စစ်ကောင်စီနှင့် ဆက်စပ်မှု ဆက်ရှိနေသော Non-CDM ဝန်ထမ်းများကို TNLA က အရေးယူမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၄ ခုနှစ်၊ မေလ ၁၆ ရက်။

တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA ထိန်းချုပ် ဒေသများ အတွင်းရှိ Non-CDM ဝန်ထမ်း များအား လက်ရှိ လုပ်ငန်းတာဝန်များ အားလုံးကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်၍ စစ်ကောင်စီအတွက် ဆက်လက် တာဝန် ထမ်းဆောင်နေမည် ဆိုပါက အပြစ်ပေးအရေးယူသွားမည်ဟု ထုတ်ပြန်လိုက်သည်။

TNLA ထိန်းချုပ်ထားသည့် နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မိုင်းငေါ့နှင့် မိုင်းလုံ စသည့် မြို့နယ် (၇) မြို့နယ် အပါအဝင် TNLA ထိန်းချုပ်ဒေသများအတွင်းရှိ Non-CDM ဝန်ထမ်းများ အားလုံး၏ လုပ်ငန်းတာဝန် များ အားလုံးကို ရပ်ဆိုင်းလိုက်ပြီဟု မေလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ထို့ ကြောင့် အဆိုပါ Non-CDM ဝန်ထမ်းများအနေဖြင့် စစ်ကောင်စီနှင့် ဆက်လက် ပူးပေါင်းပြီး တာဝန်ထမ်း ဆောင်နေမည် ဆိုပါက ဖမ်းဆီးအရေးယူသွားမည်ဟု TNLA က ဆိုသည်။

TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ လွေးယေဦးက ဒီအပြစ်ပေး အရေးယူမှုတွေနဲ့ ပတ်သက်ပြီး ထုတ် ဖော်ပြောဆိုမှုတော့ မရှိသေးဘူး ဟု ပြောသည်။

သို့သော် TNLA အနေဖြင့် Non-CDM များကို မည်သည့်ပုံစံဖြင့် မည်သို့ အရေးယူ အပြစ်ပေးသွားမည်ဆိုသည် ကိုမူ ထုတ်ပြန်ပြောဆိုထားခြင်းမျိုး မရှိသေးပေ။

ယခုကဲ့သို့ Non-CDM များကို လုပ်ငန်းတာဝန် ရပ်ဆိုင်းလိုက်သော်လည်း TNLA ၏ စီမံအုပ်ချုပ်မှု ယန္တရားကို မူ ထိခိုက်မှု မရှိနိုင်ဘူးဟု လွေးယေဦး ဆက်ပြောသည်။

လက်ရှိ Non-CDM တွေက ကျမတို့ကို ကူနေတာ မဟုတ်ဘူး။ စစ်ကောင်စီကို ကူနေတာ ဖြစ်တယ်။ စစ်ကောင်စီကို အကူအညီပေးနေတာ ဖြစ်လို့ စစ်ကောင်စီအတွက်ပဲ နေရာလစ်သွားတာ ဖြစ်တယ်။ အဲ့ဒါ ကြောင့် ကျမတို့အတွက် ဘာထိခိုက်မှုမှ ရှိမှာ မဟုတ်ဘူး။” 

၁၀၂၇ စစ်ဆင်ရေး ကာလနောက်ပိုင်း နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မိုင်းငေါ့နှင့် မိုင်းလုံ အစရှိသည့် မြို့တို့ကို TNLA က သိမ်းပိုက်ရရှိခဲ့ပြီး အုပ်ချုပ်ရေး ယန္တရားများ စတင်လည်ပတ်နေပြီ ဖြစ်သည်။

အဆိုပါ ဒေသများထဲ လက်ရှိတွင် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA ၏ စီမံအုပ်ချုပ်မှု ယန္တရားအောက်တွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကိုလည်း လက်တွေ့လုပ်ဆောင်နေပြီ ဖြစ်သည်ဟု လွေးယေဦးက ပြောသည်။

ဓါတ်ပုံ – PSLF/TNLA (TNLA အုပ်ချုပ်နယ်မြေအတွင်း လည်ပတ်နေပြီ ဖြစ်သော နမ္မတူဆေးရုံမှကျန်းမာရေး ဝန်ထမ်းများ)