ရေဖြူတွင် လက်နက်ကြီးအစမှန်ပြီး ကလေးငယ်နှစ်ဦးသေဆုံး။
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ မေလ ၁၆ ရက်။
ရေဖြူမြို့နယ် ဇာဒီကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီမှလက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ကလေးငယ်နှစ်ဦး သေဆုံးခဲ့သည်ဟု ရွာသားများက ပြောသည်။
မေလ ၁၅ ရက်နေ့၊ မွန်းတည့် ၁၂ နာရီအချိန်ခန့်က စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် နှစ်လုံး ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။
ဇာဒီကျေးရွာ၏ မိန်းလမ်းမပေါ်ရှိ သစ်လှတောရပ်ကွက်က နေအိမ်တစ်ဆောင်ပေါ်သို့ လက်နက်ကြီး ကျည်တစ် လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၁၁ နှစ်အရွယ် ညီမဖြစ်သူ မပွင့်ပွင့် နှင့် အသက် ၁၆ နှစ်အရွယ် အစ်ကို ဖြစ်သူ မောင်ဇော်မျိုးအောင်တို့ မောင်နှမ နှစ်ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့သည်ဟု ရွာသားတစ်ဦးက ပြောသည်။
အသက် ၅၀ ခန့်အရွယ် ရွာသားတစ်ဦးက “သုံးလုံးပစ်တာ တစ်လုံးက ဓနိမိုးထားတဲ့ အိမ်အပေါ် တည့်တည့်ကို တစ်လုံးကျတာ၊ လူတွေရော အိမ်ပါ အားလုံးကြေမွ ထွက်သွားတယ်” ဟု ပြောသည်။
သေဆုံးသူ မောင်နှမ နှစ်ဦးလုံး၏ ကိုယ်ခန္ဓာတို့မှာ တစ်စဆီ ဆိုးဆိုးရွားရွား ပျက်စီးသွားခြင်းကြောင့် အလောင်း များကို နေ့တွင်းချင်းပင် သင်္ဂြိုလ် လိုက်ရသည်ဟု ရွာသားများက ပြောသည်။
လက်နက်ကြီးဖြင့် ပစ်ခတ်နေသည့်အချိန်တွင် ဇာဒီကျေးရွာမှ ရွာသားများမှာ စိုးရိမ်ပြီး နီးစပ်ရာကို ထွက်ပြေးခဲ့ ကြရသည်။
လက်နက်ကြီး ကျည်များကို ဇာဒီကျေးရွာ မြောက်ဘက်ရှိ မောရဝတီ ရေတပ်စခန်းဌာနချုပ်မှ ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ရွာသားများက ဆိုသည်။
ယခု တစ်ပတ်အတွင်း ထားဝယ်၊ သရက်ချောင်းနှင့် ရေဖြူမြို့နယ်အတွင်းရှိ ကျေးရွာများအထဲသို့ စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများအပြင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများပါ ဆက်တိုက်လုပ်နေသည် ဟု ရွာသားများက ပြော သည်။
ပြီးခဲ့သည့် မေလ ၈ ရက်နေ့၊ ညကလည်း စစ်ကောင်စီ၏ ခမရ – ၄၁၀ တပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကြောင့် ကလိန်အောင် အမှတ် (၃) ရပ်ကွက်ရှိ နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့ခြင်းပြီး အဘွားအို တစ်ဦး ဝမ်းဗိုက် ထိမှန်ဒဏ်ရာကြောင့် လက်ရှိအချိန်ထိ ဆေးကုသမှု ခံယူနေရ သည်။