စစ်ကောင်စီ စစ်ကြောင်း လမ်းတွင် သုံးကြိမ် ခြုံခိုတိုက်ခိုက်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ မေလ ၁၆ ရက်။

တနင်္သာရီမြို့နယ် သိန္ဒောကျေးရွာ တပ်စခန်းမှ ညောင်ပင်ကွင်းကျေးရွာ တပ်ရင်းဆီသို့ ထွက်ခွာလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက လမ်းတွင်သုံးကြိမ် ခြုံခိုတိုက်ခိုက်ခဲ့သည်ဟု မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၁) ၏ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

အင်အား ၇၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းကို မေလ ၁၃ ရက်နေ့တွင် နှစ်ကြိမ်၊ မေလ ၁၄ ရက်နေ့တွင် တစ်ကြိမ် မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၁) နှင့် တောင်ပိုင်း ညီနောင်စစ်ကြောင်းတို့မှ စောင့်ကြို၍ ခြုံခိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သူ ပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦးက သိန္ဒောစခန်းထဲက ဒဏ်ရာရ စစ်သားတွေကို တပ်ရင်း ပြန်ပို့ဖို့ ထွက်လာတဲ့ စစ်ကြောင်းလို့ သိရတယ်။ လမ်းတစ်လျှောက်  သုံးကြိမ်ဖြတ်တိုက်တာပါ ဟု ပြောသည်။

မေလ ၁၃ ရက်နေ့ နံနက်ပိုင်းက ဘန်ကြုတ်ကျေးရွာအနီး ညောင်ပင်ကွင်းကျေးရွာရှိ ခမရ – ၅၆၁ တပ်ရင်းဘက် သို့ ဦးတည်သွားနေသည့် စစ်ကောင်စီ စစ်ကြောင်းကို ခြုံခိုချောင်းမြောင်းပစ်ခတ်ခဲ့ရာ မိနစ် ၄၀ ခန့် အကြာ အပြန်အလှန် ပစ်ခတ်မှု ပထမအကြိမ် ဖြစ်ပွားခဲ့သည်။

ညနေပိုင်းတွင်လည်း ဘန်ကြုတ်ကျေးရွာအနီးရှိ တောလမ်းတွင် အဆိုပါ စစ်ကောင်စီ စစ်ကြောင်းကို ထပ်မံ တိုက်ခိုက်ခဲ့သေးသည်ဟု တိုက်ခိုက်ရာ ပါဝင်ခဲ့သူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

တိုက်ခိုက်မှု နှစ်ကြိမ်အတွင်း စစ်ကောင်စီဘက်က အနည်းဆုံး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့များ ဘက်တွင်လည်း ၄ ဦး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။

မေလ ၁၄ ရက်နေ့၊ နံနက် ၈ နာရီခန့်တွင် ဘန်လင်ကျေးရွာ အနောက်ဘက်ရှိ ဆီအုန်းတောသို့ ထိုစစ် ကြောင်း ရောက်လာချိန် ထပ်မံမိုင်းဆွဲ၍ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အထိအခိုက် အကျအဆုံးရှိနိုင်ပြီး အရေ အတွက် အတိအကျကိုတော့ မသိရသေးဘူးဟု ဆိုကြသည်။

စစ်ကောင်စီ စစ်ကြောင်းက လမ်းတလျှောက်မှ ရွာသားလေးဦးကို လမ်းပြရန်အတွက် ဖမ်းဆီးခေါ်ဆောင်သွားပြီး နောက် ညောင်ပင်ကွင်းကျေးရွာ အခြေစိုက် ခမရ – ၅၆၁ တပ်ရင်း အရောက်တွင် ပြန်လွှတ်ပေးခဲ့သည်။

ဧပြီလ ၂၃ ရက်နေ့မှ စတင်ကာ သိန္ဒော စစ်ကောင်စီစခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက ပိတ်ဆို့ တိုက်ခိုက်နေခြင်း ဖြစ်ပြီး စခန်းကို စစ်ကူသွားနိုင်မည့် တပ်ရင်းတပ်ဖွဲ့ စစ်ကြောင်းများကိုလည်း ကြားဖြတ်တိုက်ခိုက်မှုများစွာ ပြုလုပ်ခဲ့ကြသည်။