အရှေ့တောင်အာရှကိုယ်စား သတင်းအယ်ဒီတာဆိုင်ရာ ခေါင်းဆောင်မှုဆု KIC အယ်ဒီတာချုပ် နန်းဖော့ဂေ ရရှိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ မေလ ၁၅ ရက်။
ကမ္ဘာ့သတင်းစာများနှင့် သတင်းထုတ်ဝေသူများအဖွဲ့ (WAN-IFRA) က ၂၀၂၄ ခုနှစ်အတွက် ချီးမြှင့်သော အမျိုး သမီး သတင်း အယ်ဒီတိုရီယယ် ဦးဆောင်မှုဆု Women in News Editorial Leadership Award ဆုကို ကရင် သတင်းဌာန (KIC) ၏ ဒါရိုက်တာ၊ အယ်ဒီတာချုပ်ဖြစ်သူ နန်းဖော့ဂေက ရရှိခဲ့သည်။
အဆိုပါဆုသည် သတင်းလောကတွင် ဦးဆောင်နေသော အမျိုးသမီးများအား နှစ်စဉ် ချီးမြှင့်သော ဆုတစ်ဆု ဖြစ်သည်။
ဆုချီးမြှင့်ရေး အဖွဲ့က သူ့မကို ရွေးချယ်ခဲ့သည့် အကြောင်းအရင်းနှင့် ပတ်သက်၍ နန်းဖော့ဂေက “သူတို့ပေးတာ က အရှေ့တောင်အာရှ ကိုယ်စား နယ်ပယ်အနေနဲ့ ပေးတဲ့ဆု ဆိုတဲ့အခါကျတော့ ဒီမီဒီယာ အထူးသဖြင့်တော့ အိတ်ဆိုင်းမီဒီယာပေါ့နော်။ အနောတို့က နယ်စပ်တစ်လျှောက်မှာ အများအားဖြင့် တောက်လျှောက် လုပ်လာခဲ့ တဲ့ဟာမျိုးလည်း ပါတယ်။ နောက်ပြီးတော့ ကိုယ့်ရဲ့သတင်းဌာနပေါ့နော်။ ကရင်တိုင်းရင်းသား သတင်းဌာန တစ်ခုကို နှစ်အကြာကြီး ဦးဆောင်လာခဲ့တယ်။ ပြီးလို့ရှိရင် သတင်း အရည်အသွေး ထိန်းကြောင်းနိုင်ခဲ့တယ်။ သတင်းခန်း ကိုလည်း လုံခြုံမှု အပိုင်းပေါ့နော်။ အဲဒါထည့် စဉ်းစားပြီးတော့ ဦးဆောင်လာခဲ့တဲ့အတွက်လို့တော့ ပြောတယ်ပေါ့ နော်” ဟု ပြောသည်။
Women in News (WIN) ဟု ခေါ်သည့် အဖွဲ့က သူ့မ (နန်းဖော့ဂေ) ၏ အမည်ကို ဆုချီးမြှင့်သည့် အဖွဲ့ဆီကို အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်ဟု နန်းဖော့ဂေက ပြောသည်။
အဆိုပါ ဆုမှာ အာရပ်၊ အာဖရိက နှင့် အရှေ့တောင်အာရှက သတင်းသမားများကို အဓိက ချီးမြှင့်သည် ဆုဖြစ်ပြီး နန်းဖော့ဂေ က ယခုနှစ်တွင် အရှေ့တောင်အာရှ ကိုယ်စားပြု ရရှိခဲ့ခြင်း ဖြစ်သည်။
KIC အယ်ဒီတာချုပ် နန်းဖော့ဂေ နှင့်အတူ အာဖရိက က အမျိုးသမီး အယ်ဒီတာ တစ်ဦးနှင့် အာရပ်က အမျိုး သမီး အယ်ဒီတာ တစ်ဦးလည်း ဆုချီးမြှင့်ခြင်းခံရသည်။
လက်ရှိ အခြေအနေအရ သတင်းဌာနတစ်ခုကို အခက်အခဲများ ကြားထဲမှ ဦးဆောင်နေရသည့်အတွက် ယခုကဲ့သို့ ဆုချီးမြှင့်ခံရသည့်အပေါ် သူမ၏ ခံစားချက်ကို နန်းဖော့ဂေ က ယခုကဲ့သို့ ဆက်ပြောသည်။
“ဒီဆုရတာက ဆုရဲ့ လုပ်ငန်းပေါ့နော။ အထူးသဖြင့် မီဒီယာ လုပ်ငန်းမှာ စိန်ခေါ်မှု တွေက အများကြီးရှိတယ် ပေါ့ နော။ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အများကြီးရှိသလို ကိုယ့်သတင်းဌာန လည်ပတ်ရေး အတွက်တွေက လည်း အများကြီး အကွေ့အကောက်တွေ အရမ်းများတာပေါ့နော်။ အဲဒီအပေါ်မှာတော့ ဒါကို ကိုယ့်ရဲ့ ဖြတ်သန်း မှု လုပ်ဆောင်မှုအပေါ်မှာလည်း အသိအမှတ်ပြု အပေါ်မှာ ကိုယ်လည်းပဲ ပင်ပန်းရကျိုး နပ်တယ်ပေါ့နော်။ အဲ့လိုစိတ်လေး တစ်ခုတော့ ဖြစ်မိတယ်ပေါ့နော်။”
ထို့အပြင် ယခုချီးမြှင့်ခံရသည့် ဆုမှာ သူမအား သတင်းအလုပ်ကို ဆက်လက်လုပ်ဆောင်နိုင်ဖို့ တွန်းအားတစ်ခု ဖြစ်လာသည်ဟုလည်း နန်းဖော့ဂေက ပြောသည်။
ယခုနှစ်အတွက် ဆုရွေးချယ်ခံရသူ သုံးယောက်ကို လာမည့် မေလ ၂၇ ရက်နေ့ မှ မေလ ၂၉ ရက်နေ့အထိ ဒိန်း မတ်နိုင်ငံ၊ ကိုပင်ဟေဂင်တွင် ကျင်းပမည့် WAN-IFRA ၏ ကမ္ဘာ့ သတင်းမီဒီယာ ကွန်ဂရက်၌ ဆုချီး မြှင့်သွား မည် ဖြစ်သည်ဟု (WAN-IFRA) အဖွဲ့က ထုတ်ပြန်ထားသည်။