွေနဲ့ ချိတ်ဆက်ထားတာတွေတော့ လုပ်ထားပေးတယ်။ လောလောဆယ် ဘာတစ်ခုမှ ရမလာသေးဘူးပေါ့နော်။ ချိတ်ဆက်ထားတာလေး တစ်ခုပဲ လုပ်ထားပေးသေးတယ်ပေါ့နော်။”
လက်ရှိတွင် နေအိမ်အမိုးအကာများ ပျက်စီးသွားသော စစ်ဘေးရှောင်များနှင့် ဒေသခံမိသားစုများ အတွက် မိုးကာများ အဓိကလိုအပ်နေသည်ဟု ပြောသည်။
ဖရူဆို အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်အများစုသည် စစ်ရှောင်ရသည့် ကာလ ၃ နှစ်နီးပါး ရှိပြီဖြစ်ပြီး အမိုး အကာအတွက် ပလက်စတစ်မိုးကာများဖြင့် အသုံးပြုပါက ၆ လခန့်သာ အသုံးခံပြီး မကြာခဏ လဲနေရသော ကြောင့် အခက်တွေ့နေကြသည်ဟု စစ်ဘေးရှောင်များအား ကူညီပေးနေသူများက ပြောသည်။
စစ်ဘေးရှောင်ဦးရေ ၆၀၀၀ ကျော်ရှိသော ဖရူဆိုအနောက်ဘက်ခြမ်းဒေသတွင် စစ်ရှောင်မိသားစု ၈၀ ရာခိုင်နှုန်း ခန့်မှာ ပလက်စတစ်မိုးကာများကိုသာ အသုံးပြုနေရကြရပြီး မကြာမှီအချိန်တွင် မိုးရာသီကာလထဲ ရောက်တော့ မည် ဖြစ်သည့်အတွက် မိုးကာလိုအပ်ချက် ကြီးမားနေသည်ဟု ဆိုကြသည်။
ဖရူဆို အနောက်ဘက်ခြမ်းဒေသသည် ယခင်ကတည်းက စစ်ဘေးရှောင်များအတွက် အလှူရှင်များ လာရောက် လှူဒါန်းမှု နည်းပါးသောဒေသဖြစ်ပြီး စစ်ရှောင်ကာလ ကြာလာသည်နှင့်အမျှ မိုးကာအပြင် စားနပ်ရိက္ခာ လိုအပ် ချက်လည်း ကြီးမားလျှက်ရှိနေသည်ဟု စစ်ဘေးရှောင်များအား ကူညီပေးနေသူများက ပြောသည်။