ဖားဆောင်းမြို့၏ နယ်မြေ ၈၀ ရာခိုင်နှုန်းကို ကရင်နီတော်လှန်ရေး အင်အားစုများက သိမ်းပိုက်ထား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ မေလ ၅ ရက်နေ့။

ကရင်နီပြည်၊ ဖားဆောင်းမြို့၏ နယ်မြေ ၈၀ ရာခိုင်နှုန်းကို ကရင်နီတော်လှန်ရေးအင်အားစုက သိမ်းပိုက် ထားနိုင် ပြီ ဖြစ်ပြီး လက်ရှိတွင် တပ်ရင်း ၂ ရင်းသာ ကျန်တော့သည်ဟု ပြောသည်။

ဖားဆောင်းမြို့ပေါ်က တိုက်ပွဲများထဲ စစ်ကူလွှတ်လိုက်သော စစ်ကောင်စီ စစ်ကြောင်းမှာ ဧပြီလ ဒုတိယပတ်တွင် တိုက်ခိုက်ခံရပြီးနောက် ယနေ့အချိန်ထိ မြေပြင်စစ်ကူများပင် မလွှတ်နိုင်သေးဘဲ လေယာဉ်ကိုသာ အားကိုးနေ သည့် အခြေအနေမျိုး ဖြစ်နေသည်ဟု မြေပြင်ရှိ ကရင်နီတော်လှန်ရေး အင်အားစု တာဝန်ရှိသူများက ပြောသည်။

ဖားဆောင်း PDF ပြန်ကြားရေး တာဝန်ခံက  ဧပြီလ တိုက်ပွဲကတော့ ကျနော်တို့ တော်လှန်ရေး အင်အားစုတွေ ဘက်က လုံးဝကို အားတက်တာပေါ့နော်။ ရဲဘော်တွေက အစ။ လာသမျှ စစ်ကြောင်း တစ်ကြောင်းလုံး ပျောက် သွားတာ ဆိုတော့လေ။ စစ်ကြောင်း တစ်ကြောင်းလုံး လာတယ်၊ သူတို့ကို စစ်ကူလာပေးတယ် လာပေးတဲ့ စစ် ကြောင်း တစ်ကြောင်းလုံး အကုန် ပျောက်သွားတယ်။ လက်နက်ခဲယမ်းတွေလည်း အများကြီး သိမ်းဆည်း ရမိတယ်ပေါ့။ အဲဆိုတော့ ရဲဘော်တွေ အားတက်တာပေါ့ ဟု ပြောသည်။

လတ်တလောတွင် ဖားဆောင်းမြို့၏ ၈၀ ရာနှုန်းလောက်ကို ကရင်နီမဟာမိတ် တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားပြီး စစ်ကောင်စီ၏ ခမရ ၁၃၄ နှင့် ၁၃၅ တပ်ရင်း ၂ ခုပဲ ကျန်ရှိတော့သည်။

အဆိုပါ တပ်ရင်း ၂ ရင်းကလည်း မြေပြင်စစ်ကူ လမ်းကြောင်းများ ဖြတ်တောက်ခံထားရ၍ လေကြောင်း အကူ အညီကိုသာ အားကိုးနေကြရသည်။

ကရင်ပြည် သံတောင်ကြီးမြို့နယ်အစပ်ဒေသ ကရင်နီပြည်၊ ဖားဆောင်းမြို့ပေါ် တိုက်ပွဲက တိုက်ပွဲများထဲ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံခဲ့ရ၍ အယောက် ၆၀ ကျော်သေဆုံးပြီး ဗျူဟာ မှူး အပါအဝင် ၅၆ ဦးကို အရှင်ဖမ်းမိခဲ့သည်ဟု မြေပြင်ရှိ စစ်ရေး သတင်းအရင်းအမြစ်များက ပြောသည်။

ဘောလခဲမြို့မှ ဖားဆောင်းမြို့ကို စစ်ကူရောက်ရှိလာသော အဆိုပါ စစ်ကောင်စီ စစ်ကြောင်းက ဧပြီလ ဒုတိယ ပတ်ထဲ၌ ကြားဖြတ် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး လက်နက်ခဲယမ်း အမြောက်အမြားကိုလည်း သိမ်းဆည်း ရမိခဲ့သည်ဟု ဖားဆောင်း PDF ပြန်ကြားရေး တာဝန်ခံက ပြောသည်။

အဓိကတော့ အဲမှာ ကျနော်တို့တွေ့တဲ့ သူတို့ရဲ့ အလောင်းတွေပေါ့။ အဲဒီကနေပြီးတော့ အတည်ပြုတာပါ။ ၆၀ ကျော် ထင်တယ်။ ၂ ခုစလုံးပေါ့။ အလံဖြူတော့ မပြဘူး။ ဒါပေမယ့် သူတို့ ပြေးဖို့က အခက်အခဲ ဖြစ်သွားပြီ။ မလွယ်တော့ဘူးပေါ့နော်။ အဲမှာ ကျနော်တို့ရဲ့ ရဲဘော်တွေကလည်း လက်နက်ချဖို့ပေါ့၊ လက်နက်ချပါ အသက် အန္တရာယ် အာမခံတယ်။ သူတို့အနေနဲ့ ပြေးလည်းပဲ မလွတ်တော့ဘူးပေါ့။ အဲ့လို အနေအထားမျိုးမှာ လက်နက် ချတာပါ။” 

ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)၊ ကရင်နီတပ်မတော် (KA)၊ ဘော်လခဲ PDF၊ ဖားဆောင်း PDF တို့ ပူးပေါင်း ဖော်ဆောင်ခဲ့ကြသည့် ဧပြီလ ၁၂ ရက်နေ့ တိုက်ပွဲထဲ ကရင်နီမဟာမိတ် တော်လှန်ရေး အင်အားစုများဘက်တွင် မစိုးရိမ်ရသည့် အသေးစား ဒဏ်ရရှိသူ ၁၀ ဦးခန့် ရှိခဲ့ပြီး ကျဆုံးသူ တစ်ဦးမှ မရှိခဲ့ဘူးဟု ရှေ့တန်းမြေပြင် သတင်းအရင်းအမြစ်များ က ပြောသည်။

မတ်လ ၂၀ ရက်နေ့တုန်းကလည်း ဘောလခဲမြို့မှ ဖားဆောင်းမြို့ကို စစ်ကူရောက်လာသော စစ်ကောင်စီ စစ် ကြောင်းမှာ ဖားဆောင်းမြို့နယ်၊ ပါပုကျေးရွာတွင် ကြားဖြတ် တိုက်ခိုက်ခံရပြီး ၁၆ ဦး ပွဲချင်းပြီး သေဆုံးကာ အယောက် ၃၀ ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သည့် အပြင် လက်နက်ခဲယမ်း အမြောက်အမြားကိုလည်း သိမ်း ဆည်းရမိခဲ့ သေးသည်ဟု ဒီးမော့ဆို PDF ၁၁၀၆ တပ်ရင်း တာဝန်ရှိသူများက ပြောသည်။

ဖားဆောင်းမြို့၏ ၃ ပုံ ၂ ပုံခန့်ကို ပြီးခဲ့သည့် ၃ လခန့်က စပြီး ကရင်နီမဟာမိတ် တော်လှန်ရေး အင်အားစုများက ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ရာ တိုက်ပွဲများ အနည်းငယ် ငြိမ်သက်သွားခြင်းကြောင့် စစ်ဘေးရှောင် ၂၀ ရာခိုင်နှုန်းခန့် နေရပ်ပြန်လာကြပြီဟု မြို့ခံများက ပြောသည်။

ဓါတ်ပုံ – ဖားဆောင်းမြို့တွင်းက မတ်လတွက် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအခြေအနေ (Free Burma Ranger)